မင်းကင်းမြို့နယ်အတွင်း ကျေးရွာအချို့ကို ယနေ့(သြဂုတ် ၆ရက်)နေ့လယ်မှ စတင်ကာ စစ်ကောင်စီက ရဟတ်ယာဥ် လေကြောင်းမှတိုက်ခိုက်ခဲ့ပြီး မြေပြင်မှလည်း စစ်ကြောင်းထိုးနေ သည်ဟု သတင်းရရှိသည်။
မင်းကင်းမြို့နယ်လောင်ပြည့်နှင့် သံပေါက်ခြာကျေးရွာကို နေ့လည် ၂နာရီမှစ၍ လေကြောင်းမှ တိုက်ခိုက်နေသည်ဟု Myanmar Defense Force ဗဟို ပြန်ကြားရေးကော်မတီက သတင်း ထုတ်ပြန်သည်။
“ရှေ့ကနေ တိုက်လေယာဥ်ကပစ်ပြီး နောက်ကနေ ရဟတ်ယာဥ်နဲ့လူလာချတယ်။ မဲမဲမြင်ရာ ပစ်နေတာ”ဟု မင်းကင်းမြို့မှ ပြည်သူ့ကာကွယ်ရေး ရဲဘော် တစ်ဦးက ပြောသည်။

လောင်းပြည့် နှင့်သံပေါက်ကျေးရွာအနီးသို့ စစ်ကောင်စီ အင်အား ၁၀၀ခန့်ကို ရဟတ်ယာဉ်ဖြင့်ချ ထားပြီး စစ်ကြောင်းစတင်ထိုးနေသည်ဟု ဆိုသည်။

Public Service Announcement
“ရွာကဒေသခံတွေ ထွက်ပြေးနေရတယ်။ ကျွန်တော်တို့ကြားသလောက် မင်းကင်း၊ ဒီပဲယင်း၊ ရေဦးနယ်တွေကို တပြိုက်နက်တိုက်နေတာ”ဟု ဒီပဲယင်းမြို့အခြေစိုက် ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်က လေကြောင်းမှတိုက်ခိုက်မှုကြောင့် ပြည်သူများထိခိုက် မှုရှိနိုင်ပြီး မြေပြင်သတင်းတိကျစွာ မသိရသေးကြောင်း Myanmar Defense Forceက ထုတ်ပြန်ထားသည်။
