မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လေညှင်းတောင်ကုန်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသတွင်း PDFများ တိုက်ပွဲဖြစ်ကာ နှစ်ဖက်ထိခိုက်မှုရှိကြောင်း ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့(PUGF)က ထုတ်ပြန်သည်။
ယမန်နေ့ (ဇူလိုင် ၂၆ရက်) မွန်းတည့်၁၂ နာရီခန့်က ပခုက္ကူမြို့နယ်မြောက်ပိုင်းနှင့် မြိုင်မြို့နယ် အရှေ့တောင်ပိုင်းသို့ စစ်ကြောင်းထိုးလာသော အင်အား ၇၀ကျော်ပါ စစ်ကောင်စီတပ်အား မကျီးစုကျေးရွာနှင့် ကျောက်ဆောက်ကျေးရွာကြားရှိ ဒေသအခေါ် လေညှင်းတောင်ကုန်းနားအရောက်တွင် PDFများက စတင်တိုက်ခိုက်ခဲ့ကြသည်။
စစ်ကောင်စီတပ်အား မဟာမိတ်တပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ကြရာ အကြမ်းဖက်စစ်သား ၇ ဦးထိခိုက်ဒဏ်ရာရရှိပြီး သေဆုံးမှုလည်းရှိနိုင်ကြောင်း ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
စစ်ကောင်စီတပ်ကလည်း RPGများ၊ လက်နက်ကြီး ၊ လက်နက်ငယ်များ ၊ စက်လက်များဖြင့်ပြန်လည်ပစ်ခတ်ကြပြီး နှစ်ဖက်အပြန်အလှန် ထိတွေ့တိုက်ပွဲဖြစ်ပွားရာ ပြည်သူ့ရဲဘော်သုံးဦး လက်နက်ကြီးစထိမှန် (မစိုးရိမ်ရ) ဒဏ်ရာ ရရှိခဲ့ကြောင်း ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့က အသိပေးသည်။

Public Service Announcement

နှစ်ဖက်အပြန်လှန်ပစ်ခတ်မှု ၁နာရီခန့်အကြာတွင် ရဲဘော်များအားလုံး ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိသည်မှအပ အကျအဆုံးမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟုဆိုသည်။
အဆိုပါတိုက်ပွဲတွင် ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့(P.U.G.F)၊ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့(M.R.G.F)၊ ဂျိုင်းကြားလက်နက်ကြီးတပ်ဖွဲ့ ၊ နဂါးနီအထူးတိုက်ခိုက်ရေးတပ်ဖွဲ့ ၊ ဂဠုန်ပြောက်ကျားတပ်ဖွဲ့ (မြိုင်)၊ ငဘ လက်နက်ကြီးတပ်ဖွဲ့၊ ဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့(မြိုင်)၊ Earthquake People’s Defense Force ၊ PKU North ၊ Urban Underground Revolution Force ၊ King Cobra People Defense Force ၊ Yesagyo PDF ၊ RSO (Pakokku) ၊ ရွှေညာမြေ PDF ၊ Yesagyo Revolution Group (YRG)၊ Southern YSO PDF နှင့် အခြားမဟာမိတ်တပ်ဖွဲ့များစုပေါင်း၍ တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။
ဖြစ်စဥ်နှင့်ပတ်သက်၍ မဟာမိတ်အဖွဲ့များထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။
စစ်ကောင်စီတပ်သည် အနီးနားရှိ မကျီးစုကျေးရွာအား မီးရှို့သွားခဲ့ကြောင်း၊ ပြည်သူများအနေဖြင့် စစ်ကြောင်းသတင်းကို အမြဲနားစွင့်ကာ စစ်ကြောင်းနှင့်လွတ်ရာသို့အမြန်ဆုံးရှောင်ရှားကြပါရန် ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့က သတိပေးသည်။


















































