စစ်ကောင်စီ၏လူမဆန်သော လုပ်ရပ်များ၊တရားမျှတမှုမရှိသော ဥပဒေနှင့် အမိန့်များသည် ပြည်သူများအပေါ် ဆိုးရွားစွာ ထိခိုက်စေသဖြင့် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့ ရှိမြန်မာသံရုံးမှ သံရုံးဝန်ထမ်းတစ်ဦးသည် CDM ပြုလုပ်ပြီး လူထုနှင့် ပူးပေါင်းလာသည်။
ဖနွမ်းပင်မြို့ရှိ မြန်မာသံရုံးတွင် တာဝန်ထမ်းဆောင်နေသည့် သံရုံးဝန်ထမ်း မဇွန်ဆုမွန်ဦးသည် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ပြီဟု ယနေ့(ဇွန် ၂ရက်)တွင် ကြေငြာခြင်းဖြစ်သည်။
“ တရားမဝင် အာဏာသိမ်း စစ်ကောင်စီ၏ မြန်မာပြည်သူများအပေါ် ပြုလုပ်လျက်ရှိသည့် လူမဆန်သော လုပ်ရပ်များနှင့် တရားမျှတမှုမရှိသော ဥပဒေနှင့် အမိန့်များသည် ပြည်သူများအပေါ် ဆိုးရွားစွာ ထိခိုက်စေသောကြောင့် ၁၂-၅-၂၀၂၂ ရက်နေ့မှစ၍ အလုပ်လုပ်ကိုင်သည့် မြန်မာသံရုံး၊ ဖနောင်ပင်မြို့မှ စွန့်ခွာခဲ့ပြီးဖြစ်ပါသည်။ ယခုအခါ ကျွန်မသည် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက်နေပြီဖြစ်ပါကြောင်း ကြေညာအပ်ပါသည်” ဟု မဇွန်ဆုမွန်ဦးက သူ၏ ဖေ့စ်ဘွတ်လူမှုကွန်ရက်တွင် ရေးသားထားသည်။
အာဏာသိမ်းစစ်ကောင်စီကိုကာကွယ်ပေးနေသော ကမ္ဘောဒီးယားအပါအဝင် အာဆီယံနိုင်ငံအချို့ကို မြန်မာပြည်သူများက စိတ်ပျက်နေချိန်တွင် သံရုံးဝန်ထမ်းအချို့ CDM တွင် ပူးပေါင်းပါဝင်လာနေသည်။
ယခုနှစ်မေလ ၃ရက်ကလည်း ထိုင်းနိုင်ငံချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးတွင် တာဝန်ထမ်းဆောင်နေသည့် မမြသိင်္ဂီသည် အာဏာသိမ်းစစ်ကောင်စီကိုအကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ကာ လူထုနှင့်အတူ ရပ်တည်ကြောင်း ကြေညာခဲ့သည်။
