●စစ်ကောင်စီ၏ဒရုန်းကိုပူးပေါင်းတပ်ကပစ်ချပြီးအထိ့နာနေသောစစ်ကောင်စီကလေယာဥ် ၂ စင်းအသုံးပြုတိုက်ခိုက် ၊ကျေးရွာများကို မီးရှို့ဖျက်ဆီး
ကလေးမြို့တောင်ပိုင်း ရှားဖိုရွာတွင် မေ ၂ ရက်မှ စ၍တိုက်ပွဲများပြင်းထန်နေရာ အကြမ်းဖက်စစ်ကောင်တပ်ဘက်မှ အကျအဆုံးများလာပြီးအထိ့နာပြီးနောက်တိုက်ခိုက်ရေး ရဟတ်ယာဉ် ၂ စင်းအသုံးပြု၍ဗုံးကျဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံကာကွယ်ရေးတပ်များကပြောသည်။
နှစ်ရက်ဆက်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ အနည်းဆုံးငါးဦးသေဆုံးပြီး လက်နက်လေးလက်ကိုလည်း ပူးပေါင်းPDFအဖွဲ့များကသိမ်းဆည်းနိုင်ခဲ့သည်။
အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်း အင်အားရာနှင့်ချီ၍ ကျော်သည် မေလ (၂) ရက်နေ့မှစ၍ခြေလျင်တက်လာပြီး ရှားဖိုရွာသို့လက်နက်ကြီးများဖြင့် နေ့ရောညပါပစ်ခတ်ပြီး ရွာ၏တောင်ဖက်၊ အနောက်ဖက်နှင့် မြောက်ဖက်တို့မှ စစ်ကြောင်း(၃)ကြောင်းခွဲကာ ထိုးစစ်ဆင်နေခြင်းဖြစ်သည်။ စစ်ကောင်စီ စစ်ကြောင်းကို CDF-KKG၊ PDF-Kalay၊ CNDF၊ RKDF နှင့် ပကဖတို့က ပူးပေါင်း၍ ခုခံတိုက်ခိုက်ခဲ့ကြောင်း ချင်းဒေသကာကွယ်ရေးတပ်(ကလေး-ကဘော်-ဂန့်ဂေါ)CDF-KKG ကထုတ်ပြန်သည်။

Public Service Announcement

ပူးပေါင်းတပ်ဖွဲ့များမှ နှစ်ရက်ဆက် ပြန်လည်ခုခံတိုက်ခိုက်ရာ စစ်ကောင်စီမှ အကျအဆုံးများလာမှုကြောင့် ဗုံးသီးတပ်ဆင်ထားသည့် ဒရုန်းဖြင့်တိုက်ခိုက်လာရာ အဆိုပါဒရုန်းကို ပူးပေါင်းတပ်ဖွဲ့မှ ပစ်ချနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။
ထို့နောက်ယနေ့ ညနေ ၃နာရီအချိန်တွင် ကလေးမြို့မှ တိုက်ခိုက်ရေး ရဟတ်ယာဥ်နှစ်စင်းဖြင့် နှစ်ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်လာပြီး မြေပြင်စစ်ကြောင်းမှ တရစပ်တိုးဝင် ချဉ်းကပ်ပစ်ခတ်လာမှုကြောင့် ပူးပေါင်းတပ်ဖွဲ့မှ ညနေ၄ နာရီခန့်တွင် ဆုတ်ခွာခဲ့ရသည်ဟု အသိပေးထားသည်။
“ရှားဖိုတိုက်ပွဲက မနေ့မနက်ကနေ စပြီး မနားတမ်းပစ်ခတ်ခဲ့တယ်။သတင်းကောင်းတစ်ခုက စစ်ကောင်စီတပ်လွှတ်လိုက်တဲ့ ဗုံးသီးပါတဲ့ ဒရုန်းတစ်စင်းကို ပစ်ချနိုင်တာနဲ့ မနေ့ညကနေ ဒီနေ့အထိ ကိုယ့်ဖက်က ထိခိုက်ဒဏ်ရာရတာမရှိသေးဘူး”ဟု CDF- KKG တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ယမန်နေ့တိုက်ပွဲတွင် ပူးပေါင်းတပ်ဖွဲ့မှ အကျအဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ပြီးနောက် ညနေ ၅နာရီခန့်တွင် စစ်ကောင်စီနှင့် ပျူစောထီးများ ရှားဖိုရွာအတွင်းသို့ဝင်ရောက်ကာ လူနေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်းဒေသခံများကပြောသည်။

ရှားဖိုရွာတိုက်ပွဲ နှစ်ရက်တာအတွင်း ပထမနေ့၌ စစ်ကောင်စီတပ်မှ ငါးဦးထက်မနည်းသေဆုံးပြီး ၊ ပူးပေါင်းတပ်ဖွဲ့မှ လက်နက်လေးလက် သိမ်းဆည်းရမိကာ ဒုတိယနေ့(မေ ၃ ရက်)တိုက်ပွဲတွင် စစ်ကောင်စီဖက်မှ ထိခိုက်သေဆုံးမှုအရေ အတွက်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ထိုအပြင်အကြမ်းဖက်စစ်ကောင်စီတပ်သည်ယနေ့တွင် အရှေ့စည်းကျေးရွာရှိ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းမှလွဲ၍ နေအိမ်များအားလုံးနီးပါးကို ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံများကပြောသည်။ တိုက်ပွဲများဖြစ်ပွားနေသော ဒေသခံများထွက်ပြေးတိမ်းရှောင်နေရပြီး အကြမ်းဖက်စစ်ကောင်စီတပ်များ ကျေးရွာအတွင်းရှိ တန်ဖိုးကြီး ပစ္စည်းများကို ခိုးယူပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးနေသည်။
ယခုအခါ ကလေးမြို့တောင်ပိုင်းကို စစ်ကောင်စီတပ်က အင်တာနက်နှင့်ဖုန်းလိုင်းများဖြတ်တောက်ထားသည်။စစ်ကောင်စီတပ်သည် ကလေးမြို့နယ်တောင်ပိုင်းရှိ အရှေ့စည်းရွာကိုမေ ၁ ရက်မှစတင် အကြမ်းဖက်ခဲ့ပြီး ၊ရှာဖိုရွာကို မေ ၂ ရက်မှစတင် အကြမ်းဖက်ခဲ့ခြင်းဖြစ်သည်။


















































