ကူးစက်ရောဂါ၊ ငှက်ဖျားနှင့်သွေးလွန်တုပ်ကွေးရောဂါများအတွက် ကျွမ်းကျင်သူများလိုအပ်နေ
တနင်္သာရီတိုင်းရှိ မြို့နယ်ငါးခုတွင် လက်ရှိအချိန်ထိ စစ်ဘေးရှောင်ပြည်သူ ၁၂,၀၀၀ခန့်ရှိနေကြောင်း ဒေါနတနင်္သာရီစစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့က ယနေ့(ဇွန် ၆) အသိပေးထုတ်ပြန်သည်။
အဆိုပါ စစ်ဘေးရှောင်ပြည်သူများအတွက် ဝမ်းပျက်ဝမ်းရှောကဲ့သို့ ကူးစက်ရောဂါများ၊ ငှက်ဖျား၊ သွေလွန်တုပ်ကွေး အစရှိသော ရောဂါများအား ကုသပေးနိုင်ရန် ကျွမ်းကျင်သူများနှင့် ဆေးဝါးများလိုအပ်နေကြောင်း ဒေါနတနင်္သာရီစစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့၏ တစ်နှစ်ပြည့်အစီရင်ခံစာတွင် ဖော်ပြသည်။

လတ်တလောစောင့်ရှောက်မှုပေးနေရသော စစ်ရှောင်ပြည်သူအရေအတွက်မှာ ရေဖြူမြို့နယ်တွင် ၂၀၀ ဦးခန့်၊ သရက်ချောင်းတွင် ၁,၀၀၀ ဦးခန့်၊ ထားဝယ်တွင် ၁,၂၀၀ ဦးကျော်၊ ပုလောတွင် ၁,၂၀၀ ဦးခန့်နှင့် တနင်္သာရီမြို့နယ်တွင် ၈,၀၀၀ ဦးခန့် အသီးသီးရှိနေကြောင်း ထုတ်ပြန်အသိပေးသည်။

Public Service Announcement
ဒေါနတနင်္သာရီအဖွဲ့၏ တစ်နှစ်တာဆောင်ရွက်အတွေ့အကြုံများအရ အခက်အခဲများရှိခဲ့ပြီး ၎င်းတို့မှာ ကြိုတင်ပြင်ဆင်မှုအားနည်းခြင်း၊ မြေပြင်သတင်းအချက်အလက်ရရှိမှု ခက်ခဲခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်ချက်၊ စစ်ရှောင်များကြား သတင်းမှားပြန့်နှံ့မှုများပြားခြင်း၊ စစ်ရှောင်ကလေးများ၏ စိတ်ပိုင်း၊ ရုပ်ပိုင်း ထောက်ပံ့ကူညီမှုလိုအပ်ခြင်းတို့ တွေ့ရှိရကြောင်း ဖော်ပြသည်။
တနင်္သာရီဒေသတွင် ပြီးခဲ့သည့် ၂၀၂၁ စက်တင်ဘာ ၇ရက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ KNU တပ်မဟာ(၄)၏ ထိန်း ချုပ်နယ်မြေအတွင်း စတင်ဝင်ရောက်ခဲ့ရာမှ ယနေ့အချိန်ထိ ခုခံစစ်အရှိန်မှာ တစတစပိုမြင့်လာပြီး စစ်ဘေးရှောင်ဦးရေများလည်း တိုးလာနေကြောင်း ထောက်ပြထားသည်။


















































