▪️မြန်မာပြည်သူများနှင့်အတူရပ်တည်ကာ လုပ်နိုင်သမျှအားလုံးလုပ်ဆောင်မည်ဟု ကတိပြု
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးအဖြစ်ခန့်အပ်ခံရသူ Pete Vowlesသည် အကြမ်းဖက်စစ်ကောင်စီကို တရားဝင်မှုမပေး၍ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာတော့မည်ဟု ယနေ့ အသိပေးသည်။
အာဏာသိမ်းပြီးနောက် သံအမတ်ကြီးအဖြစ်ရောက်ရှိလာသူ Pete Vowlesသည် မင်းအောင်လှိုင်ခေါင်းဆောင်သည့် စစ်ကောင်စီကို လက်ရှိအချိန်အထိ ၎င်း၏ သံအမတ်ခန့်အပ်လွှာပေးအပ်ခြင်းမရှိပေ။
“ဒီနေ့မှာပဲ မြန်မာနိုင်ငံက ကျွန်တော့်အချိန်တွေ အဆင်မပြေဘဲ အဆုံးသတ်ပါပြီ။ စစ်ကောင်စီက ပြန်လည်ထွက်ခွာဖို့ ဖိအားပေးတဲ့အတွက် ဝမ်းနည်းစိတ်မကောင်းဖြစ်မိပါတယ်။ ဒါပေမယ့် လူမဆန်တဲ့ အာဏာသိမ်းမှုကို တရားဝင်မှုပေးဖို့ ဖိအားပေးတာကိုတော့ ကျွန်တော်တို့ အလျှော့မပေးခဲ့ပါဘူး”ဟု ဗြိတိန်သံအမတ်ကြီး Pete Vowles က တွစ်တာမှ အသိပေးသည်။
မြန်မာနိုင်ငံဆိုင်ရာဗြိတိန်သံရုံးသည် ငြိမ်းချမ်းရေး၊ လွတ်လပ်ခွင့်နှင့် တရားမျှတမှုထက်ပို၍ မည်သည့်အရာမျှ မလိုချင်သော မြန်မာပြည်သူများနှင့်အတူ ရပ်တည်မည်ဖြစ်ပြီး လုပ်နိုင်သမျှ လုပ်ဆောင်မည်ဟု ခိုင်မာစွာ ကတိကဝတ်ပြုကြောင်း အထက်ပါသံအမတ်က ဆိုသည်။

Public Service Announcement
တရားမဝင်အာဏာသိမ်းစစ်ကောင်စီကို နိုင်ငံအများစုက သံတမန်ဆက်ဆံရေး တဆင့်လျှော့ထားပြီး တရားဝင်မှု မပေးပေ။
သို့သော် အိန္ဒိယ၊ ဆော်ဒီအာရေဗျ နိုင်ငံတို့က ၎င်းတို့၏ သံအမတ်ကြီးများကို အာဏာသိမ်းစစ်ခေါင်းဆောင်ထံ သံအမတ်ခန့်အပ်လွှာပေးအပ်စေကာ အသိအမှတ်ပြုမှု ပေးထားသည်။
