မုံရွာမြို့တွင် PDF ပြောက်ကျားအဖွဲ့များမှအကြမ်းဖက်စစ်ကောင်စီတပ်စွဲထားသောနေရာနှင့် ကင်းပုန်းဝတ်သောနေရာများ စုစုပေါင်းလေးနေရာအား လက်ပစ်မိုင်းများဖြင့် သင်္ကြန်အကြိုနေ့လက်ဆောင်အဖြစ် ဖောက်ခွဲခဲ့ကြောင်း Unity Force Monywa အဖွဲ့က သတင်းထုတ်ပြန်သည်။
ယနေ့နံနက် (၈) နာရီမှ (၁၂)နာရီအတွင်း မုံရွာမြို့ရှိ ဆည်မြောင်းရုံး၊ အမှတ်(၂) ရဲစခန်း၊အမှတ်(၆) စာသင်ကျောင်းအနီးကင်းပုန်းဝတ်နေသော နေရာနှင့် TTC ကျောင်းအနီးကင်းပုန်းဝတ်နေသော နေရာများအား လက်ပစ် မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Unity Force Monywa နှင့် Brother defense Force မဟာမိတ်အဖွဲ့က သတင်းထုတ်ပြန်သည်။

ဆည်မြောင်းရုံးနှင့် အမှတ်(၂)ရဲစခန်းဘက်မှ ပြန်လဲပစ်ခတ်ခဲ့သော်လည်း ရဲဘော်များ ဘေးကင်းလုံခြုံစွာဖြင့် ဆုတ်ခွါနိုင်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှု မသိရသေးကြောင်း၊မိဘပြည်သူများအနေဖြင့် သင်္ကြန်ကာလအတွင်း မိမိအိမ်အတွင်း နေထိုင်ကြပါရန် ထပ်မံ မေတ္တာရပ်ခံအပ်ကြောင်း Unity Force Monywa အဖွဲ့က အသိပေးသည်။
“သင်္ကြန်ကာလအတွင်းမှာ လုံးဝလုံးဝ အပြင်မထွက်ဖို့တားချင်ပါတယ်။ ဒီသင်္ကြန်ကာလမပြီးမချင်းမထွက်ပါနဲ့။ စာတွေလည်းထုတ်ပြန်ထားပါတယ်။ ပြည်သူတွေ ပူးပေါင်းပါဝင်ပေးပါလို့ပဲ ပြောချင်ပါတယ်။”ဟု Unity Force Monywa အဖွဲ့ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement
ယနေ့နံနက်ပိုင်းကလည်း မုံရွာမြို့ အာဇာနည်လမ်းတွင် အမှတ်၂ရဲစခန်းမှ ကားတစ်စီးအား မုံရွာခရိုင်တပ်ရင်း၂၏ အထူးကွန်မန်ဒိုတပ်ဖွဲ့မှ လိုက်လံ ပစ်ခတ်သုတ်သင်ရာ ကားမှာ ဘီးပေါက်သွားပြီး ကားပေါ်ပါ ရဲသား ၂ဦး အနက်တစ်ဦး သေဆုံးပြီး ကျန်တစ်ဦးမှ ပြန်လည် ပစ်ခတ်သဖြင့် ဆုတ်ခွာလာခဲ့ကြောင်း Monywa The Boys အဖွဲ့က သတင်းထုတ်ပြန်ထားသည်။
မုံရွာမြို့တွင် အကြမ်းဖက်စစ်ကောင်စီ၏ အတုအယောင်ဟန်ပြသင်္ကြန်အား ပါဝင်ဆင်နွှဲခြင်းမပြုရန် ဒေသတွင်းအခြေစိုက်ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတိပေးထားသည်။


















































