ကရင်ပြည်နယ် လေးကေ့ကော် မြို့သစ်အနီး ကျူးကျော်ရန် ကြိုးပမ်းလာသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကော်ဘရာစစ်ကြောင်း ယမန်နေ့ညက လေးနာရီကျော်ကြာတိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ထိခိုက်သေဆုံးပြီးမှုများစွာဖြင့် ပြန်လည်ဆုတ်ခွာသွားရကြောင်း ကော်ဘရာစစ်ကြောင်းက ယနေ့ ထုတ်ပြန် သည်။
သင်္ကြန် အကျနေ့ (ယမန်နေ့) ည ၁၀ နာရီ ၅၅ မိနစ်မှ စတင်ကာ လေးကေ့ကော်မြို့သစ်အနီး ကော်ဘရာစစ်ကြောင်းမှ လုံခြုံရေးရယူထားသော တောင်ကုန်းများအပေါ်သို့ အကြမ်းဖက်စစ်ကောင်စီမှ ကျူးကျော်ရန် ကြိုးစားလာခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဖက်မှ အမြှောက်လက်နက်ကြီးများ တရစပ်ပစ်ခတ် ပစ်ကူပေးခဲ့သော် လည်း ကော်ဘရာစစ်သည်များ၏ ရွတ်ရွတ်ချွံချွံ ခုခံ တိုက်ခိုက်နိုင်ခဲ့မှုကြောင့် မြန်မာသင်္ကြန် အကြတ်နေ့ ယနေ့ နံနက် ၃နာရီခွဲခန့်အချိန်တွင် အကြမ်းဖက် စစ်ကောင်စီတပ်များ အထိအခိုက်အကျအဆုံး များပြားစွာဖြင့် ပြန်လည် ဆုတ်ခွာခဲ့ရသည်ဟု အသိပေးသည်။
“စစ်ကြောင်းသုံးခုလောက်နဲ့ခွဲတက်လာတာ။ယှဥ်ပစ်ရတာ။တော်တော့်ကို နီးတယ် အလွန်ဆုံးကွာ ပေ ၁၀၀ ပဲ။စခ တွေသေတာများလောက်တယ်။လူဆွဲသွားတဲ့လမ်းကြောင်းတွေအများကြီး”ဟု လေးကေ့ကော်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက People’s Springသို့ ပြောသည်။
တိုက်ပွဲမှာ ညအချိန်ဖြစ်သဖြင့် အကြမ်းဖက် စစ်ကောင် စီ၏ ထိခိုက်သေဆုံးမှု ပမာဏကို အတည်မပြုနိုင်သော်လည်း ကော်ဘရာစစ်သည်များ ထိခိုက်၊ ကျဆုံး မရှိခဲ့ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။
အကြမ်းဖက် စစ်ကောင်စီ၏ စစ်အသုံးအဆောင်များနှင့် ကျည်ဆန်များ သိမ်းဆည်းရမိပါကြောင်းလည်း သတင်းဓါတ်ပုံနှင့်တစ်ကွ ကော်ဘရာစစ်ကြောင်းကထုတ်ပြန်သည်။