ရခိုင်ပြည်နယ် အမ်းမြို့တွင် ယနေ့ည ဆယ်နာရီခန့်၌ လက်နက်ကြီးပစ်ခတ်သံများနှင့် သေနတ်ပစ်ခတ်သံများ ကြားနေရပြီး ရခိုင်တပ်မတော် AAနှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွားနေသည်ဟု ဒေသခံများကပြောသည်။
အမ်းမြို့၊ အောက်ရွာနှင့်မြို့ဟောင်းကြားတွင် ယနေ့(မေ ၂၂ရက်) ည ၁၀ နာရီခန့်မှစ၍ ပစ်ခတ်သံများထွက်ပေါ်လာခြင်းဖြစ်သည်။ ထို့အပြင် စစ်ကောင်စီတပ်ရင်း ၃၇၃ ဘက်မှလည်း သေနတ်ပစ်ခတ်သံများကြားနေရသည်ဟု ဒေသခံတစ်ဦးကပြောသည်။
” အောက်ရွာနဲ့ မြို့ဟောင်းကြားဘက်မှာ AA နဲ့ စစ်ကောင်စီ ပစ်နေကြတာ။လက်နက်ကြီးသံလည်း ကြားတယ်။ ၃၇၃ ဖက်ကနေ စက်သေနတ်သံတွေလည်း ကြားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ်တွင် စစ်ကောင်စီက အင်အားတိုးနေသည့်အပေါ် AA က သတိပေးထားပြီး ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ပြန်ဖြစ်လာပါက အဆိုးမဆိုရန် စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်ဇော်မင်းထွန်းကသတင်းစာရှင်းလင်းပွဲတွင်ခြိမ်းခြောက်ထားသည်။

Public Service Announcement
စစ်ကောင်စီသည် ရခိုင်ပြည်နယ်တွင် လူမျိုးတုံးသတ်ဖြတ်မှု ထပ်မံကျူးလွန်ရန် ခြိမ်းခြောက်ပြောဆိုခြင်းဖြစ်ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက လည်းတုံ့ပြန်ထားသည်။
“ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ပြောဆိုချက်တွေကို ခြုံပြီးတော့ သုံးသပ်ကြည့်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ ပြည်သူတွေကို တိုက်ရိုက်ခြိမ်းခြောက်တာ ဖြစ်တယ်ဗျ။ ဘာကြောင့်လဲဆိုလို့ရှိရင် တစ်ခုခု ဖြစ်လာလို့ရှိရင် မြန်မာစစ်တပ်ကို အဆိုးမဆိုနဲ့ဆိုတဲ့ စကားကို ကျွန်တော်တို့တွေ့တယ်။ ဒီဟာက ပြည်သူတွေကို တိုက်ရိုက်ခြိမ်းခြောက်တာ ဖြစ်သလို တစ်ခုခုဖြစ်လာလို့ရှိရင် ပြည်သူတွေကို လူမျိုးတုန်း သတ်ဖြတ်ပစ်မယ်ဆိုတဲ့ သူတို့ မြန်မာစစ်တပ်ရဲ့ အစီအစဉ်ကို တိုက်ရိုက်ရည်ညွှန်းပြီးတော့ ဖော်ပြနေတာဖြစ်တယ်လို့ ကျွန်တော်ကတော့ အဲဒီလို သုံးသပ်တယ်”ဟု ဦးခိုင်သုခက People’s Springသို့ ပြောသည်။
ထို့ပြင် စစ်ပွဲများ ဖြစ်လာနိုင်၍ လူထုအနေဖြင့် သတိပြုနေထိုင်ကြရန် AAက တိုက်တွန်းထားသည်။


















































