အလုပ်မဆင်းသပိတ်တွင် Foodpanda Rider ငါးထောင်ကျော်ပါဝင်ပြီး ဝောာင်းဆိုထားသည့် အချက်များ သဘောတူညီမှုရရှိသည်အထိ တိုက်ပွဲဝင်သွားမည်ဟု ယင်းသပိတ် ဦးဆောင်သူတစ်ဦးဖြစ်သူ ဗိုလ်မင်းဒင်က People’s Springသို့ ပြောသည်။
“ဒီသပိတ်ရဲ့ အရွေ့တစ်ခုက ဘယ်လောက်ထိပြောင်းလဲနိုင်တယ်ဆိုတဲ့ အခြေအနေအပေါ်မှာတော့ မူတည်တာပေါ့။နိုင်ခြေရှိဖို့က Customerသည် အဓိကကျတယ်။Customer ကကျွန်တော်တို့ကို ဝန်းရံမယ်ဆိုရင် ဒီသပိတ်နိုင်ပါမယ်။”ဟု ၎င်းက ပြောသည်။
Foodpanda Rider များသည် ကိုဗစ်ကာလမှစတင်၍ အော်ဒါကြေးများကို အဆမတန်လျော့ချခဲ့ခြင်းကြောင့် မတ်လအတွင်းက အလုပ်မဆင်းသပိတ်ကို စတင်ဆင်နွဲခဲ့သည်။
“တကယ့်အဓိက အချက်ဖြစ်တဲ့ Delivery Basic Pay ၆၇၀ အပြင် Google Map နီးနီးတိကျတဲ့ Foodpanda မြေပုံအသုံးပြုပေးဖို့ကိစ္စကို သူတို့ငြင်းဆန်ထားတယ်။ အဲဒါတွေစုပေါင်းပြီး မကျေနပ်တဲ့အတွက် မတ်လ ၁၆ ရက်ကစတင်ခဲ့တဲ့ ဒီသပိတ်ဟာ ဇွန်လ ၆ ရက်မှာပြန်လည်အကောင်အထည်ဖော်ကြတာပါ”ဟု ၎င်းက ပြောသည်။

Public Service Announcement
ယင်းသပိတ်ပြုလုပ်ချိန်တွင် Foodpanda ကုမ္ပဏီဘက်မှ Rider များတောင်းဆိုသည့် အချက်၇ ချက်အနက် ၅ ချက်ကို လိုက်လျောမည်ဟု နှုတ်ကတိပေးခဲ့သော်လည်း လက်ရှိအချိန်အထိ အကောင်အထည်မဖော်သောကြောင့် အလုပ်မဆင်းသပိတ်ကို ထပ်မံပြုလုပ်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
ရန်ကုန်မြို့တွင် Foodpanda Rider အလုပ်လုပ်သူ ၇,၀၀၀ ကျော်ရှိပြီး သပိတ်စတင်သည့်နေ့တွင် ၅,၀၀၀ ကျော်ပါဝင်ခဲ့ကြောင်း ဗိုလ်မင်းဒင်က ပြောသည်။
Riderများက စားသုံးသူများ နှင့် ဆိုင်များကိုလည်း ၎င်းတို့နှင့်အတူ ပါဝင်၍ Foodpanda ကုမ္ပဏီကို သပိတ်မှောက်ရန် တောင်းဆိုထားသည်။
Foodpanda Rider များ၏ သပိတ်ကို တော်လှန်ရေးအင်အားစုများကလည်း ထောက်ခံခဲ့ကြပြီး သပိတ်တွင်ပြည်သူများပါဝင်ပေးရန် တောင်းဆိုထားသည်။
“သပိတ်ရက်က ၇ ရက်သတ်မှတ်ထားပါတယ်။ ဇွန်လ၆ရက်ကနေ ဇွန်၁၂ရက်အထိ သတ်မှတ်ထားပါတယ်။ ဒီကြားထဲမှာစားဝတ်နေရေးခက်ခဲခဲ့သည်ရှိသော် ပြင်ပကနေ Customer များကျွန်တော်တို့ကို Order များပေးဖို့ အကူအညီပေးဖို့ ပို့စ်ထပ်တင်ပြီး ဆက်လက်လှုပ်ရှားကြမှာပါ။ မနိုင်မခြင်းတိုက်မှာပါ”ဟု ဗိုလ်မင်းဒင်က ပြောသည်။
ယင်းသပိတ်မှောက်သည့်ကိစ္စနှင့်ပတ်သက်၍ ဇွန်လ ၆ ရက် ညနေအထိ ကုမ္ပဏီဘက်မှ ဆက်သွယ်မှုတစ်စုံတစ်ရာမရှိသေးကြောင်း ၎င်းက ဆိုသည်။
ဓာတ်ပုံ – သတိုး/People’s Spring


















































