▪︎သမ္မတဦး၀င်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်တို့ကို နိုင်ငံ့ခေါင်းဆောင်တွေအဖြစ်ကုလသမဂ္ဂဆက်လက်အသိအမှတ်ပြု
ကုလသမဂ္ဂဌာနချုပ်မှာ ထားရှိတဲ့ နိုင်ငံ့ခေါင်းဆောင်များမှတ်တမ်းစာအုပ်(Blue Book)မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံ့အကြီးအကဲခေါင်းဆောင်တွေအမည်စာရင်းမှာ နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်၊ နိုင်ငံခြားရေး၀န်ကြီးလည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်တို့ကို ဆက်လက်အသိအမှတ်ပြုထားဆဲဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောပါတယ်။ တရားမ၀င်အာဏာသိမ်းစစ်တပ်ဟာ လက်ရှိအချိန်အထိ ကုလသမဂ္ဂနဲ့ နိုင်ငံတကာမှာ အသိအမှတ်ပြုမှုမရသေးဘဲ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာလည်း ရုရှားလို နိုင်ငံလောက်သာ သွားလာခွင့်ရရှိနေတာဖြစ်ပါတယ်။

▪︎စစ်တပ်ပြုလုပ်မယ့် ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့ CRPH ဥက္ကဌပြော
အာဏာသိမ်းစစ်တပ်ဟာ၎င်းတို့အာဏာတည်မြဲရေးအတွက် ရွေးကောက်ပွဲကျင်းပဖို့ စီစဉ်နေပြီး အဲဒီရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)ဥက္ကဌ ဦးအောင်ကြည်ညွန့်က ပြောပါတယ်။ စစ်တပ်ရဲ့ ရွေးကောက်ပွဲကျင်းပမယ့်လုပ်ရပ်ဟာ မြန်မာပြည်သူတွေနဲ့ ဒီမိုကရေစီကို စော်ကားခြင်းပင်ဖြစ်တယ်လို့ ဆိုပါတယ်။ နိုင်ငံတကာပါလီမန်များအဖွဲ့က ကြီးမှူးကျင်းပတဲ့ ဆွေးနွေးပွဲကို CRPH ဥက္ကဌ တက်ရောက်ကာ မြန်မာနိုင်ငံအခြေအနေတွေကို ရှင်းလင်းတင်ပြခဲ့ပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည်ရရှိရေးနဲ့ ပြည်သူများအတွက် ငြိမ်းချမ်းရေး ဖော်ဆောင်ပေးမယ့် ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံ ရေးဆွဲနိုင်ရေး ထောက်ပံ့ပေးဖို့လည်း CRPH ဥက္ကဌက တောင်းဆိုခဲ့ပါတယ်။
▪︎မိုးဗြဲမှာစစ်ကောင်စီတပ်လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ်များအပါအဝင် အနည်းဆုံးလေးဦးသေဆုံး
အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် မိုးဗြဲမြို့မှာ ဒေသခံစစ်ဘေးရှောင်ပြည်သူ ကလေးငယ်များအပါအဝင် အနည်းဆုံးလေးဦး သေဆုံးခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့ အင်အားစု (PKPF)က ထုတ်ပြန်ပါတယ်။ ဒီနေ့ နံနက်ပိုင်းက မိုးဗြဲမြို့မွေတော်ဘုရားဝင်းအတွင်းစစ်ဘေးရှောင် ပြည်သူတွေရှိတဲ့နေရာကို လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့ပြီး အနည်းဆုံး လေးဦးသေဆုံးကာ အများအပြားဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။ သေဆုံးမှုများပြားတာကြောင့် တပ်ဆုတ်သွားရတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဟာ မနေ့ကစတင်ပြီး တကျော့ပြန်ထိုးစစ်ဆင်လာတာလည်းဖြစ်ပါတယ်။

Public Service Announcement
▪︎ရေဦးခရိုင်ရဲတပ်ဖွဲ့မှူးဒုရဲမှူးကြီးကိုယ်တိုင်သေနတ်ဖြင့်ပစ် အဆုံးစီရင်
စစ်ကိုင်းတိုင်း ရေဦးခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီးဝင်းနိုင်ဟာ ကိုယ့်ကိုယ်ကိုသေနတ်နဲ့ပစ်ကာ အဆုံးစီရင်သွားတယ်လို့ ရဲတပ်ဖွဲ့အသိုင်းအဝိုင်းက ပြောပါတယ်။ ဒုတိယရဲမှူးကြီးဝင်းနိုင်ဟာ မနေ့ညနေက သူ့ရဲ့ဝန်ထမ်းအိမ်ယာမှာ သူ့နာထင်သူ သေနတ်နဲ့ တေ့ပစ်ပြီး အဆုံးစီရင်သွားတာဖြစ်တယ်လို့ ရဲမှူးကြီးတစ်ဦးက ပြောပါတယ်။ ဒုတိယရဲမှူးကြီးဝင်းနိုင်ဟာ စိတ်သဘောထား သိမ်မွေ့သူဖြစ်ပြီး စစ်ကောင်စီရဲ့ ဖိအားပေးမှုတွေကို မလွန်ဆန်နိုင်ဘဲ သတ်သေသွားတာလို့ သူ့ရဲ့ တပည့်ရဲအရာရှိအချို့က ပြောပါတယ်။ စစ်တပ်ဟာ နိုင်ငံတော်အာဏာလုယူပြီးနောက် ရဲတပ်ဖွဲ့ကို ပြည်သူလူထုနဲ့ ထိပ်တိုက်ရန်တိုက်ပေးထားပြီး အဲဒီအခြေအနမှာ ရဲအရာရှိကြီးအချို့ဟာ စိတ်မသက်မသာခံစားနေရတယ်လို့ ရဲအရာရှိအချို့က ပြောပါတယ်။
▪︎လက်ပံတောင်းဒေသမှာ စစ်တပ်အရာရှိအပါအဝင် ၅ဦး လက်နက်များနဲ့ CDM ပြုလုပ်
လက်ပံတောင်းတောင်မှာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် ၅ဦး လက်နက်များနဲ့အတူ CDM ပြုလုပ်လာတယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်ဖွဲ့ တာဝန် ရှိသူတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်က ဗိုလ်တစ်ဦးနဲ့ ရဲဘော် ၄ ဦးတို့ဟာ ဒေသခံ ကာကွယ်ရေးတပ်တာဝန်ရှိသူတွေနဲ့ ချိတ်ဆက်ပြီး CDM ပြုလုပ်လာ ခဲ့တာပါ။ CDM ပြုလုပ်သူတွေကို စစ်ကောင်စီတပ်က လိုက်လံရှာဖွေမှု ပြုလုပ်ခဲ့ပြီး လက်ရှိမှာတော့ CDM စစ်သည်တွေဟာ ဘေးကင်းရာသို့ ရောက်ရှိပြီလို့ ဆိုပါတယ်။

▪︎လက်နက်နဲ့ CDM ဝင်လာတဲ့ တပ်ကြပ်ကြီးကို ယင်းမာပင်မြို့နယ်တပ်ရင်း(၃) အမိမြေစစ်ကြောင်းက ကျပ်သိန်း ၈၀ပေးအပ်
စစ်ကောင်စီတပ်ကို စွန့်ခွာပြီး လက်နက်ခဲယမ်းတွေနဲ့အတူ ပြည်သူ့ဘက်ရပ်တည်လာတဲ့ တပ်ကြပ်ကြီးစာရေးတစ်ဦးကို ကျပ်သိန်း ၈၀ ပေးအပ်ခဲ့တယ်လို့ ယင်းမာပင်မြို့နယ်တပ်ရင်း (၃) အမိမြေစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။ တပ်ကြပ်ကြီးစာရေး မင်းသူဟာ ပြည်သူတွေအပေါ် အကြမ်းဖက်ခြင်းများ ဆက်လက်မပြုလုပ်လိုတာကြောင့် လက်နက်ခဲယမ်းတွေနဲ့ အတူ ပြည်သူ့ရင် ခွင်ခိုလှုံလာတာဖြစ်တယ်လို့ ဆိုပါတယ်။

▪︎ကမာရွတ် စည်ပင်ရဲတပ်ဝင်းရှေ့ဖောက်ခွဲမှု မြို့တော်ဝန်နဲ့ အဖွဲ့ကို တိုက်ခိုက်ခြင်းဟု STA အဖွဲ့အသိပေး
ရန်ကုန် ကမာရွတ်မြို့နယ်ရှိ စည်ပင်သာယာရေးရဲတပ်ဝင်းရှေ့တိုက်ခိုက်မှုမှာ စစ်ကောင်စီရဲ့ ရန်ကုန်မြို့တော်ဝန်နဲ့အဖွဲ့ကို တိုက်ခိုက်တာဖြစ်တယ်လို့ Special Task Agency Of Burma(STA)က ထုတ်ပြန်ပါတယ်။ ဒီနေ့မနက်ပိုင်းက ကမာရွတ်မြို့နယ် ဟံသာဝတီလမ်းနဲ့ ဗဟိုလမ်းထောင့်ရှိ စည်ပင်ရဲတပ်ဝင်းသို့ စစ်ကောင်စီရဲ့ ရန်ကုန်မြို့တော်ဝန် ဗိုလ်ဌေးနဲ့အဖွဲ့လာရောက်စဥ် ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ဒါပေမဲ့ အဲဒီတိုက်ခိုက်မှုမှာ အရပ်သားပြည်သူလေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ စစ်တပ်အရာရှိရဲ့ ကားတစ်စီး ကားနောက်ပိုင်း ထိမှန်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
▪︎မြစ်ခြေရဲစခန်းကို ဒရုန်းနဲ့တိုက်ခိုက်
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေရဲစခန်းကို ဒီနေ့မနက်ပိုင်းက ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေ့မနက်ပိုင်းက မြစ်ခြေမြို့ရဲစခန်းကို ဒရုန်းနဲ့ ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်များ ခြေရှုပ်နေတယ်လို့ သိရပါတယ်။ ဖြစ်စဥ်နဲ့ပတ်သက်လို့ စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုအခြေအနေကို ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
▪︎စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် ကန့်ဘလူနယ်မှ လသားအရွယ်ကလေးအပါအဝင် သုံးဦးဒဏ်ရာရ
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီတပ်က လူနေကျေးရွာအတွင်း အကြမ်းဖက်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် လသားအရွယ်ကလေးတစ်ဦးအပါအဝင် သုံးဦး သေနတ်ကျည်ထိမှန်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။


ကန့်ဘလူမြို့နယ် မိဿလင်ကုန်းရွာနဲ့ ချပ်ကုန်းရွာကို မနေ့က စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီနေ့မွန်းလွဲပိုင်း အထိ အဲဒီစစ်ကြောင်းရှိနေတယ်လို့ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။ စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် မိဿလင်ကုန်းရွာနေ အသက်(၇၆)နှစ်အရွယ် အဘိုးအိုတစ်ဦး၊ အသက် (၁၃)နှစ်အရွယ် ကလေးငယ်တစ်ဦးသေနတ်ကျည်ထိမှန်ခဲ့ပြီး လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တဲ့ ချပ်ကုန်းရွာမှ လသားအရွယ်ကလေးငယ်တစ်ဦးဒဏ်ရာရခဲ့တယ်လို့ Kotaungbo Revolution – KTB-R Team က ထုတ်ပြန်ပါတယ်။

▪︎ရွှေဘို-မန္တလေးလမ်းမကြီးဘေးရှိ လှတောရဲစခန်းကိုPDFများ လက်နက်ကြီးနဲ့တိုက်ခိုက်
စစ်ကိုင်းတိုင်း၊ ရွှေဘို-မန္တလေးလမ်းမကြီးဘေးရှိ လှတောရဲစခန်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwin Attack Force က သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၂ ရက် ည ၉ နာရီခန့်က လှတောကျေးရွာရဲစခန်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို လက်နက်ကြီးတွေနဲ့ ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ၃ နာရီခန့်ကြာတဲ့ အဲဒီ ပစ်ခတ်မှုကြောင့် စစ်ကောင်စီဘက်က ၅ ဦးထက်မနည်းသေဆုံးနိုင်တယ်လို့ Chindwin Attack Force က ခန့်မှန်းပါတယ်။
▪︎မြောက်ဒဂုံ (၃၉)ရပ်ကွက် အုပ်ကြီးရုံးကို အဝေးထိန်းဗုံးနဲ့ ဖောက်ခွဲတိုက်ခိုက်
ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် (၃၉)ရပ်ကွက်မှ စစ်ကောင်စီအုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းဗုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Yangon UG Association(YUA)က ထုတ်ပြန်ပါတယ်။မနေ့ညပိုင်းက (၃၉)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို YUA အဖွဲ့ဝင် Special Nway Oo(SNO)မြေအောက်တော်လှန် ရေးအဖွဲ့က အဝေးထိန်းဗုံးနဲ့ ဖောက်ခွဲတိုက်ခိုက်တာဖြစ်ပြီး စစ်ဆင်ရေး တွေဆက်လာမယ်လို့ သတိပေးပါတယ်။ အာဏာရှင် စနစ်တစ်ခုလုံး မပြိုလဲသရွေ့ ရန်ကုန်ကို အာဏာရှင်တွေ လုံးဝအုပ်ချုပ်ခွင့်မရစေဖို့ သူတို့ရှိနေမယ်လို့ YUA က ထုတ်ပြန်ပါတယ်။
▪︎နိုင်ငံတဝန်းဆန္ဒပြပွဲတွေ
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှာ ၅/ခဥန(နိုင်)သပိတ်စစ်ကြောင်းဟာ “NUGအစိုးရ ဒို့အစိုးရ” ၊ “ငါတို့သံအမတ်သည် ဦးကျော်မိုးထွန်း” လို့ကြွေးကြော်ပြီး ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ “Accept NUG and Our Ambassador, Reject Dictator”၊ “Myanmar For U Kyaw Moe Tun For Myanmar”၊ “UN prove your existence for Justice” စတဲ့စာသားတွေနဲ့ ပြည်သူ(၂၀၀)ခန့် ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ အဲဒီဆန္ဒထုတ်ဖော်ပွဲကို ဂန့်ဂေါခရိုင်အမှတ်၁တပ်ရင်းက လုံခြုံရေးယူ ဦးဆောင်ကျင်းပခဲ့ပြီး ကျေးရွာကာကွယ်ရေးတပ်ဖွဲ့များနဲ့ ဂန့်ဂေါမြို့နယ် ပ.က.ဖ အဖွဲ့ဝင်များလည်း တက်ရောက်ခဲ့ကြပါတယ်။




















































