မိုင်းတုံမြို့နယ် မုံးထဒေသ၌ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)နှင့် ရှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ(RCSS/SSA)တို့ ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်သေဆုံးထိခိုက်မှုရှိခဲ့သည်။
၀ တောင်ပိုင်းဒေသဟု ခေါ်ဆိုသည့် ၁၇၁ စစ်ဒေသ တပ်ဖွဲ့ဝင်များနှင့် RCSS တို့သည် ဧပြီ ၅ရက် နံနက်ပိုင်းမှစ၍ တိုက်ပွဲဖြစ်ခဲ့သည်ဟုဆိုသည်။

UWSA လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်၍ ၎င်း၏ Facebookမှတဆင့် သတင်းထုတ်ပြန်ခဲ့ရာ မုံးထဒေသ၌ တာဝန်ထမ်းဆောင်နေသည့် UWSA တပ်ဖွဲ့ဝင် ၁၈ဦး စခန်းချရာနေရာအား RCSS တပ်မှ အင်အား ၂၀ခန့်က ဝင်ရောက်လာပြီး စတင်ပစ်ခတ်၍ UWSA တပ်ဖွဲ့ဝင် တစ်ဦး ကျဆုံးခဲ့သည်ဟု ဖော်ပြထားသည်။

ထို့နောက် UWSA က နယ်မြေရှင်းလင်းရေးအတွက်အပြန်အလှန်တိုက်ပွဲဖြစ်ပွါးခဲ့ရာ RCSSဘက်မှ ငါးဦးကျဆုံးပြီး UWSA တပ်မှနှစ်ဦး ဒဏ်ရာရခဲ့ကြောင်း၊ RCSSထံမှ လက်နက်ငယ် ၆လက်ရရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

Public Service Announcement

အဆိုပါ တိုက်ပွဲဖြစ်စဉ်အပေါ် RCSSက တရားဝင် သတင်းထုတ်ပြန်မှုမရှိသေးပေ။သို့ရာတွင် RCSS တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ရှမ်းသံတော်ဆင့်သို့ ဖြေကြားရာတွင် UWSA ဘက်က စတင်ထိုးစစ်ဆင်၍ တိုက်ပွဲဖြစ်ပွားသည်ဟု ဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ရက်ကလည်း လွယ်မန်ထုံကြားခံနယ်မြေအတွင်းသို့RCSS အဖွဲ့မှ ဝင်ရောက်ပြီး စနိုက်ပါဖြင့်ခြောင်းမြောင်းပစ်ခတ်၍ UWSA တပ်ဖွဲ့ဝင် တစ်ဦး ကျဆုံးခဲ့ကြောင်း၊ အပြန်အလှန် ပစ်ခတ်မှု ခဏသာဖြစ်ပွားခဲ့ပြီး အင်အားသုံး ပြန်လည်လက်တုံ့ပြန်ခြင်းမပြုခဲ့ကြောင်း UWSA လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားထား သည်။
RCSSနှင့် UWSA နှစ်ဖွဲ့လုံးသည် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီနှင့်ထိတွေ့ဆက်ဆံနေသည့် လက်နက်ကိုင်တပ်ဖွဲ့ များဖြစ်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ခုခံတော်လှန်စစ်တွင် ပါဝင်ဆောင်ရွက်ခြင်း မတွေ့ရသေးပေ။


















































