▪︎မြန်မာပြည်သူတွေရဲ့ ဆန္ဒကို လေးစားဖို့ စစ်အာဏာရှင်ကို အမေရိကန်ထပ်မံတောင်းဆို
စစ်အာဏာရှင်စနစ်ဆိုးအောက်မှာ တစ်ရက်မျှ မနေထိုင်ချင်ဘဲ ဒီမိုကရေစီလိုလားတောင့်တနေကြတဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို လေးစားဖို့ စစ်အာဏာရှင်ကို အမေရိကန်က ထပ်မံ တောင်းဆိုပါတယ်။ ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့မှာ ထုတ်ပြန်တောင်းဆိုတာဖြစ်ပြီး အမေရိကန်ဟာ လွတ်လပ်မှုနဲ့ ဒီမိုကရေစီအရေးအတွက် ကြိုးပမ်းအားထုတ် နေကြတဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်းလည်း ထပ်လောင်းအတည်ပြုပါတယ်။ နော်ဝေနိုင်ငံကလည်း မြန်မာပြည်သူပြည်သားတွေရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးခရီးရှည်ကြီးကို ဆက်လက်ပံ့ပိုးကူညီသွားမယ်လို့ ဒီနေ့ထုတ်ပြန်ပါတယ်။
▪︎ဂျပန်ရောက်မြန်မာများရဲ့ နေထိုင်ခွင့်နဲ့ နိုင်ငံကူးလက်မှတ်ကိစ္စ NUG ကိုယ်စားလှယ်ရုံး ဆောင်ရွက်ပေးမယ်
ဂျပန်ရောက် မြန်မာနိုင်ငံသားတွေရဲ့ ပြည်ဝင်ခွင့်၊ နေထိုင်ခွင့်နဲ့ နိုင်ငံကူးလက်မှတ်ဆိုင်ရာကိစ္စရပ်တွေကို စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံးမှာ သက်တမ်းတိုးဖို့ ဆန္ဒမရှိသူတွေကို ဂျပန်အစိုးရနဲ့ ညှိနှိုင်းကာ အဆင်ပြေအောင် ဆောင်ရွက်ပေးမယ်လို့ ဂျပန်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်ရုံးက အသိပေးထုတ်ပြန်ပါတယ်။ လက်ရှိမှာ ဂျပန်ရောက်မြန်မာနိုင်ငံသားများက ဗီဇာကိစ္စရပ်တွေကို စစ်ကောင်စီသံရုံးနဲ့ ချိတ်ဆက်ဆောင်ရွက်လိုတဲ့ ဆန္ဒမရှိဘူးလို့ NUG ဂျပန်ကိုယ်စားလှယ်ရုံးထံ စာရေးသားတင်ပြကြပြီး အဲဒီတိုင်ကြားစာတွေ လက်ခံရရှိထားတာကြောင့် NUG ကိုယ်စားလှယ်ရုံးဟာ ဂျပန်နိုင်ငံ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးညှိနှိုင်းပြီးဖြစ်တယ်လို့ ဆိုပါတယ်။
▪︎အမျိုးသမီးသတင်းထောက် မထက်ထက်ခိုင်ကို စစ်ကောင်စီထောင် ၃ နှစ်ချ
BBC မီဒီယာရဲ့ ‘ခံစားကြည့်’ ရုပ်သံအစီအစဉ်မှာ တင်ဆက်သူအဖြစ် လုပ်ကိုင်ခဲ့သူ သတင်းထောက် မထက်ထက်ခိုင်ကို စစ်ကောင်စီက ဆူပူအောင်လှုံဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့ ဒီနေ့မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် ချလိုက်တယ်လို့သိရပါတယ်။ မထက်ထက်ခိုင်ဟာ စစ်တပ်အာဏာသိမ်းပြီး ၆ လအကြာ ၂၀၂၁ သြဂုတ်လအတွင်းက ရန်ကုန်မှာ ဖမ်းဆီးခံခဲ့ရတာပါ။ အဲဒီနောက် စစ်ကောင်စီက မထက်ထက်ခိုင်ကို ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲပါတယ်။ ဒါ့အပြင် NUG ရဲ့ ဖက်ဒရယ် FMမှာ စေတနာ့ဝန်ထမ်း အယ်ဒီတာအဖြစ် လုပ်ကိုင်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) နဲ့လည်း အမှုဖွင့်ထားပါတယ်။

Public Service Announcement
▪︎AA ရဲ့ အရေးပေါ်ကြေညာချက်အပြီး စစ်ကောင်စီက ရခိုင်မြောက်ပိုင်းမှာ ရေယာဉ်များသွားလာမှု ပိတ်ပင်
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)က စစ်ရေးအခြေအနေများကြောင့် ကုန်းလမ်း၊ ရေလမ်းသွားယာဉ်များကို စစ်ဆေးမယ်လို့ မနေ့က အရေးပေါ်ကြေညာချက် ထုတ်ပြန်ပြီးနောက် စစ်ကောင်စီက ရခိုင်မြောက်ပိုင်း မြို့နယ်တွေမှာ ရေယာဉ်များ သွားလာခွင့်ကို ပိတ်ပင်လိုက်တယ်လို့ ရခိုင်ဒေသခံတစ်ဦးက ပြောပါတယ်။ ရခိုင်ပြည်မြောက်ပိုင်း မြို့ ၁၀ မြို့ ရေကြောင်းခရီးတွေ အကုန်လုံး ဒီနေ့ကစပြီး ထွက်ခွာပြေးဆွဲလို့ မရတော့ဘူးလို့ဆိုပါတယ်။ အဲဒီလိုပိတ်ပင်လိုက်တာကြောင့် မောင်တော၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဍားကျွန်း၊ စစ်တွေ၊ မြောက်ဦး ၊ မင်းပြား ၊ မြေပုံ စတဲ့ မြို့နယ်တွေ အပါအဝင် ရခိုင်မြောက်ပိုင်းရှိ ပြည်သူလူထုအနေနဲ့ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး အပါအ၀င် အခက်အခဲများစွာကြုံကြရမယ်လို့ ဒေသခံက ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းမှာ မောင်တောမြောက်ပိုင်းမှာ ပစ်ခတ်မှုတွေ ရှိတယ်လို့လည်း သိရပါတယ်။

▪︎ပအိုဝ်းတပ် PNLA တပ်ဖွဲ့ဝင်ငါးဦးကို ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့က ဖမ်းဆီးသတ်ဖြတ်
ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်မှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA) တပ်ဖွဲ့ဝင် ၅ဦးကို စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်အဖွဲ့(PNO/PNA)က ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ PNLOက ထုတ်ပြန်ပါတယ်။ စက်တင်ဘာ ၁၄ရက် မွန်းလွဲပိုင်းမှာ ပင်လောင်းမြို့နယ် ပင်မွန်းကျေးရွာအုပ်စု ဝါးပြုံးကျေးရွာမှာ PNLO/PNLA မှ ဒုတပ်စုမှူး ခွန်ထွန်းဦး အပါအဝင် ငါးဦးကို မည်သည့် ရန်ငြိုးရန်စတစ်စုံတရာမှ မရှိဘဲ PNO/PNA ပြည်သူ့စစ်အဖွဲ့က အကြောင်းမဲ့ ဖမ်းဆီး ခေါ်ဆောင်သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။ PNLO ရဲဘော်တွေဟာ လက်နက်နဲ့အတူ သွားတာဖြစ်ပြီး လက်နက်တွေကို PNOက သိမ်းထားတယ်လို့ သိရပါတယ်၊

▪︎မိုးဗြဲမြို့ကို စစ်ကောင်စီတပ် တကျော့ပြန်ထိုးစစ်ဆင်လာ
သေဆုံးမှုများပြားတာကြောင့် တပ်ဆုတ်သွားခဲ့ရတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဟာ မိုးဗြဲမြို့ကို တကျော့ပြန်ထိုးစစ်ဆင်လာတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MB PDF)က ဒီနေ့ ထုတ်ပြန်ပါတယ်။ လက်ရှိစစ်ကောင်စီစစ်ကြောင်းဟာ ဝှါရီဆူးပလိုင်ရွာနဲ့ မိုးဗြဲမြို့ကြား ရထားလမ်းကို ရောက်ရှိနေပြီး မိုးဗြဲမြို့အတွင်းကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်နေတယ်လို့ ဆိုပါတယ်။ အဲဒါကြောင့် ဒေသခံပြည်သူတွေအနေနဲ့ လုံခြုံစိတ်ချရတဲ့နေရာမှာ နေပေးဖို့နဲ့ ပြည်သူတွေအနေနဲ့ မိုးဗြဲလမ်းကို အသုံးမပြုသေးဖို့ MB PDFက တိုက်တွန်းပါတယ်။ စစ်ကောင်စီတပ်ဟာ အင်အား ၁၀၀ နီးပါးအပြင် တင့်ကား နှစ်စီးပါလာပြီး ပြီးခဲ့တဲ့ ရက်ပိုင်းကထက် တိုက်ပွဲပြင်းထန်လာနိုင်တယ်လို့ MB PDF တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။
▪︎မြိုင်မှာ ကင်းလှည့်လာတဲ့ ရဲများကို တိုက်ခိုက်ရာ ရဲတစ်ဦးသေ
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ရေနံမြေရဲကင်းစခန်းမှ ကင်းပတ်ထွက်လာတဲ့ ရဲ ၈ ဦးကို တိုက်ခိုက်ခဲ့ရာ ရဲတစ်ဦးသေဆုံးပြီး သေနတ်တစ်လက်နဲ့ ကျည်များ သိမ်းဆည်းနိုင်ခဲ့တယ်လို့ မြိုင်မြို့နယ် ကျေးရွာများ တော်လှန်ရေးတပ်ဦး MVRFက သတင်းထုတ်ပြန်ပါတယ်။ မနေ့က မြိုင်မြို့နယ် Well 2 ရေနံမြေရဲကင်းစခန်းမှ ကင်းပတ်ထွက်လာတဲ့ ရဲ ၈ ဦးကို ပခုက္ကူခရိုင်တပ်ရင်း အမှတ်( ၆ ) – MVRF နဲ့ Eagle Fighter အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ရဲတစ်ဦးသေဆုံးခဲ့တဲ့အပြင် အခြားရဲတစ်ဦးလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပြီး ကျန် ရဲတွေက Well 2 စခန်းအတွင်း ပြန်လည်ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။ သေဆုံးရဲထံမှ G3 တစ်လက်၊ကျည် ၁၁၅ တောင့်၊ဘောက်အပို ၁ ခု ၊ ငွေသား ၁ သိန်းကျော် သိမ်းဆည်းရမိခဲ့ပြီး MVRF ရဲဘော် ၁ ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့ပါတယ်။


▪︎မုံရွာ – အမြင့်လမ်းဘေးရွာတွေကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီး
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် မုံရွာ – အမြင့်လမ်းဘေးကျေးရွာနှစ်ရွာရှိ နေအိမ်၂၀ ကျော်နဲ့ ဆိုင်ကယ်အစီး ၃၀ကျော်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီး လမ်းတစ်လျှောက်ကျေးရွာတွေမှ ပြည်သူတစ်သောင်းခန့် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စက်တင်ဘာ ၁၂ ရက်က မုံရွာ – အမြင့်လမ်းရှိ ညောင်ဖြူပင်ရဲကင်းစခန်းက ရဲနှစ်ဦးကို PDFအဖွဲ့က ဝင်ရောက်ပစ်ခတ်မှုအပြီး စက်တင်ဘာ ၁၃ ရက် မနက်ပိုင်းက စတင်ကာ စစ်ကောင်စီတပ်ဟာ ကုန်းကြောင်း၊ ရေကြောင်း စစ်ကြောင်းနှစ်ကြောင်းနဲ့ အဲဒီလမ်းပိုင်းရှိ ကျေးရွာတွေကို ဝင်ရောက်လာခဲ့တာပါ။ အကြမ်းဖက်စစ်ကောင်စီတပ်ဟာ လက်နက်ကြီးအသုံးပြုပစ်ခတ်ခဲ့တဲ့အပြင် လူနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
▪︎နိုင်ငံတဝန်းဆန္ဒပြပွဲတွေ
စစ်ကိုင်းတိုင်း ယင်းမာပင်-ဆားလင်းကြီးမြို့နယ်ရှိ ဒေသခံပြည်သူတွေက “Accept NUG and Our Ambassador, Reject Dictator” စာသားနဲ့ ကုလသမဂ္ဂမှာ NUG နဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို အသိအမှတ်ပြုလက်ခံဖို့၊ စစ်အာဏာရှင်ကို ငြင်းဆန်ဖို့ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

ခင်ဦးမြို့နယ်မှာလည်း အင်အားရာချီကာ “NUGအစိုးရ ဒို့အစိုးရ” ၊ “ငါတို့သံအမတ် သည် ဦးကျော်မိုးထွန်း” ၊ “၅/ဟေ့ရဲရဲနီ အာဏာရှင်စနစ်အမြစ်ဖြတ်မည်” ၊ “အောင်နိုင်စိတ်ထား ခင်ဦးသား သမိုင်းထူမယ့် ခင်ဦးသူ”စတဲ့ လူထုကြွေးကြော်သံတွေနဲ့ ချီတက်ဆန္ဒပြခဲ့ပါတယ်။



















































