စစ်ကိုင်းတိုင်း၊ မုံရွာ – အရာတော်လမ်းပိုင်းတွင် စစ်ကောင်စီ၏ တင့်ကားသယ်ယာဉ်များအပါအဝင် စစ်ကောင်စီတပ်များအား တစ်ရက်တည်း သုံးကြိမ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း Danger Force LPDFအဖွဲ့က သတင်းထုတ်ပြန်သည်။
စက်တင်ဘာ ၅ ရက် နံနက် ၆ နာရီခွဲခန့်က မုံရွာ – အရာတော်လမ်းပေါ်၌ အရာတော်မြို့မှ မုံရွာမြို့သို့သွားသော စစ်ကောင်စီယာဉ်တစ်စီးအား ရွာတုံကျေးရွာနှင့် ထနောင်းဝင်း ကျေးရွာကြားတွင် ပဒေသာမိုင်း (၉)လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားဘေးတစ်ခြမ်း ထိခိုက်ပျက်စီးသွားပြီး ကားပေါ်ရှိ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုများရှိနိုင်ကြောင်း Danger Force LPDF အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
နံနက်၁၁နာရီ၂၈မိနစ်ခန့်တွင် အရာတော်မြို့မှ ထွက်လာသော ခြေလျင်စစ်ကြောင်းအား တုံးတင်ကန်ကျေးရွာနှင့် ဆူးလေကုန်ကျေးရွာကြားတွင် ပဒေသာမိုင်း (၄)လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦး သေဆုံးပြီး နှစ်ဦး အပြင်းအထန်ဒဏ်ရာရရှိသွားကြောင်း ထပ်မံ အသိပေးသည်။

ထို့နောက် မွန်းလွဲ ၂နာရီ ၁၅ မိနစ်ခန့်တွင်လည်း အရာတော်ဘက်မှ တင့်ကား ၂ စီး တင်ဆောင်လာသော (၂၂)ဘီး ယာဉ်နှစ်စီး နှင့် လုံခြုံရေးလိုက်ပါလာသော သံပြားကာကား တစ်စီးအား မုံရွာ – အရာတော်လမ်းမပေါ်တွင် ပဒေသာမိုင်း (၅)လုံးဖြင့် နှစ်ကြိမ်တိုင်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်ပျက်စီးသွားသောကြောင့် ယာဉ်များမှာ ရပ်တန့်သွားခဲ့သည်ဟု အသိပေးထားသည်။

Public Service Announcement
ယင်းကားများအား မုံရွာဘက်မှ စစ်ကောင်စီတပ်က အိမ်စီးကားများဖြင့် လာကြိုကာ ည ၇နာရီတွင် ကားများ မုံရွာမြို့ဘက်သို့ ပြန်လည်ထွက်ခွာသွားကြောင်း ထုတ်ပြန်ထားသည်။
အထိအခိုက်အကျအဆုံးအား အတည်မပြုနိုင်သေးဘဲ စစ်ကောင်စီတပ်က မနားတမ်းပြန်လည်ပစ်ခတ်သော်လည်း ပြည်သူ့တပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း Danger Force LPDFက အသိပေးသည်။
အဆိုပါစစ်ဆင်ရေးများအား Danger Force LPDF ၊မိုင်းမင်းသားမြေအောက်ပြောက်ကျား ၊ သပြေညို ပြောက်ကျားတပ်ဖွဲ့ ၊ ပတ္တမြားညီနောင်ပြောက်ကျားတပ်ဖွဲ့ ၊PRF ပြောက်ကျားတပ်ဖွဲ့၊ရောင်ပြန်ပြောက်ကျားတပ်ဖွဲ့၊Ayadaw Bone Naing (ABN-PDF) ၊ Ayadaw Falcon Force(AF2)၊ AMT မြေပြင်ပြောက်ကျားတပ်ဖွဲ့ ၊ အရာတော်(ပကဖ)တို့မှ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးသည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး Danger Force LPDF အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ People’s Springက ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပေ။


















































