Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

KNU ဦးဆောင်မှုကြောင့် KNLAသည် စစ်ကောင်စီကို ပြတ်ပြတ်သားသား မတုံ့ပြန်နိုင်ဟု အဖွဲ့မှ ထုတ်ပယ်ခံရသည့် ဗိုလ်မှူးချုပ် စောနယ်ဒါးမြ စွပ်စွဲ

​စောနယ်ဒါးမြက ​ကော်သူး​လေတပ်မ​တော်ဖွဲ့စည်း​ကြောင်း​ကြေညာပြီး ၊ KNLA ကအသိ့အမှတ်မပြု​ကြောင်း KNU က​စောနယ်ဒါးမြကိုထုတ်ပယ်လိုက်​ကြောင်း​ကြေညာချက်များထွက်လာရာ ပြည်သူအများစုက စစ်​ကောင်စီ​တော်လှန်​ရေးအ​ပေါ်ထိခိုက်မည်ကို စိုးရိမ်​နေကြသည်။

ဗိုလ်မှူးချုပ် စောနယ်ဒါးမြ
ဗိုလ်မှူးချုပ် စောနယ်ဒါးမြ

●အာဏာသိမ်းမှုကို KNUက ဆန့်ကျင်ကြောင်း ကြေညာပြီးနောက် KNLAက စစ်ကောင်စီတပ်ကို တိုက်ပွဲပေါင်း ၅၇၀၀ ကျော်တိုက်ခဲ့ပြီး ၊စစ်​​ကောင်စီတပ်သား ၄၄၀၀ ​ကျော်​သေခဲ့

●KNUကစစ်ကောင်စီကို အသိအမှတ်မပြုဘဲ စစ်အာဏာရှင် အပြီးတိုင် ဖြုတ်ချရေး နိုင်ငံရေး၊စစ်ရေး၊ သံတမန်ရေး တို့ဖြင့် ကြိုးပမ်းနေဟုရှင်းပြ

ကရင်အမျိုးသားအစည်းအရုံး(KNU)၏ လက်အောက်ခံတပ် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)သည် KNUအဖွဲ့အစည်း၏ နိုင်ငံရေး ဦးဆောင်မှုအပေါ် NCA စာချုပ်အားဖြင့် စစ်ရေးအရ ချုပ်နှောင်ခံနေရ သဖြင့် အကြမ်းဖက် စစ်ကောင်စီကို ပြတ်ပြတ်သားသား တုံ့ပြန်ရန် အကျပ်အတည်းဖြစ်နေသည်ဟုရှုမြင်မိကြောင်း KNU မှ ထုတ်ပယ်ခံထားရသည့် ကရင်အမျိုးသား ကာကွယ်ရေးတပ်(KNDO) စစ်ဦးစီးချုပ်ဟောင်း ဗိုလ်မှူးချုပ် စောနယ်ဒါးမြက ယနေ့ထုတ်ပြန်သည်။

KNDO စစ်ဦးစီးချုပ်အဖြစ်မှ ရပ်ဆိုင်းခံရသည့် ဗိုလ်မှူးချုပ်နယ်ဒါးမြသည် ဇူလိုင် ၁၉ရက်တွင် ကော်သူးလေတပ်မတော် ဖွဲ့စည်းကြောင်း ကြေညာခဲ့ရာ KNLAက ယင်းဖွဲ့စည်းမှုကို လုံး၀ အသိအမှတ်မပြုကြောင်း ထုတ်ပြန်သကဲ့သို့ KNUကလည်း ယင်းဖွဲ့စည်းမှုသည် စစ်အာဏာရှင် ဆန့်ကျင်ရေး ပြည်သူ့တော်လှန်ရေး လုပ်ငန်းစဉ်ကို ရှုပ်ထွေးအောင် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ကာ အဖွဲ့က ချမှတ်ထားသည့် စည်းကမ်းများအား အကြိမ်ကြိမ် ချိုးဖောက်သည့် ဗိုလ်မှူးချုပ် စောနယ်ဒါးမြအားအဖွဲ့မှထုတ်ပယ်လိုက်ကြောင်း ဇူလိုင် ၂၀ရက်တွင် ထုတ်ပြန်သည်။

ယင်းသို့ KNUက ထုတ်ပြန်ပြီးနောက် ဗိုလ်မှူးချုပ်နယ်ဒါးမြက ကော်သူးလေတပ်မတော်၏ အဓိက ရည်ရွယ်ချက်သည် အကြမ်းဖက် စစ်ကောင်စီအား အမြန်ဆုံး တိုက်ထုတ်ချေမှုန်းရန် ဖြစ်ကြောင်း၊KNLA သည် KN ၏ နိုင်ငံရေး ဦးဆောင်မှုအပေါ် NCA စာချုပ် အားဖြင့် စစ်ရေးအရ ချုပ်နှောင်ခံနေရကြောင်း၊ လက်ရှိအချိန်တွင် စစ်အာဏာရှင်စနစ် ကျဆုံးရေးနှင့် အကြမ်းဖက် စစ်ကောင်စီအား အမြစ်ပြတ် တိုက်ထုတ်ရန် အချိန်ကောင်းဖြစ်ကြောင်း၊ ကော်သူးလေ တပ်မတော် သည် NCA စာချုပ် လွှမ်းမိုး ချုပ်နှောင်မှုမရှိသော တော်လှန်ရေးတပ်ဖြစ်ကြောင်းထုတ်ပြန်ခဲ့သည်။

ကော်သူးလေ တပ်မတော် သည် အကြမ်းဖက် စစ်ကောင်စီကို ပြန်လည် တိုက်ခိုက်နေသည့် ကရင့်လက်နက်ကိုင် အဖွဲ့များသာမက နယ်မြေဒေသ အသီးသီးရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) များနှင့် အခြား တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ နှင့်လည်း လက်တွဲပူးပေါင်းသွားပြီး စစ်အာဏာရှင်စနစ်ကြီး အမြန်ဆုံး ကျဆုံးစေရန် အစွမ်းကုန် တိုက်ပွဲဝင်သွားမည်ဟုလည်းဆိုသည်။

Public Service Announcement

Public Service Announcement

ယင်းသို့ ထုတ်ပြန်ချက်အပေါ် KNU ဗဟိုမှ သတင်းရင်းမြစ်တစ်ဦးက KNUအနေဖြင့် စစ်အာဏာသိမ်းမှုကို ပြတ်သားစွာ ဆန့်ကျင်သကဲ့သို့ အာဏာရှင် တိုက်ဖျက်ရေးအတွက် စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေး ဘက်ပေါင်းစုံမှ ဆောင်ရွက်နေကြောင်း ပြောကြားသည်။

“သူ့ကို ထုတ်ပယ်လိုက်တဲ့အကြောင်းအရင်းက သူလုပ်ငန်းအပေါ်မှာ မိခင်အဖွဲ့အစည်းက ချထားတဲ့မူအရ ဖြစ်စေ လုပ်ငန်းစဉ်အရ ဖြစ်စေ သူတို့ ဆောင်ရွက်တာအားလုံးက မိခင်အဖွဲ့အစည်းကို ဆန့်ကျင်တာပေါ့။ အဲဒါကြောင့်မို့လို့” ဟု ၎င်းက ဆိုသည်။

▪︎ တစ်နှစ်ခွဲခန့်အတွင်းစစ်​ကောင်စီတပ်ကို တိုက်ပွဲ​ပေါင်း၄၈၀၀ ​ကျော်တိုက်ပြီးစစ်သား ၄၂၀၀ ​ကျော်ကိုသုတ်သင်ရှင်းလင်းခဲ့

KNU လက်အောက်ခံ KNLA နှင့် KNDO တပ်များသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ကို စစ်မျက်နှာဖွင့် တိုက်ခိုက်ခဲ့ရာ ၂၀၂၁ ခုနှစ်အတွင်း တိုက်ပွဲပေါင်း ၃၁၀၀ ကျော်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၂၁၉၀ ဦး သေဆုံးကာ ၂၀၄၈ ဦးဒဏ်ရာရခဲ့ကြောင်း၊ ၂၀၂၂ ဇန်နဝါရီမှ ဇွန်လကုန်အထိ ၆ လတာအတွင်း တိုက်ပွဲ ပေါင်း ၂၇၀၀ နီးပါးဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၂၂၀၀ ကျော်သေဆုံးကာ ၁၅၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုသတင်းပြန်ကြားရေးမှ အရာရှိ တစ်ဦးက ရှင်းပြသည်။ အဆိုပါ တစ်နှစ်ခွဲနီးပါး တိုက်ပွဲများအတွင်းKNLA၊ KNDO တပ်ဗိုလ်တပ်မှူး စစ်သားများ စုစုပေါင်း ၁၂၆ဦး ကျဆုံးကာ ၃၀၅ ဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးထားသည်။

“ဒါစာရင်းအတိကျပါတပ်မဟာတိုင်းမှာပို့လာတဲ့အချက်အလက်များကိုစုစီးပြီးပြန်လည်မျှဝေပါတယ်။KNU ကNCA ကို ကိုးကွယ်တာလားမကိုးကွယ်ဘူးလားဆိုတာလူတိုင်းမှဝေဖန်ခွင့်ရှိတယ်။ ကရင်လူမျိုးတိုင်းသိထားဖို့က၊ လူကိုကြည့်မှာလား မူကိုကြည့်မှာလား” ဟု အဆိုပါ ပြန်ကြားရေး အရာရှိက ရေးသားခဲ့သည်။

ဗိုလ်မှူးချုပ် စောနယ်ဒါးမြ ၏ ယ​နေ့ထုတ်ပြန်ချက်
ဗိုလ်မှူးချုပ် စောနယ်ဒါးမြ ၏ ယ​နေ့ထုတ်ပြန်ချက်

▪︎အရပ်သားများ၊ စစ်သုံ့ပန်းများအား ဥပဒေပြင်ပ သတ်ဖြတ်မှု နှင့် ဗိုလ်မှူးချုပ်စောနယ်ဒါးမြ

ဗိုလ်မှူးချုပ်စောနယ်ဒါးမြကို KNU ဒူးပလာယာခရိုင် ဖလူး-ဝေါ်လေ ဒေသတွင် ဖြစ်ခဲ့သည့် ဥပဒေပြင်ပ သတ်ဖြတ်မှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရန် ၂၀၂၁ ဇူလိုင်လတွင် တာဝန်မှ ယာယီရပ်ဆိုင်းခဲ့ကြောင်း၊ စုံစမ်းစစ်ဆေးရေးကော်မတီ ၏ စုံစမ်းစစ်ဆေးရေး လုပ်ငန်းစဉ် အဆင့်ဆင့်တွင် ဗိုလ်မှူးချုပ်နယ်ဒါးမြသည် ခေါင်းဆောင်တစ်ဦး အနေဖြင့် တာဝန်ယူ၊ တာဝန်ခံစွာဖြင့် ပူးပေါင်းပါဝင်ရေး တွင်ပျက်ကွက် ခဲ့ပြီး KNU၏ တရားစီရင်ရေး လုပ်ငန်းစဉ်ကို ဆန့်ကျင်ရှောင်လွှဲခဲ့ကြောင်း၊ ထို့ကြောင့် ယခုနှစ် ဇန်နဝါရီ လတွင်ဗိုလ်မှူးချုပ်စောနယ်ဒါးမြအားတာဝန်နှင့် ရာထူးမှ လုံး၀ ရပ်ဆိုင်းခဲ့ပြီး လစ်လပ်သွားသည့် KNDO စစ်ဦးစီးချုပ်နေရာအားဗိုလ်မှူးကြီးစောရှီးလေအား တာဝန်ပေးအပ်ခဲ့ကြောင်း KNUက ထုတ်ပြန်ခဲ့သည်။

ဖလူး-ဝေါ်လေ ဒေသ၌ ဖြစ်ခဲ့သည့် ဥပဒေ ပြင်ပ သတ်ဖြတ်မှုမှာ KNDO ဦးဆောင်သည့် အဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် လမ်းလုပ်သားများကို KNDOက ဖမ်းဆီးသွားပြီး အမျိုးသား ၂၅ဦးခန့်ကို သတ်ဖြတ်ခဲ့ရာ ယင်းလုပ်ရပ်အပေါ် စုံစမ်းစစ်ဆေးပြီး KNDO စစ်ဦးစီးချုပ်အား ဖယ်ရှားခဲ့ခြင်းဖြစ်သည်။သို့​သော် ဗိုလ်မှူးချုပ်စောနယ်ဒါးမြကရာထူးမှ ဖယ်ရှားခြင်းကိုလက်မခံဟု မီဒီယာများသို့​ဖြေကြားခဲ့သည်။

ထို့အပြင် ပြီးခဲ့သည့်ဇွန်လ လူမှုကွန်ရက်တွင် ပြန့်နှံ့ခဲ့သည့် ဥကရစ်ထ စခန်းမှ ဖမ်းဆီးခြင်းခံခဲ့ရသည့် စစ်သုံ့ပန်းများအား ဥပဒေ ပြင်ပ သတ်ဖြတ်မှုနှင့်ပတ်သက်သည့် သံသယဖြစ်ဖွယ်ရာ ပါဝင်ပတ် သက်သူများ အား KNU၏ တရားစီရင်ရေး ဘောင်ထဲသို့ ပို့ဆောင် စစ်ဆေးရေး လုပ်ငန်းစဉ်သည်လည်း ဗိုလ်မှူးချုပ်စောနယ်ဒါးမြ၏ လုပ်ရပ်ကြောင့် ထိခိုက်စေခဲ့သည်ဟု KNUက ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

KNU တပ်မဟာ(၆) နယ်မြေအတွင်း စစ်ကောင်စီတပ်သားများ ဖမ်းဆီးရမိခဲ့သည့် ရုပ်သံနှင့် သတ်ဖြတ်ပြီး လမ်းမပေါ် တန်းစီချထားသည့် ရုပ်သံကို ဗိုလ်မှူးချုပ်စောနယ်ဒါးမြ ၏ တပ်ဖွဲ့နှင့် နီးစပ်သူများကလူမှုကွန်ရက်၌ ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။

အလားတူ KNU တပ်မဟာ(၄)နယ်မြေတွင်လည်း ဗိုလ်မှူးချုပ်နယ်ဒါးမြ လက်အောက်ရှိ ဗိုလ်ကော်လာဖိုးအဖွဲ့က အရပ်သား ကား ၂စီးထက်မနည်းကို ထုတ်ပြန်သည့် အမိန့် မလိုက်နာဟုဆိုကာ မီးရှို့ဖျက်ဆီးခဲ့သည်ဟုတပ်မဟာ(၄)တာဝန်ရှိသူက ပြောသည်။

အာဏာသိမ်းပြီးနောက် KNU ခရိုင် ၇ခုအနက် ခရိုင် ၆ခု၏ နယ်မြေများ၌ တိုက်ပွဲစုစုပေါင်း ငါးထောင်ကျော်ဖြစ်ခဲ့ရာ ဗိုလ်မှူးချုပ်နယ်ဒါးမြနှင့်ဆက်စပ်သည့် အဖွဲ့မှအပါကျန်နေရာများ၌ ဥပဒေပြင်ပသတ်ဖြတ်မှု ဖြစ်စဉ်များ မတွေ့ရဟု ဆိုသည်။

“အာဏာရှင် သူ(စောနယ်ဒါးမြ)တိုက်လည်းတိုက်ပေါ့။နိုင်ငံတကာရဲ့ စည်းမျဉ်းစည်းကမ်းချိုးဖောက်တာမျိုးကကျွန်တော်တို့နဲ့မပတ်သက်တော့ဘူး။ KNUက တာဝန်မယူတော့ဘူးပေါ့” ဟု KNUသတင်းရင်းမြစ်က ပြောသည်။

▪︎KNDO အထူးတပ်ရင်းများကို ဗိုလ်မှူးချုပ်နယ်ဒါးမြတစ်ဦးတည်း၏ သဘောဖြင့် ဖွဲ့စည်းခဲ့

ဗိုလ်မှူးချုပ်နယ်ဒါးမြသည်KNUကာကွယ်ရေးဌာနနှင့်KNLA၏ စည်းမျဉ်း စည်းကမ်းများ၊ တပ်မှူးများအစည်းအဝေး ဆုံးဖြတ်ချ်များအား လိုက်နာရန် ပျက်ကွက်မှု များစွာရှိခဲ့ပြီး မိမိသဘောဖြင့် KNDO အဖွဲအစည်းကို ဖွဲ့စည်းပြီး ရာထူးပေးအပ်ခြင်း၊ ငွေကြေးကောက်ခံခြင်းများအား တရားမဝင် ပြုလုပ်ခဲ့သည်ဟု KNU၏ ယမန်နေ့ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဗိုလ်မှူးချုပ်နယ်ဒါးမြသည် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်(DKBA) မှ ခွဲထွက်လာသည့် ဗိုလ်စလုံးအဖွဲ့ကိုလည်း ၎င်း၏ သဘောဖြင့် KNDO အထူးတပ်ရင်းဟူ၍ ဖွဲ့စည်းပေးခဲ့သည်ဟုဆိုသည်။

“သူကလည်း အဖွဲ့အစည်းရဲ့လုပ်ငန်းအရ အသိမပေးဘဲ ရာထူးတွေပေးတယ် ဖွဲ့တယ် နာမည်တပ်တယ်။” ဟု KNU ဗဟိုမှ သတင်းရင်းမြစ်က ပြောသည်။

အလားတူ ဗိုလ်ကော်လာဖိုး အဖွဲ့ကိုလည်း ဗိုလ်မှူးချုပ်နယ်ဒါးက KNDO အထူးတပ်ရင်း အဖြစ် ဖွဲ့စည်းပေးခဲ့သည်ဟုဆိုသည်။

“သူတို့တွေက ပထမပိုင်းမှာ KNDO အထူးတပ်ရင်းဆိုပြီး ဗိုလ်ချုပ်နယ်ဒါးမြကတစ်ဆင့် လှုပ်ရှားတဲ့သဘော။ ဒါပေမဲ့ မူအရတော့ ခရိုင်၊ တပ်မဟာ တစ်ခုမှာ KNDO တပ်ရင်းက တစ်ခုပဲရှိတာ။ ကျွန်တော်တို့က KNDO တပ်ရင်း တစ်ရင်းကရှိထားပြီးသားလေ။ အဲဒီ အထူးတပ်ရင်းဆိုတာ သပ်သပ်လာပြီးဖွဲ့တဲ့ သဘောပဲလေ။ လုပ်ထုံးလုပ်နည်းနဲ့ ပေါ်လစီနဲ့ ဘာမှမမှန်ဘူး ပြောရမယ်ဆို အာဏာလာတည်ဆောက်တဲ့သဘောပေါ့ဗျာ” ဟု တပ်မဟာ(၄) တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ဗိုလ်ကော်လာဖိုး ဆိုသူမှာ ယခင်က KNLA အဖွဲ့ဝင်ဖြစ်ပြီးစစ်အစိုးရလက်ထက်ကလက်နက်ချခဲ့ဖူးသူဖြစ်သည်ဟု ၎င်းက​ပြောသည်။

“လက်နက် ၂ခါ ချဖူးတယ်။ ပထမ တစ်ခါက ၉၇ လောက်မှာ လက်နက်ချတယ်။ နောက်ပြန်ထွက်ပြေး လာပြီး တပ်ထဲကို တစ်ခါပြန်ဝင်လာတယ်။ ပြန်ဝင်ပြီးတော့ ၂၀၀၄မှာ ခွဲထွက်သွားတယ်။ ခွဲထွက်ပြီး ဓားမြဖြစ်သေးတယ်။ ဓာမြ ဖြစ်တော့ လူထုနဲ့ KNU ပေါင်းပြီး လိုက်ပစ်တော့ နအဖ လက်ထဲမှာ တစ်ခေါက် လက်နက်ပြန်ချတယ်။ လက်နက် ၂ခါ ပြန်ချထားတော့ ဟိုးမှာနေတာ အဆင်မပြေတော့ ပြန်ပြေးလာပြီးတော့ ထိုင်းဝင်သွားတာပဲလေ။ ၂၀၂၁မှာ အဖွဲ့အစည်း ပြန်ဖွဲ့လိုက်တာ” ဟုKNUတပ်မဟာ(၄) တာဝန်ရှိသူကပြောသည်။

ယင်းနှင့်ပတ်သပ်၍ဗိုလ်ကော်လာဖိုးကို​မေးမြန်းရန်People’s spring ကဆက်သွယ်ရန်ကြိုးစား​နေပြီးဆက်သွယ်မရ​သေးပါ။

KNU တပ်မဟာ(၄)နယ်မြေ ထားဝယ်ခရိုင်ရှိ အချို့ဒေသများ၌ KNU လက်အောက်ခံတပ်များနှင့် PDFများ ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်မှု အချို့ရှိနေသည်ကိုလည်း ၎င်းက အတည်ပြုသည်။ ယင်းအဖွဲ့များနှင့် မည်သည့် ပြဿနာမှ မရှိခဲ့ဘဲ ဗိုလ်ကော်လာဖိုးအဖွဲ့နှင့်မူ ပစ်ခတ်မှု အချို့ရှိခဲ့သည်ဟု တပ်မဟာ(၄)တာဝန်ရှိသူက ပြောသည်။

▪︎KNUက အသိပေးလိုက်သည့် ဗိုလ်မှူးချုပ်နယ်ဒါးမြ၏ နောက်ကြောင်းရာဇဝင်

ကော်သူးလေတပ်မတော် ဖွဲ့စည်းကြောင်း ကြေညာခဲ့သည့် ဗိုလ်မှူးချုပ်နယ်ဒါးမြ(KNU ၏ ထုတ်ပြန်ချက်၌ စောနယ်ဒါးမြဟုဖော်ပြထား) အား KNUမှ ထုတ်ပယ်ရန် ဆုံးဖြတ်လိုက်ကြောင်း အသိပေးခဲ့သည့် KNU၏ ကြေညာချက်တွင် ၎င်းနှင့်ပတ်သက်သည့် နောက်ကြောင်း ရာဇဝင် အချို့ကို ဖော်ပြခဲ့သည်။

“စောနယ်ဒါးမြသည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်တပ်မဟာ(၇)မှူးဗိုလ်မှူးချုပ်ထိန်မောင် ဦးဆောင်ပြီး မိခင် KNU မှ ခွဲထွက်ရန် နအဖ(စစ်အစိုးရ) နှင့် ပြုလုပ်သည့် တွေ့ဆုံညှိနှိုင်းမှုများတွင် တက်တက်ကြွကြွ ပါဝင်ခဲ့ဖူးသည်ဟု KNUက ယမန်နေ့တွင် အသိပေးချက်တွင်​ဖော်ပြထားသည်။

၎င်းသည် ၂၀၀၇ ခုနှစ် ဇန်နဝါရီ ၃၁ရက် ၌ ဖွဲ့စည်းလိုက်သည့် ကရင်ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၏ ကနဦး ဖွဲ့စည်းမှုတွင် အတွင်းရေးမှူး (၁) အဖြစ် ပါဝင်ခဲ့ကြောင်းလည်း ဖော်ပြသည်။သို့သော် ၎င်းအဖွဲ့အစည်းဖွဲ့စည်းမှုတွင် အမည်နာမအားဖြင့် ကိုယ်တိုင်မပါဝင်ဘဲ ထည့်သွင်းဖော်ပြခြင်း ခံခဲ့ရသူ၊ ခေါင်းဆောင်အသီးသီးက ၎င်းအဖွဲ့အစည်းနှင့် ကင်းရှင်းကြောင်း တရားဝင် ထုတ်ပြန်ကြေညာမှု အသီးသီး ပြုလုပ်ခဲ့ကြသော်လည်း စောနယ်ဒါးမြသည် ယင်းသို့ တရားဝင် ထုတ်ပြန်ကြေညာရန် ပျက်ကွက်ခဲ့သည်ဟု KNUက ဆိုသည်။

KNU-KNLA(PC)အဖွဲ့သည် NCA လက်မှတ်ရေးထိုးထားသည့် ကရင်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီး အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နှင့် ထိတွေ့ဆက်ဆံဆွေးနွေးနေသည့် တပ်ဖွဲ့ဖြစ်သည်။အာဏာသိမ်းစစ်​ခေါင်း​ဆောင်မင်း​အောင်လှိုင်ဖိတ်ကြား​သော​ဆွေး​နွေးပွဲသို့တက်​ရောက်ခဲ့​သောအဖွဲ့ဖြစ်သည်။

၂၀၁၃ ခုနှစ်တွင် KNU ကာကွယ်ရေးဌာနက စောနယ်ဒါးမြအား KNDO စစ်ဦးစီးချုပ်အဖြစ် တာဝန်ပေးအပ်ခဲ့ရာ ၎င်းစတင် တာဝန်ထမ်းဆောင်ချိန်မှ စတင်၍ စစ်ဦးစီးဌာနချုပ်နှင့် KNU၏ အဖွဲ့အစည်း ခေါင်းဆောင်တစ်ဦး အနေဖြင့် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်း ၊ တာဝန်၀တ္တရားများကို ချိုးဖောက်လေ့ရှိ ကြောင်း KNUကဆိုသည်။

စောနယ်ဒါးမြ၏ စစ်ဦးစီးချုပ်အဖြစ် လက်မှတ်ရေးထိုး ထုတ်ပြန်သည့် Kawthoolei Army ဖွဲ့စည်းရေးသည် KNU၊ KNLA နှင့် ပတ်သက်ခြင်းမရှိကြောင်းကိုနိုင်ငံတကာ အစိုးရများနှင့် အဖွဲ့အစည်းများ ၊ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် ပြည်တွင်း ပြည်ပပြည်သူလူထုနှင့် တော်လှန်ရေး အဖွဲ့အစည်းအသီးသီးသို့ လေးစားစွာ ဖြင့်အသိပေးကြောင်း လည်းKNU၏ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

​စောနယ်ဒါးမြက ​ကော်သူး​လေတပ်မ​တော်ဖွဲ့စည်း​ကြောင်း​ကြေညာပြီး ၊ KNLA ကအသိ့အမှတ်မပြု​ကြောင်း KNU က​စောနယ်ဒါးမြကိုထုတ်ပယ်လိုက်​ကြောင်း​ကြေညာချက်များထွက်လာရာ ပြည်သူအများစုက စစ်​ကောင်စီ​တော်လှန်​ရေးအ​ပေါ်ထိခိုက်မည်ကို စိုးရိမ်​နေကြသည်။ ​စောနယ်ဒါးမြက Kawthoolei Armyသည် နယ်​မြေ​ဒေသအသီးသီးရှိ​​တော်လှန်​ရေးအဖွဲ့အစည်းများနှင့်လက်တွဲ၍ စစ်အာဏာရှင်စနစ်အမြန်ဆုံးကျဆုံး​စေရန် တိုက်ပွဲဝင်သွားမည်ဟုဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။

သတင်း

အဆိုပါ သံချပ်ကာ မှာ ရုရှားလုပ် ကင်းထောက်သံချပ်ကာBRDM 2 အမျိုးအစားဖြစ်ပြီး ၂၀၂၁ မတ် ၂၇ စစ်ရေးပြပွဲတွင် စစ်​ကောင်စီက ပြသခဲ့ဖူးသည်။ စစ်​ကောင်စီက ရုရှားထံမှ BRDM2 သံချပ်ကာယာဥ် ၃၃ စီးဝယ်ယူထား​ကြောင်းသိရသည်။