Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်​ကောင်စီ၏သံဃာအပါးတစ်​သောင်းကျော်ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့်ဘာသာ​ရေးကိုဟန်ပြအသုံးချမှုကိုသပိတ်​မှောက်ရန်သံဃသမဂ္ဂ(မန္တလေး)တိုက်တွန်း

သံဃသမဂ္ဂ (မန္တလေး)က သံဃာထုတစ်ရပ်လုံးသို့ မေတ္တာရပ်ခံပန်ကြားချက်တစ်စောင်စား ယနေ့ မေလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

(​နွေဦး​တော်လှန်​ရေးတွင် သံဃာ​တော်များက ပြည်သူနှင့်အတူရပ်တည်၍ စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်သပ်တ်​မှောက်စဥ် ။ ။ဓါတ်ပုံ-AFP)

ပြည်သူ့နှင့်အိမ်များသတ်ဖြတ်မီးရှို့ခံ​နေရပြီးပရိ​ဒေဝမီး​တောက်​လောင်​နေချိန် စစ်​ကောင်စီ၏မစင်ကြယ်သောလှူဖွယ်ပစ္စည်းလက်မခံသင့်

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီက ပြုလုပ်မည့် ကဆုန်လပြည့်နေ့ သံဃာ ၁၀၀၀၀ ကျော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို သပိတ်မှောက်ဆန့်ကျင်ကြရန်နှင့် အကြမ်းဖက်စစ်ကောင်စီ၏ သာသနာကို ကြည်ညိုယောင် ဟန်ပြအသုံးချနေမှုများကို ပူးပေါင်းဆောင်ရွက်ခြင်းမပြုကြဘဲ သပိတ်မှောက် ငြင်းပယ်ကြပါရန် သံဃာထုတစ်ရပ်လုံးသို့ သံဃသမဂ္ဂ(မန္တလေး)က မေတ္တာရပ်ခံသည်။

သံဃသမဂ္ဂ (မန္တလေး)က သံဃာထုတစ်ရပ်လုံးသို့ မေတ္တာရပ်ခံပန်ကြားချက်တစ်စောင်စား ယနေ့ မေလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါပန်ကြားချက်တွင် လာမည့်ကဆုန်လပြည့်နေ့၌ ကျင်းပမည့် အကြမ်းဖက်စစ်ကောင်စီ၏ သံဃာ ၁၀၀၀၀ ကျော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို သပိတ်မှောက်ဆန့်ကျင်ကြရန် ဦးတည်တိုက်တွန်းလျှောက်ထားခဲ့သည်။

Public Service Announcement

Public Service Announcement

လက်ရှိအချိန်တွင် နိုင်ငံတော်အာဏာကို မတရားလုယူ သိမ်းပိုက်ထားသည့် အကြမ်းဖက်စစ်ကောင်စီသည် အာဏာတည်မြဲရေးအတွက် ပြည်သူလူထုကိုအဆုံးစွန်ရက်စက်သောနည်းများကိုအသုံးပြုပြီး၊ မြေလှန်စနစ်ကိုကျင့်သုံးကာ လူထုကိုပစ်ခတ်သတ်ဖြတ်ခြင်း၊ ရပ်ရွာလူနေအဆောက်အဦများနှင့်ပြည်သူပိုင်ပစ္စည်းများကို မီးရှို့ဖျက်ဆီးခြင်းအတင်းအဓမ္မခိုးဝှက်လုယူသိမ်းပိုက်ခြင်း၊ကလေးသူငယ်များအပါဝင် အမျိုးသမီးများကိုပါဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်း၊ အဓမ္မပြုကျင့်ခြင်း၊ဒေသခံပြည်သူလူထုကို ဓားစာခံဖမ်းဆီးပြီးလူသားဒိုင်းအဖြစ်အသုံးချခြင်း၊ဘုရားကျောင်းကန်များကို စစ်အခြေစိုက်စခန်းများအဖြစ်အသုံးချ တပ်စွဲနေထိုင်ခြင်း၊ ဘုရားစေတီနှင့်ဘုန်းကြီးကျောင်းစာသင်ကျောင်းများကိုပါ ဖျက်ဆီးမီးရှို့ခြင်း၊ရဟန်းသာမဏေများကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်း၊လေကြောင်းကိုပင်အသုံးပြုလျှက် အရပ်သားပြည်သူများ ကျေးရွာများနှင့် စစ်ဘေးရှောင်စခန်းများကို လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ဖြိုခွင်းခြင်းများ၊ ဥပဒေမဲ့အကြမ်းဖက်မှုများ၊ လူ့အခွင့်ရေးချိုးဖောက်မှုများ၊ကုလသမဂ္ဂနှင့် နိုင်ငံတကာမှ ချမှတ်ထားတဲ့ စည်းမျဥ်စည်းကမ်းများကို ဖောက်ဖျက်ပြီး စစ်ရာဇဝတ်မှုများကျူးလွန်လျက်ရှိသည်ဟု သံဃသမဂ္ဂ (မန္တလေး)၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

နိုင်ငံရေးအကျပ်အတည်းထဲ ကျရောက်နေသောစစ်ကောင်စီသည် ထွက်ပေါက်ရှာသည့်အနေဖြင့်ပြည်သူလူထုကို အရက်စက်ဆုံးနည်းလမ်းများ အသုံးပြုကာစစ်ရာဇဝတ်မှုများကျူးလွန်နေပြီး၊ အခြားတဖက်တွင် ဘာသာရေးအခမ်းအနားများပြုလုပ်ပြီး သာသနာပြုနေသယောင် ဘာသားရေးနှင့် ဘာသာရေးခေါင်းဆောင်များကို အသုံးချနေခြင်းသာဖြစ်ပါသည်ဟု သံဃသမဂ္ဂ (မန္တလေး)က မိန့်ဆိုသည်။

လူမျိုးရေးအဓိကရုဏ်းများဖန်တီးဖို့ကြိုးစားနေသလို တိုင်းရင်းသားများနှင့် ဗမာပြည်သူလူထုအကြားသွေးခွဲဖို့ကြိုးပမ်းလာနေတာကိုလည်းတွေ့ရှိရကြောင်း၊ သမိုင်းတစ်လျှောက်တွင်လည်း သံဃာထုသည်ပြည်သူလူထု၏ရှေ့မှ မားမားမတ်မတ်ရပ်တည်ကာ မတရားမှုများကို ဆန့်ကျင်တွန်းလှန်ခဲ့ကြသည့်အလျောက် နိုင်ငံ၏ ပကတိအခြေနေမှန်များကို နားလည် သဘောပေါက်၍ စစ်အာဏာရှင်များ၏အသုံးချခံအဖြစ်သို့မရောက်ရှိရန် မျက်စိကြီးကြီး နားကြီးကြီးထားဖို့ အထူးလိုအပ်ကြောင်း သံဃသမဂ္ဂ (မန္တလေး)က မိန့်သည်။

ပြည်သူလူထုတစ်ရပ်လုံး အတိဒုက္ခရောက်ချိန်တွင် သံဃာထုက မိမိတို့နှင်မသက်ဆိုင်သကဲ့သို့ လျစ်လျူရှုနေခြင်းမျိုး လုံးဝမဖြစ်သင့်ပါ၊ အထူးသဖြင့် စစ်အာဏာရှင်များကို အားပေးထောက်ပံ့ရာရောက်မည့် ကိစ္စမှန်သမျှကို အသိကြီးကြီးထား၍ ရှောင်ရှားသင့်ပါကြောင်း သံဃသမဂ္ဂ (မန္တလေး)က ရေးသားထားသည်။

“ကျေးရွာတွေမှာ မိမိတို့မိသားစုဝင်တွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ဖျက်ဆီးခံနေရပြီး သောက ပရိဒေဝ ဒုက္ခပင်လယ် ဝေနေကြတဲ့အချိန်မှာ ကျူးလွန်သူတွေ မတရားနည်းနဲ့ ရယူထားတဲ့ မသန့်ရှင်းတဲ့ ပစ္စည်းလှူဒါန်းမှုကို လက်ခံရယူဖို့ မသင့်တော်ဘူးလို့ယူဆမိပါတယ်။”ဟု သံဃသမဂ္ဂ (မန္တလေး)က မိန့်ကြားသည်။

ယနေ့ သံဃာထု၏ ရပ်တည်ချက်ကို ပြည်သူများက မေ့ပျောက်သွားလိမ့်မည်မဟုတ်ဘဲ ဒီကနေ့သံဃာထု၏ ရပ်တည်ချက်သည် အနာဂတ်သံဃာ့အဖွဲ့စည်းအပေါ် အကျိုးသက်ရောက်မှုကြီးမားလိမ့်မည်ဖြစ်ကြောင်း၊ သံဃာထုအနေဖြင့် ဓမ္မလမ်းကြောင်းမှရပ်တည်ကာပြည်သူလူထုရှေ့ကမားမားရပ်တည်လျက်ပြည်သူလူထုအားကိုးရာ ဖြစ်သင့်ပါကြောင်း၊ နိုင်ငံတစ်ဝန်းဖြစ်ပေါ်နေသည့် မတရားမှုများ အနိုင်ကျင့်မှုများပပျောက်ရန် တားမြစ်ဆုံးမပေးရမည့် တာဝန်ရှိပြီး ငြိမ်းချမ်းရေး တရားမျှတမှုနှင့်လောကပါလတရား ဗြဟ္မစိုရ်တရား သုစရိုက်တရားများထွန်းကားရေးအတွက် ရှေ့ဆောင်လမ်းပြဟောညွှန်ပြသရမည်ဖြစ်ပါကြောင်း သံဃသမဂ္ဂ (မန္တလေး)က ဆရာတော်များထံ လျှောက်ထားတင်ပြသည်။

“သာသနာဆိုတာဟာ ယုံကြည်လက်ခံကျင့်သုံးသူများပြားမှ သာသနာပြန့်ပွားတယ်ခေါ် ထိုက်ပါတယ်။ ကိုယ့်မိသားစုဝင်တွေကို သတ်ဖြတ်နေသူတွေက သာသနာပြုနေပါတယ်ဆိုတာ ပြည်သူတွေ အနေနဲ့ လက်သင့်ခံဖို့ ခဲယဉ်းလှပါတယ်။ “ဟု သံဃသမဂ္ဂ (မန္တလေး)က မိန့်သည်။

“လောကကို ကျေးဇူးမပြုနိုင်တဲ့တစ်နေ့ သာသနာကွယ်လိမ့်မည် ”’ ဟူသော ရှေးဆရာတော်ကြီးများရဲ့သြဝါဒကိုလည်း အထူးသတိပြုသင့်ကြရန်နှင့် ပြည်သူလူထု၏ မျက်ရည်များကို သုတ်မပေးနိုင်လျှင်တောင် ၊ ပြည်သူ့ မျက်ရည် ၊ ပြည်သူ့သွေးနဲ့ ခြေမဆေးမိကြဖို့ လိုအပ်ကြောင်း၊ သံဃာထုသည်တိုင်းပြည်အတွက် ဝန်ထုပ်ဝန်ပိုးမဟုတ်ဘဲ လောကကိုကျေးဇူးပြုသည့်အဖွဲ့စည်းကြီးဖြစ်ကြောင်း သက်သေပြကြရမည့်အချိန်ရောက်နေပြီဖြစ်ကြောင်း သံဃသမဂ္ဂ (မန္တလေး)က ရေးသားထားသည်။

ထို့ကြောင့် သံဃာထုအနေဖြင့် လောကအရေး ဓမ္မအရေးများကို အမြင်ကျယ်ကျယ် အမြော်အမြင်ကြီးကြီးဖြင့်ဆင်ခြင်လျက် ဓမ္မဘက်မှပြတ်ပြတ်သားသား ရပ်တည်ကြပြီး အကြမ်းဖက်စစ်ကောင်စီ၏သာသနာကိုကြည်ညိုယောင်ဟန်ပြအသုံးချနေမှုများကို ပူးပေါင်းဆောင်ရွက်ခြင်းမပြုကြဘဲ သပိတ်မှောက် ငြင်းပယ်ကြပါရန် တိုင်းပြည်အရေးပြည်သူ့အရေးမျှော်တွေး၍ လျှောက်ထားအပ်ပါသည်ဟု သံဃသမဂ္ဂ (မန္တလေး)၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။

သတင်း

နှစ်ဘက်တိုက်ပွဲများကြောင့် ဆွာမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာ(၅)ရွာမှ ပြည်သူအများအပြား နေအိမ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း စုံစမ်းသိရသည်။

သတင်း

ကော့ကရိတ်မြို့မြောက်ပိုင်း၌ နေရာယူထားသော ကျားဖြူစစ်ကြောင်းရှိရာသို့ စစ်ကောင်စီတပ်က တိုးဝင်လာ၍ တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီက လေကြောင်းမှ အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေသည်ဟု ၎င်းက ပြောသည်။