Connect with us

Hi, what are you looking for?

News

မင်းတပ် – မတူပီလမ်း၌ တိုက်ပွဲဆက်ဖြစ်

ပြည်သူများအနေဖြင့်လည်း မင်းတပ် CDF အတွက် ဆုတောင်းပေးကြရန်နှင့် ထောက်ပံ့ကူညီပံ့ပိုးမှုများပြုလုပ်ပေးကြရန် မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူက တိုက်တွန်းထားသည်။

▪️အနီးကပ်ပစ်ခတ်မှု၊မိုင်းဆွဲတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီအထိနာဟု မင်းတပ် CDF ပြော
▪️စစ်ကောင်စီတပ်အနေဖြင့် ယခင်ခရီးစဉ်များထက် သေဆုံးထိခိုက်မှု၊ ဆုံးရှုံးမှု ပိုရင်ဆိုင်စေရမည်ဟု ကြိမ်းဝါး

ချင်းပြည်နယ် မတူပီမြို့မှ မင်းတပ်မြို့သို့လာသည့် စစ်ကောင်စီတပ်နှင့် မင်းတပ်ချင်းဒေသကာကွယ်ရေးတပ် (CDF)တို့ ယနေ့ မွန်းလွဲ ၃နာရီခွဲတွင် တိုက်ပွဲဆက်လက်ပြင်းထန်နေသည်ဟု မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောသည်။

မတူပီမြို့မှ ဧပြီ ၂၇ရက်တွင် ထွက်ခွာလာသည့် စစ်ကောင်စီတပ်ကို မတူပီ CDF၊ မင်းတပ် CDF တို့က ပျောက်ကြားစနစ်ဖြင့် ကြားဖြတ်တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့၍ မိုင် ၁၀၀ကျော်သာဝေးသည့် ခရီးကို ၉ရက်ကြာသည်အထိ မရောက်နိုင်သေးဘဲ ဖြစ်နေသည်။

စစ်ကောင်စီတပ်သည် ယနေ့တွင်လည်း မတူပီ – မင်းတပ်လမ်း မိုင် ၅၀နှင့် ၄၀ အကြား၌ ရှိနေကြောင်း၊ နေ့လည် ၂နာရီခန့်မှစ၍ တင့်ကား၊ လက်နက်ကြီးတို့ဖြင့် လမ်းမနှင့်တောအုပ်တစ်လျှောက် ပစ်ခတ်ပြီး ရှေ့ဆက်တိုးလာကြောင်း ၊မွန်းလွဲ ၃နာရီခွဲ အချိန်တွင် တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားနေကြောင်း မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ၎င်း၏ Ha Om အမည်ရှိ Facebook အကောင့်မှ တစ်ဆင့်အသိပေးထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ယာဉ်တန်း မင်းတပ် CDF လှုပ်ရှားနယ်မြေထဲသို့ ဝင်လာကတည်းက တိုက်ခိုက်မှုများ နေ့စဉ်လိုလို ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်မှ ၉ဦး သေဆုံးသည်ကို အတည်ပြုနိုင်ကြောင်း၊ ယင်းအရေအတွက်ထက် ပိုသည့် သေဆုံးထိခိုက်မှုများရှိနိုင်ကြောင်း ဆလိုင်းဟာအွမ် က People’s Spring သို့ ပြောသည်။

“ယာဉ်တန်းကို အနီးကပ် ချောင်းမြောင်းပစ်ခတ်လို့ သေဆုံးသွားတဲ့ လူစာရင်းကိုပဲ အတိအကျ ဖော်ပြနိုင်တယ်။ ကျွန်တော်တို့ ဖော်ပြထားတာ အခုဆိုရင် ၉ယောက်ပဲရှိတယ်။ ဒဏ်ရာအများအပြားရတယ်။ တကယ်တန်းက မိုင်းကွင်းထဲကို ရောက်သွားတယ် မိုင်းတွေခွဲတာမှာ ဘယ်လောက် အသေအဆုံးရှိတယ်ဆိုတာ ကျွန်တော်တို့က အတည်မပြုနိုင်လို့ မပြောထားတာ။ အများအပြားသေမယ်လို့ယူဆတယ်”ဟု ဆလိုင်းဟာအွမ်က ပြောသည်။

ထို့အပြင် လာမည့်ရက်များ၌ တိုက်ပွဲများပိုမိုပြင်းထန်လာနိုင်ကြောင်း ၎င်းက ဆိုသည်။
စစ်ကောင်စီယာဉ်တန်းသည် မင်းတပ် – မတူပီလမ်းကို အသွားအပြန် ဖြတ်သန်းမှု သုံးကြိမ်ရှိပြီး စစ်ကောင်စီတပ် ဖြတ်သန်းချိန်တိုင်း မင်းတပ် CDF၏ တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ် အကျအဆုံးများစွာ ရင်ဆိုင်ခဲ့ရကြောင်း ဆလိုင်းဟာအွမ်က ပြောသည်။

“အခုလည်းဒီလိုပါဘဲ။ မေလဆိုပေမဲ့ ပုံမှန်မဟုတ်တဲ့ဆိုးရွားလှတဲ့ရာသီဥတုကို CDF-Mindat ရဲဘော်တွေဟာ ကြံ့ကြံ့ခံ အန်တုပြီး စကစ တွေကို တိုက်ခိုက်နေရပါတယ်။ CDF -Mindat ရဲ့ချုံခိုတိုက်ခိုက်မှု၊ မိုင်းခွဲတိုက်ခိုက်မှု၊အနီးကပ် တိုက်ခိုက်မှုတွေကြောင့် စကစ တွေ အတုန်းအရုန်း သေဆုံးပြီးအများအပြား ထိခိုက်ဒဏ်ရာတွေနဲ့ ရင်ဆိုင်နေရလို့မင်းတပ်မြို့ပေါ် (၂၇၄) တပ်ရင်းကနေ တာဝေးပစ်လက်နက်ကြီးတွေနဲ့ ရွာတွေထဲထိပစ်ကူခဲ့ရတဲ့အထိပါ ။ဒါတောင် စကစတွေ မိုင်တိုင် ၅၀ အထိပဲရောက်သေးတာပါ။ နောက်ရက်တွေမှာ တိုက်ပွဲ ပိုပြင်းထန် အုံးမှာပါ”ဟု ဆလိုင်းဟာအွမ်က ၎င်း၏ Facebook တွင်ရေးသားထားသည်။

ယခု တစ်ခေါက် စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ရန် ပိုမိုပြင်ဆင်ထား၍ စစ်ကောင်စီတပ်များ ယခင်ထက် ဆုံးရှုံးမှုများ ပိုရင်ဆိုင်ရမည်ဟု ဆလိုင်းဟာအွမ်က ပြောသည်။

ပြည်သူများအနေဖြင့်လည်း မင်းတပ် CDF အတွက် ဆုတောင်းပေးကြရန်နှင့် ထောက်ပံ့ကူညီပံ့ပိုးမှုများပြုလုပ်ပေးကြရန် မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူက တိုက်တွန်းထားသည်။

ထို့ပြင် မင်းတပ် CDFနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲသတင်းများကို သတင်းဌာနများ ဖော်ပြရာ၌ သေချာစိစစ်ပြီး မင်းတပ် CDFတာဝန်ရှိသူများအား မေးမြန်းပြီးမှ ဖော်ပြရန်လည်း ဆလိုင်းဟာအွမ်က ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က ၃ရက်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း ဒေသခံက အသိပေးထားပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။