မကွေးတိုင်း ပေါက်မြို့နယ် ပုတီးကျေးရွာမှ နေအိမ်များကို စစ်ကောင်စီ၏ အမှတ် (၂၂)ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ(ကပစ-၂၂)မှ တပ်သားများက တမင်လာရောက်၍ မီးရှို့ခဲ့ကြောင်း ဒေသခံက ပြော သည်။
ကပစ (၂၂)မှ စစ်ကောင်စီတပ်သား ၁၃ဦးသည် ဧပြီ ၁၉ရက် ညနေ ၅နာရီခွဲတွင် ဆိုင်ကယ်များဖြင့် လာရောက်၍ မီးရှို့သွားခြင်းဖြစ်သည်ဟု ဆိုသည်။
“ကပစ (၂၂)ကနေ ထွက်လာပြီး တပ်သားတွေက ရှို့တာ။ ဆိုင်ကယ် ၆စီး၊ စစ်သားက ၁၃ယောက် ပေါ့။ အဲဒီမှာ ဝင်လာပြီး သေနတ်တွေဖောက်ပြီး မီးရှို့တာ။ စစ်ကြောင်းထိုးရင်းနဲ့ မဟုတ်ဘူး။ ကပစကနေ ထွက်ပြီး သပ်သပ်ကိုလာရှို့တာ။ အိမ်ခြေကတော့ ၆၀ကျော်လို့ ကြားထားတယ်။ သေချာတော့ မရေရသေးဘူးပေါ့ဗျာ” ဟု ဒေသခံက ပြောသည်။
ပေါက်မြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်များက မီးရှို့ဖျက်ဆီးမှုများ ဆက်တိုက်ပြုလုပ်နေရာ ယခု ဧပြီ ၇ရက်မှ ၂၀ရက်အတွင်း ရွာပေါင်း ၁၅ရွာကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ ပေါက်နှင့် ဆက်စပ်နေသည့်ဆိပ်ဖြူ၊ ပခုက္ကူ မြို့နယ်များမှ ကျေးရွာအချို့လည်း မီးရှို့ဖျက်ဆီးခံခဲ့ရသည်။
စစ်ကောင်စီတပ်များသည် ကျေးရွာများကိုသာမက ဒေသခံများ တိမ်းရှောင်ရာ တောထဲရှိ တဲများကိုပါ မီးရှို့ဖျက်ဆီးခဲ့၍ စစ်ရှောင်ပြည်သူများ အခက်အခဲများစွာကြုံနေရသည်ဟု ဆိုသည်။
အကြမ်းဖက်စစ်ကောင်စီတပ်၏ ရန်ကြောင့် ကျေးရွာများမှ ထွက်ပြေးတိမ်းရှောင်နေရသည့် ရွာများစွာရှိ၍ လူဦးရေ အရေအတွက်ကိုပင် မခန့်မှန်းနိုင်ဟု ဒေသခံက ပြောသည်။