ချင်းပြည်နယ် ဖလမ်းမြို့နယ်တွင် စစ်ကောင်စီတပ်က မသန်စွမ်းအမျိုးသမီးကြီးတစ်ဦးအား သတ်ဖြတ်ခဲ့ခြင်းအပေါ် ကန့်ကွက်ရှုတ်ချကြောင်း ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)က ယနေ့ ထုတ်ပြန်သည်။
ဇွန်လ ၃၀ရက်က စစ်ကိုင်းတိုင်း ကလေးမြို့မှ ချင်းပြည် နယ် ဖလမ်းမြို့နယ်သို့ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်များသည် ဖလမ်းမြို့နယ်၊ ဗားလုံကျေးရွာနေ အသက် (၆၀)ခန့်ရှိ မသန်စွမ်း (ဆွံ့အ) အမျိုးသမီးကြီး ဒေါ်တီလ်ကပ် (ပ်)အား ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သက်ဆိုင်ရာမြို့နယ်မှ တာဝန်ရှိအဖွဲ့အစည်းများက တင်ပြလာ၍ သိရကြောင်း ဖော်ပြထားသည်။
ယခုကဲ့သို့ အပြစ်မဲ့ မသန်စွမ်း (ဆွံ့အ) အမျိုးသမီးကြီးတစ်ဦးအားသတ်ဖြတ်ခြင်းအပါအဝင် ချင်းပြည်နယ် အနှံ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကျူးလွန်သောစစ်ရာဇဝတ်မှုများကို သက်ဆိုင်ရာမြို့နယ်အသီးသီးမှ တာဝန်ရှိအဖွဲ့အစည်းများက စနစ်တကျမှတ်တမ်း တင်ပြုစု ထားကြောင်း ICNCCက ဆိုသည်။
ချင်းပြည်နယ်အတွင်း အပြစ်မဲ့အရပ်သားပြည်သူများအပေါ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လူမဆန်ရက်စက် ကြမ်းကြုတ်စွာပြုကျင့်နေမှုများကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်းနှင့် ယခုကဲ့သို့ ပြုကျင့်ခြင်းများအပေါ် ထိုက်သင့်သည့်တရားမျှတမှုရရှိနိုင်ရေး ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ICNCCက ထုတ်ပြန်သည်။
