ကြာအင်းဆိပ်ကြီးမြို့နယ် ကျုံခဝန်ကျေးရွာက ရေကစားမဏ္ဍပ်မှာ မနေ့ည ၁၂ နာရီအချိန်ခန့်က မိုင်းတစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထိခိုက်မှုမရှိဘူးလို့ ဝင်းရော်ဒေသနွေဦးတော်လှန်ရေးလှုပ်ရှား လူငယ်တွေအဖွဲ့က ဒီကနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
“မဏ္ဍပ်က မနေ့ညနေကမှ ဆောက်လိုက်တာ။ အဲ့မှာပေါက်တာ တိုင်ကီတလုံးပိန်ချိုင့်သွားတယ်”လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
မနေ့ညက ကျုံခဝန်ရေကစားမဏ္ဍပ်မှာ ဗုံးပေါက်ကွဲခဲ့ပေမယ့် ဒီကနေ့မှာလည်း ဆက်လက်စည်ကားနေတယ်လို့ ဝင်းရော်ဒေသနွေဦးတော်လှန်ရေးလှုပ်ရှား လူငယ်တွေအဖွဲ့ထံကနေ သိရပါသေးတယ်။

ရေကစားမဏ္ဍပ်တွေမှာ စစ်ကောင်စီနဲ့ လက်ဝေခံတွေက ဗုံးဖောက်ခွဲတာ၊ အကြမ်းဖက်တိုက်ခိုက်တာတွေကို ပြည်သူ့တော်လှန်ရေးအင်အားစုက လုပ်ဆောင်နေသယောင် ပုံဖော်ပြုလုပ်တာတွေ ဖြစ်ပွားနေတာကို သတိပြုကြဖို့ လိုအပ်တယ်လို့ ဝင်းရော်ဒေသနွေဦးတော်လှန်ရေးလှုပ်ရှား လူငယ်တွေအဖွဲ့က ဆိုပါတယ်။

Public Service Announcement
ပြည်သူ့တော်လှန်ရေးအင်အားစုတွေအနေနဲ့ ပြည်သူကိုထိခိုက်စေလိုတဲ့ သဘောဆန္ဒအလျင်းမရှိပဲ ပြည်သူလူထုကို ထိခိုက်စေလိုတဲ့ စစ်အာဏာရှင်ရဲ့လှည့်ကွက်ထဲမှာ မဝင်ရောက်မိစေဖို့ အထူးသတိထားရမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြည်သူလူထုရဲ့ လုံခြုံရေးအ၀၀ကို စိုးရိမ်ပူပန်လျက်ရှိပါကြောင်းနဲ့ စစ်ကောင်စီရဲ့သင်္ကြန်ပွဲတော်မှာ ပူပေါင်းပါဝင်းခြင်းမပြုလုပ်ကြဖို့ ဝင်းရော်ဒေသနွေဦးတော်လှန်ရေးလှုပ်ရှား လူငယ်တွေအဖွဲ့က တိုက်တွန်းထားပါတယ်။
အခုနှစ်ကျရောက်တဲ့ သင်္ကြန်ပွဲတော်ဟာ နိုင်ငံ့အာဏာကိုမတရားလုယူထားတဲ့ စစ်ကောင်စီလက်ထက်မှာ ကျင်းပတဲ့ပွဲတော်ဖြစ်ပြီး စစ်ကောင်စီရဲ့ရက်စက်ယုတ်မာမှုကြောင့် အိုးအိမ်စွန့်ခွာရပြီး စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေ၊ ဖက်ဒရယ်ဒီမိုကရေစီခရီးလမ်း အာဏာရှင်စနစ်ဆန့်ကျင်တောလှန်ရေးခရီးလမ်းမှာ ပေးဆပ်ခဲ့ရတဲ့ ပြည်သူလူထုကို ထောက်ထားငဲ့ညာတဲ့အနေနဲ့ နိုင်ငံတစ်ဝှမ်းလုံးက ပြည်သူတွေဟာ တော်လှန်သင်္ကြန် အသံတိတ်သင်္ကြန်ဖြင့် စစ်ကောင်စီရဲ့ သင်္ကြန်ပွဲတော်မှာ ပါဝင်ပူးပေါင်းခြင်းမပြုပဲ ဆန့်ကျင်သပိတ်မှောက်လျက်ရှိနေတာဖြစ်ပါတယ်။


















































