အကြမ်းဖက်စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုမြင်ကွင်းတွေကို ကြည့်နေကြတဲ့၊မီးလောင်ပြင်မှာသောကပွေနေကြတဲ့စစ်ကိုင်းတိုင်း၊ကနီမြို့နယ်၊ ကင်းရွာအုပ်စုက ပြည်သူတွေကို ဒေသတွင်း ချင်းတွင်းချစ်သူ စာမျက်နှာကနေ ”သြော်… လုပ်ရက်ပါပေ”ဆိုတဲ့ခေါင်းစဥ်နဲ့ မှတ်တမ်းတင်ခဲ့ပါတယ်။
မေလ ၂၅ ရက်နဲ့ ၂၇ ရက်က အကြမ်းဖက် စစ်ကောင်စီတပ်ဟာ ကနီနယ် ကင်းအုပ်စုကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ကြတာဖြစ်ပါတယ်။ ကင်းအုပ်စုအတွင်းက အထက်ကင်းရွာ၊ ကင်းရွာနဲ့ ကဲဒေါင်ရွာတို့က နေအိမ် ၅၄၀ကျော် မီးလောင်ပျက်စီးခဲ့ပါတယ်။
၂၀၁၆ ခုနှစ် အောက်တိုဘာလအတွင်းက ချင်းတွင်းမြစ်အတွင်း အောင်စိုးမိုးကျော်လို့အမည်ရတဲ့ ရေယာဥ်တစ်စီး နစ်မြုပ်ခဲ့ပါတယ်။ အဲဒီရေယာဥ်မှာ လိုက်ပါလာတဲ့ ပြည်သူပေါင်းများစွာရဲ့ အသက်တွေကို အခုမီးရှို့ဖျက်ဆီးခြင်းခံခဲ့ရတဲ့ ကင်းရွာက ရွာသူရွာသားတွေက ကယ်ဆယ်ခဲ့ကြဖူးပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ မီးရှို့ဖျက်ဆီးခြင်းလုပ်ရပ်တွေကို မေလအတွင်းမှာ ပိုမိုလုပ်ဆောင်ခဲ့ပြီး စစ်ကိုင်းအတွင်းတစ်ခုတည်းမှာတင် မေလတစ်လတည်း အိမ်ခြေထောင်ချီ မီးလောင်ပြာကျခဲ့ပါတယ်။
ကင်းရွာကဒေသခံတစ်ဦးကတော့” ကြောက်မသွားတဲ့အပြင် သူတို့(စစ်ကောင်စီတပ်)က နာပြီးရင်းနာလာတယ်။ အထူးသဖြင့် လူငယ်ပိုင်းတွေကဆိုရင် မီးလောင်စရာရှိ လောင်ပဲ လုပ်စရာရှိ ဆက်လုပ်နေမှာပဲ ဒါမပြီးမချင်းဆက်လုပ်နေမှာပဲဆိုတာမျိုး။ ဒါက နောက်ထက် ရေချိန်တစ်ခု ထပ်မြင့်သွားတာပေါ့”လို့ ပြောပါတယ်။
ဓာတ်ပုံ – ချင်းတွင်းချစ်သူ