Connect with us

Hi, what are you looking for?

သတင်း

တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ ပုဂံခရီးစဉ် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး အခြေခံကြေညာချက်ကို ဆန့်ကျင်နေဟု NUG ဝေဖန်

“အခုဆိုရင် ဝမ်ယိက မြန်မာပြည်ထပ်လာပြီးတော့ ကွန်ဖရန့်တွေ၊ စီမံကိန်း တွေ အကောင်အထည်ဖော်ဖို့ပဲ စဉ်းစားတယ်ဆိုတာ ကျွန်မတို့ နိုင်ငံက ပြည်သူတွေကို ဗြောင်ကျကျ စော်ကားလိုက် တယ်လို့ပဲ မြင်ပါတယ်” ဟု မသဥ္ဇာရွှန်းလဲ့ရည်က ပြောသည်။

(တရုတ်နိူင်ငံခြား​ရေးဝန်ကြီး ဝန်ယီ။ ။ဓါတ်ပုံ-Time)
(တရုတ်နိူင်ငံခြား​ရေးဝန်ကြီး ဝန်ယီ။ ။ဓါတ်ပုံ-Time)

●မြန်မာပြည်သူလူထုကို ဗြောင်ကျကျစော်ကားခြင်းဖြစ်ဟု တက်ကြွလှုပ်ရှားသူပြော

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ မြန်မာနိုင်ငံခရီးစဉ်သည် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး၏ အခြေခံကြေညာချက်(Sanya Declaration)ပါ အချက်များနှင့် ဆန့်ကျင်နေသည်ဟု NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က People’s Spring သို့ ပြောသည်။

အဖွဲ့ဝင် ၆ နိုင်ငံပါဝင်သော လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး(Lancang-Mekong Cooperation-LMC)ကို ၂၀၁၆ တွင်စတင်ဖွဲ့စည်းထူထောင်ခဲ့ပြီး ထိုစဉ်က အခြေခံမူအဖြစ် Sanya Declaration ကို ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

“အဓိက,က နိုင်ငံရေးနဲ့ လုံခြုံရေးဆိုင်ရာတွေ၊ စီးပွားရေးနဲ့ ရေရှည်တည်တံ့ခိုင်မြဲသောဖွံ့ဖြိုးမှု ၊ လူမှုရေး၊ ယဉ်ကျေးမှု၊ ပြည်သူအချင်းချင်းဆက်ဆံရေး၊ ကူးလူးဖလှယ်ရေး စတာတွေ အပေါ် ဒီအစည်းအဝေးက အခြေခံထားတာပေါ့။ အဲဒီအချက်အလက်တွေအပေါ် အခြေခံပြီး စစ်ကောင်စီ တာဝန်ယူနေတဲ့ နေရာဒေသမှာ လာရောက်ပြီးတော့ အစည်းအဝေးကျင်းပတာဟာ လန်ချန်း-မဲခေါင် ပူးပေါင်း ဆောင်ရွက်ရေးမှာ ပါတဲ့ Sanya Declaration ရဲ့ ကြေညာချက်မှာ ပါတဲ့အချက်တွေနဲ့ ဆန့်ကျင် နေတဲ့အကြောင်း စာရေးသားပေးပို့ထုတ်ဖော်ပြောကြားသွားဖို့ရှိပါတယ်” ဟု ဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောသည်။

သို့သော် ဝမ်ယိ၏ ယခုခရီးစဉ်သည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး၏ အစိတ်အပိုင်း တရပ်အနေဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး စစ်ကောင်စီရုံးအခြေစိုက်ရာ နေပြည်တော်သို့ သွားရောက်မည်မဟုတ်ဟု ကြားသိထားရကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

Public Service Announcement

Public Service Announcement

NUG နိုင်ငံခြားရေးဝန်ကြီးဌာနသည် ဝမ်ယိ၏ခရီးစဉ်နှင့်ပတ်သက်၍ စာရေးသားပေးပို့ထားပြီး အဆိုပါစာကို မကြာခင်ကာလတွင် ကြေညာချက်ထုတ်ပြန်သွားမည်ဟု ဆိုသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ယခုသီတင်းပတ်ကုန်(ဇူလိုင်လဆန်း)တွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဟု စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက AFP သတင်းဌာနကို ပြောထားသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ ယခုခရီးစဉ်သည် မြန်မာပြည်က တရုတ်ရင်ခွင်ထဲ၌ ရှိသည်ကို ပြသသည့်သဘောဟု နားလည်ပြီး မြန်မာ့အရေးအပေါ် တစုံတရာသက်ရောက်မှုရှိနိုင်ကြောင်း နိုင်ငံရေးလေ့လာသူ၊ စာရေးဆရာ မင်းသေ့က မှတ်ချက်ပြုသည်။

“စစ်ကောင်စီအတွက်ကတော့ တရုတ်ဘက်က ပေးတဲ့ credibility ပိုရလာတယ်လို့ မျှော်လင့်ဟန်တူတယ်။ မြန်မာပြည်ဟာ ဒီလောက်နိုင်ငံတကာဖိအားတွေ ခံနေရတာ။ တရုတ်နိုင်ငံခြားရေးဝန်ကြီးအဆင့်အထိ လာတယ်ဆိုတော့ စစ်ကောင်စီအတွက်ကတော့ တရုတ်ဆီကို မျှော်ကိုး စရာ၊ မျှော်လင့်စရာ ရှိတယ်လို့ ထင်တယ်” ဟု ကိုမင်းသေ့က ဆိုသည်။

ယခုခရီးစဉ်သည် စစ်အာဏာသိမ်းမှုနောက်ပိုင်း တရုတ်နိုင်ငံမှ အဆင့်မြင့်ဆုံးတာဝန်ရှိသူ ပထမ ဆုံးလာရောက်ခြင်းဖြစ်သော်လည်း မြန်မာပြည်ကို သီးသန့်လာရောက်ခြင်းမဟုတ်ဘဲ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး(LMC) နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို အကြောင်းပြ လာရောက်ခြင်းဖြစ်သည်ဟု ကိုမင်းသေ့က ပြောသည်။

ထို့အပြင် တရုတ်အစိုးရအနေဖြင့် မြန်မာပြည်သူများသဘောမတူဘဲ စစ်တပ်နှင့်တွဲလုပ်ဆောင်ပါက မြစ်ဆုံ၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းများကဲ့သို့ တခဲနက်ဆန့်ကျင်ခဲ့သည့်သမိုင်းရှိသည်ကို ပြန်လည်အမှန်ရရန်လိုအပ်ကြောင်း တက်ကြွလှုပ်ရှားသူ၊ ACDD Coordinator မသဥ္ဇာရွှန်းလဲ့ရည်က သတိပေးသည်။

“စစ်ကောင်စီနဲ့ တွဲလုပ်သူမှန်သမျှက မြန်မာ့သမိုင်း မှာရော၊ ကမ္ဘာ့သမိုင်းမှာရော ကြံရာပါအဖြစ်နဲ့ သတ်မှတ်ကြမှာဖြစ်တယ်။ တရုတ်အစိုးရ၊ သူတို့ စီးပွားရေးသမားတွေက BRI ပိုးလမ်းမစီမံကိန်းကို စစ်ကောင်စီနဲ့ တွဲလုပ်ဖို့ကြိုးစားမယ်ဆိုရင် ပစ်မှတ်အဖြစ် ဖြစ်လာနိုင်တယ်” ဟု ၎င်းက ပြောသည်။

မြန်မာအရပ်ဘက်အဖွဲ့အစည်း ၆၀၀ နီးပါးကလည်း တရုတ်သမ္မတ ရှီကျင်ဖျင်ထံ အိတ်ဖွင့် ပေးစာပေးပို့ထားပြီး ယင်းအိတ်ဖွင့်ပေးစာ၏ အကြံပြုချက်များထဲတွင် စစ်ကောင်စီနှင့် တွဲဖက် အလုပ်မလုပ်ရန်၊ နိုင်ငံရေးပါတီများနှင့်တွေ့ဆုံဆွေးနွေးရန် အချက်များပါဝင်ကာ အဆိုပါ တောင်းဆို ချက်များကို တရုတ်အစိုးရက ဆောင်ရွက်ခြင်းမရှိသေးပေ။

“အခုဆိုရင် ဝမ်ယိက မြန်မာပြည်ထပ်လာပြီးတော့ ကွန်ဖရန့်တွေ၊ စီမံကိန်း တွေ အကောင်အထည်ဖော်ဖို့ပဲ စဉ်းစားတယ်ဆိုတာ ကျွန်မတို့ နိုင်ငံက ပြည်သူတွေကို ဗြောင်ကျကျ စော်ကားလိုက် တယ်လို့ပဲ မြင်ပါတယ်” ဟု မသဥ္ဇာရွှန်းလဲ့ရည်က ပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။