NUG PAY ကို စမ်းသပ်သည့်အနေဖြင့် ဥကရစ်ထတိုက်ပွဲအတွက် လှူဒါန်းငွေစမ်းသပ်လက်ခံခဲ့ရာ ၁၂နာရီအတွင်း ကျပ် ၈သိန်းကျော် (DMMK – ၈ သိန်းကျော်) လက်ခံရရှိခဲ့ကြောင်း NUG ၏ စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ဒုဝန်ကြီးဦးမင်းဇေယျာဦးက လူမှုကွန်ရက်မှတဆင့် ထုတ်ပြန်ကြေညာသည်။
ယမန်နေ့ ဇွန်လ ၃၀ ရက်က ဥကရစ်ထတိုက်ပွဲ အောင်ပွဲရယူရန် ၄၈နာရီအတွင်း ထောက်ပံ့နိုင်ကြောင်းကို ၎င်း၏ လူမှုကွန်ရက်တွင် QR Code တစ်ခုဖော်ပြ၍ အလှူခံခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ပို့စ်တင်ပြီး ၁၂ နာရီအတွင်း ထောက်ပံ့ငွေ ကျပ် ၈သိန်းကျော် ရရှိခဲ့ခြင်းဖြစ်ကြောင်း ရေးသားထားသည်။
” ပို့စ်တင်ပြီး ၁၂နာရီအတွင်း နတ်ပေး စမ်းသပ်ရင်း ထောက်ပံ့ငွေ DMMK ၈သိန်းကျော် လက်ခံရရှိထားပါတယ် “ဟု ဦးမင်းဇေယျာဦးက ယနေ့ (ဇူလိုင် ၁) နံနက်ပိုင်း၌ ထုတ်ပြန်ကြေညာခဲ့သည်။

Public Service Announcement
ထို့အပြင် “ဥကရစ်ထ အောင်ပွဲရယူနိုင်ဖို့ ၄၈နာရီအတွင်း နတ်ပေး စမ်းသပ်ရင်းထောက်ပံ့ကြစို့” ဟုလည်း ဆက်လက်တိုက်တွန်းထားသည်။
NUG PAY ၏ လက်ရှိ ငွေကြေးလဲလှယ်မှု သက်မှတ်ချက်အရ DMMK (ဒီဂျစ်တယ်မြန်မာကျပ်ငွေကြေး) တစ်ယူနစ်ကို မြန်မာငွေ တစ်ကျပ်သတ်မှတ်ထားပြီး တစ်ဒေါ်လာငွေလဲနှုန်းကို ၂,၀၄၀ ကျပ်အဖြစ် သတ်မှတ်ထားသည်။


















































