Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အင်းစိန်လမ်းမပေါ်ချထားသည့် မင်းအောင်လှိုင်ပုံတူအရုပ်မှ ဗုံးပေါက်

စစ်ကောင်စီဝင်များက အရုပ်တွင် ဗုံးတွေ့ရှိ၍ ဖောက်ခွဲမှု ပြုလုပ်ခဲ့ကြောင်းနှင့် လူထိခိုက်မှု မရှိခဲ့​ကြောင်း အင်းစိန်မြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

ဓာတ်ပုံ - Yangon Drone
ဓာတ်ပုံ - Yangon Drone

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ အင်းစိန်လမ်းမ အောင်သိဒ္ဓိလမ်းမီးပွိုင့်တွင် ချထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပုံစံတူအရုပ်မှ ယနေ့ (သြဂုတ် ၁၉) နေ့လည်ပိုင်း၌ ဗုံးပေါက်ကွဲခဲ့ကြောင်း ဒေသခံပြည်သူများက ပြောသည်။

ယနေ့ နံနက် ၁၁ နာရီခွဲကျော်တွင် အင်းစိန်လမ်းနှင့် အောင်သိဒ္ဓိလမ်းထောင့် မီးပွိုင့်အလယ်တွင် မင်းအောင်လှိုင် ပုံတူ အရုပ်အား စစ်ဝတ်စုံဖြင့် ချထားပြီး တာယာကွင်းများ မီးရှို့၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှု ပြုလုပ်ခဲ့သည့်အတွက် စစ်ကောင်စီက လမ်းများပိတ်ဆို့ခဲ့သည်။

ထို့နောက်က စစ်ကောင်စီဝင်များက အရုပ်တွင် ဗုံးတွေ့ရှိ၍ ဖောက်ခွဲမှု ပြုလုပ်ခဲ့ကြောင်းနှင့် လူထိခိုက်မှု မရှိခဲ့​ကြောင်း အင်းစိန်မြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

“မနက်က လာချထားတဲ့ မအလ အရုပ်မှာ ဗုံးတွေ့လို့ ဆိုပြီး စစ်သားတွေက ဗုံးကိုဖောက်လိုက်တာပါ။ အသံအကျယ်ကြီးတော့ ကြားလိုက်ရတယ်။ သူတို့တွေ မထိဘူးလို့တော့ သိရတယ်။ သူများနိုင်ငံက ဗုံးတွေ့ရင် ရှင်းလင်းတာ၊ အခု စစ်တပ်က ဗုံးမရှင်းတတ်တော့ ဗုံးကို ဖောက်လိုက်ကြတယ် “ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အဆပလ (ACPLF) အဖွဲ့သည် Fear No Evil အဖွဲ့နှင့်ပူးပေါင်း၍ ၂၀၂၂ သြဂုတ် ၁၉ ရက်နံနက် ၁၁နာရီခွဲအချိန်တွင် ရန်ကုန်-အင်းစိန်လမ်းမကြီး၊ ခဝဲခြံမှတ်တိုင်နှင့် ကုလားကျောင်းမှတ်တိုင်ကြား အောင်သိဒ္ဓိလမ်း မီးပွိုင့်တွင် အကြမ်းဖက်စစ်တပ်ခေါင်းဆောင်မင်းအောင်လှိုင်ပုံစံတူ ယူနီဖောင်းဝတ်တုတ်ထိုးရုပ်ကို လာရောက် ရှင်းလင်းသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဗုံးနှစ်လုံးဖောက်ခွဲတိုက်ခိုက်ခဲ့ပါသည်ဟု ACPLF-အဆပလက အသိပေးထားသည်။

ထို့အပြင် ပစ်မှတ်ကိုသေချာစီစဥ်ထားသော်လည်း နည်းပညာအခက်အခဲဖြစ်ပေါ်လာ၍ ဆင်ထားသောဗုံးများမှာ အချိန်မီမကွဲပဲ လွဲချော်သွားမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအထိအခိုက်မရှိခဲ့ကြောင်းပြည်သူအားအသိပေးတင်ပြအပ်ပါသည်ဟု ထပ်မံဖော်ပြထားသည်။

လက်တလောတွင် အကြမ်းဖက် စစ်ကောင်စီဝင်များက အင်းစိန်လမ်းမ တစ်လျောက်နှင့် ရပ်ကွက်များအတွင်း လှည့်လည်ကာ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

ယနေ့ ညနေပိုင်းတွင် စစ်ကောင်စီက အင်းစိန်လမ်းမကြီးကို ပြန်လည် ဖွင့်ပေးခဲ့သော်လည်း ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်တပ်နှင့် ဝေးရာတွင် နေပေးကြရန်လည်း Mayangone Defence & Rescue Force က ထုတ်ပြန်ထားသည်။

“ဖြစ်နိုင်ရင် မအလအရုပ်ဗုံးပေါက်တဲ့အနားမှာ နေထိုင်ကြသူများ အိမ်မှာ ခဏလောက်အေးဆေးနေပေးကြပါ။ စခတွေ ခြေရှုပ်နေလို့ပါ “ဟု Mayangone Defence & Rescue Forceက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

တိုင်ကြားသူများထဲတွင် ၂၀၂၁ခုနှစ်စက်တင်ဘာ ၂၉ ရက်က စစ်ကောင်စီတပ်က ပစ်သတ်ခံခဲ့သည့် ပူးရဲလ်တူးသမီးလည်းပါဝင်သည်။ ပူးရဲလ်တူးသည် ပူးဟရမ်ကျင်းနှင့်အတူ ထန်တလန်မြို့က ထွက်ပြေးပြီး ဆေးဝါးများပြန်ယူစဉ် စစ်ကောင်စီတပ်က နှစ်ဦးလုံးကို သတ်ဖြတ်ခဲ့သည်။

သတင်း

ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီဝင်များက သာကေတမြို့နယ် ယမုံနာလမ်းမကြီး၊ ရှုခင်းသာမြို့ပတ်လမ်းနှင့် ဗန္ဓုလတံတားတို့တွင် အိမ်စီးကားများနှင့် အဌားယာဥ် (Taxi) များကို စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

သတင်း

ရန်ကုန်မြို့တွင် တော်လှန်ရေးသတင်းများ တင်ဆက်နေသည့် Rangoon Scout Network ​​ဖေစ်ဘွခ်စုမျက်နှာကလည်း ယနေ့ညပိုင်း၌ လှိုင်မြို့နယ်၊ မြောက်ဒဂုံနှင့်လှိုင်သာယာမြို့နယ်တို့တွင်လည်း ဗုံးပေါက်ကွဲသံများ ကြားရကြောင်း ဖော်ပြထားသည်။

သတင်း

အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စော်ဘွားကြီးကုန်း ပန်းခြံအနီးနှင့် အင်းစိန်လမ်းမတလျောက်တို့တွင် စစ်ကောင်စီ၏ ကင်းလှည့်ကားများ လှည့်ပတ်စစ်ဆေးနေကြောင်း ရပ်ကွက်နေပြည်သူအချို့က ဆိုသည်။