▪︎မိုးမိတ်တိုက်ပွဲ စစ်ကောင်စီတပ် သုံးဦးသေ၊ ငါးဦး ဒဏ်ရာရဟု SSPP အသိပေး
ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA)နဲ့ စစ်ကောင်စီတပ်တို့ ရှမ်းပြည်နယ် မြောက်ပိုင်း မိုးမိတ်မြို့နယ်မှာ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က သုံးဦးသေဆုံးပြီး ငါးဦး ဒဏ်ရာရရှိခဲ့တယ်လို့ SSPPက ထုတ်ပြန်ပါတယ်။မနေ့က မိုးမိတ်မြို့နယ် ဝမ်အုံကျေးရွာမြောက်ဘက် ဟွေခမ်းတောင်ကြောမှာ SSPPနဲ့ အာဏာသိမ်း စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွါးခဲ့တာလို့ ဆိုပါတယ်။ အင်အား ၆၀ခန့်ပါတဲ့ စစ်ကောင်စီတပ် ခမရ (၃၄၈) ၊ ခလရ(၂၇၆) ပူးပေါင်းစစ်ကြောင်းက ဝမ်အုံကျေးရွာအုပ်စုအတွင်းကို ရောက်ရှိလာပြီး SSPP တပ် အခြေချလုပ်ရှားနေတဲ့ ဟွေခမ်းတောင်ကြောဘက်သို့ ချီတက်လာရာတာကြောင့် နာရီဝက်ခန့် ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

▪︎အာဏာသိမ်းစစ်ခေါင်းဆောင်တွေ ရုံးစိုက်ရာနေပြည်တော်ကို ညမထွက်ရအမိန့်ထုတ်
အာဏာသိမ်းစစ်ခေါင်းဆောင်တွေ အဓိကရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေကို စစ်အုပ်စုက ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ပါတယ်။ ညမထွက်ရအမိန့်မှာ အကြုံးဝင်တဲ့ မြို့နယ်တွေက ပုဗ္ဗသီရိ၊ ဒက္ခိဏသီရိ၊ ဇဗ္ဘူသီရီ၊ ဥတ္တရသီရီ၊ ဇေယျာသီရိ၊ တပ်ကုန်း၊ ပျဉ်းမနားနဲ့လယ်ဝေးမြို့နယ်တွေ ပါဝင်ပြီး စက်တင်ဘာ ၁၇ ရက်စွဲနဲ့ ထုတ်ပြန်ထားတာကို တွေ့ရပါတယ်။ထုတ်ပြန်လိုက်တဲ့ အမိန့်အရ လူငါးဦး သို့မဟုတ် ငါးဥဦးထက်ပိုသူတွေဟာ လမ်းမကြီးများ၊ အများပြည်သူသွားလာရာလမ်း၊ လမ်း ကြား၊ လမ်းသွယ်၊ ဥယျာဉ်နဲ့ အများပြည်သူနဲ့ ဆိုင်တဲ့နေရာတွေမှာ စုဝေးခြင်းမပြုဖို့၊ နေ့စဥ် ည ၁၂ နာရီမှ နံနက် ၄ နာရီအတွင်း ညမထွက်ဖို့ ပိတ်ပင်ထားပါတယ်။ စစ်အုပ်စုက နေပြည်တော်ကောင်စီနယ်မြေကို ညမထွက်ရအမိန့်ထုတ်ပြန်ခြင်းဟာ တော်လှန်ရေးအစိုးရ NUG က စစ်ရေးအရှိန်မြှင့်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်က တပ်ဖွဲ့ဝင်တွေကို အသင့်ပြင်ထားကြဖို့ အသိပေးချိန်နဲ့ တိုက်ဆိုင်နေပါတယ်။

▪︎စစ်ကောင်စီတပ် လေကြောင်းမှပစ်ခတ်မှုကြောင့်စာသင်နေတဲ့ ကလေးငယ်ခြောက်ဦးသေဆုံးတဲ့ဖြစ်ရပ်အပေါ် NUG ကန့်ကွက်ရှုတ်ချ
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်မှာ စစ်ကောင်စီတပ်က စာသင်ကျောင်းကို လေကြောင်းမှပစ်ခတ်ကာ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့ခြင်းကြောင့် စာသင်နေတဲ့ ကလေးငယ်ခြောက်ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ်အပေါ် NUG အစိုးရ၊ အမျိုးသမီးနှင့် ကလေးသူငယ် ရေးရာဝန်ကြီးဌာနနဲ့ လူ့အခွင့်ရေးဝန်ကြီးဌာနတို့က ကန့်ကွက်ရှုတ်ချကြောင်း ဒီနေ့ထုတ်ပြန်ပါတယ်။ စက်တင်ဘာ ၁၆ ရက်က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာမှာ ဒေသခံတွေ ဖွင့်လှစ်ထားတဲ့ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတစ်ကျောင်းကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းကနေ တိုက်ခိုက်ခဲ့ရာ ပညာသင်ကြားနေတဲ့ကလေးသူငယ်ခြောက်ဦး သေဆုံးခဲ့ပြီး ကလေးသူငယ် အများအပြားအပြင်းအထန် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ လေကြောင်းတိုက်ခိုက်ပြီးနောက် အကြမ်းဖက်စစ်အုပ်စုရဲ့ မြေပြင်တပ်ဖွဲ့ဝင်တွေက ထိခိုက်ဒဏ်ရာရခဲ့ကြတဲ့ ကလေးသူငယ်များအပါအဝင် ကျောင်းမှာ ပိတ်မိနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဆရာ၊ ဆရာမ ၂၀ဦးခန့်ကို ဖမ်းဆီးကာရေဦးမြို့နယ်ကို ပို့ဆောင်ခဲ့ပါတယ်။ ဖမ်းဆီးထားတဲ့ ကလေးသူငယ်တွေ၊ ဆရာ၊ ဆရာမတွေကို မည်သည့်အန္တရာယ်မှ ကျရောက်စေခြင်းမရှိဘဲ အမြန်ဆုံးပြန်လွှတ်ပေးဖို့ လိုအပ်တယ်လို့ တောင်းဆိုထားပါတယ်။

Public Service Announcement
▪︎ကုလဌာနချုပ်ရှေ့မှာ ထောင်ချီတဲ့ မြန်မာပြည်ဖွားတွေ သံအမတ်ကြီးဦးကျော်မိုးထွန်း ဆက်လက်ခန့်အပ်ရေး တောင်းဆိုဆန္ဒပြ
နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်ရှေ့သို့ ထောင်ချီတဲ့ မြန်မာပြည်ဖွားတိုင်းရင်းသားတွေက သံအမတ်ကြီးဦးကျော်မိုးထွန်းကို ဆက်လက်ခန့်အပ်ရေးအတွက် မနေ့က ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ အဲဒီဆန္ဒထုတ်ဖော်ပွဲကို သံအမတ်ကြီးဦးကျော်မိုးထွန်းလည်း တက်ရောက်အမှာစကားပြောခဲ့ကာ ကုလသမဂ္ဂမှာ ဦးကျော်မိုးထွန်းဆက်လက်တည်ရှိရေးအပြင်၊ တရားဥပဒေမဲ့စွာ ပြောင်ပြောင်တင်းတင်းလုပ်ဆောင်နေတဲ့ စစ်အကြမ်းဖက်အုပ်စုကို နိုင်ငံတကာမှ ပယ်ကျဉ်ကာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းစေရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းက ဝိုင်းဝန်ကူညီပေးကြရန်ဖို့ တောင်းဆိုခဲ့ကြပါတယ်။




▪︎တိုက်ပွဲ ၁၀၀ကျော်အတွင်း စစ်ကောင်စီတပ် ၄၀၀ကျော်သေဟု ဟားခါး CDF အသိပေး
စစ်တပ်အာဏာသိမ်းပြီးနောက် ဟားခါးမြို့နယ် ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF)ဟာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ၁၀၃ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၄၁၉ဦး သေဆုံးကာ ဒဏ်ရာရသူ ၁၉၂ဦး ရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ ဟားခါး CDF အနေနဲ့မြို့တွင်းစစ်ဆင်ရေး အကြိမ်ပေါင်း ၅၀ကျော်ပြုလုပ်ခဲ့ပြီး ဟားခါးမြို့နယ်ရဲ့ နယ်မြေ ၉၀ ရာခိုင်နှုန်းကျော်ကိုလည်း ထိန်းချုပ်နိုင်ပြီလို့ ဆိုပါတယ်။ ဟားခါးမြိုနယ်ရဲ့ တော်လှန်ရေးလမ်းစဉ်ကို ကျင်းပပြီးစီးခဲ့တဲ့ ဟားခါးလူထုညီလာခံရဲ့ ဆုံးဖြတ်ချက်၊လမ်းညွှန်ချက်အတိုင်း ဆက်လက်အရှိန်မြှင့် ဆောင်ရွက်မယ်လို့ ထုတ်ပြန်ထားပါတယ်။

▪︎မြင်းခြံမှာ စစ်ကောင်စီတပ်စွဲရာကျေးရွာကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ဗိုလ်အပါအဝင် ငါးဥဦးသေ
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ စစ်ကောင်စီတပ်စွဲရာ တန်ဆောင်းကျေးရွာကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ဗိုလ်တစ်ဦးအပါအဝင် ငါးဦးသေဆုံးခဲ့တယ်လို့ MGN Tiger အဖွဲ့က ထုတ်ပြန်ပါတယ်။ စက်တင်ဘာ ၁၆ ရက်က အဲဒီစစ်ကောင်စီတပ်ကို မြင်းခြံနဲ့ ရေစကြိုနယ်အခြေစိုက် PDF သုံးဖွဲ့က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲဖြစ်ပွားချိန် မိနစ်၃၀ခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်က စစ်ဗိုလ်တစ်ဦး၊ တပ်သား သုံးဦးနဲ့ ပျူတစ်ဦး သေဆုံးခဲ့ကာ ပြင်းထန်ဒဏ်ရာရသူ သုံးဦးထက်မနည်းရှိတယ်လို့ MGN Tiger အဖွဲ့က အသိပေးပါတယ်။
▪︎စစ်ကောင်စီတပ်ဖမ်းဆီးသွားတဲ့ အမျိုးသမီးနှစ်ဦးရဲ့ ရုပ်အလောင်းတွေ တစ်လအကြာမှာ ပြန်တွေ့
မကွေးတိုင်း ထီးလင်းမြို့မှာ စစ်ကောင်စီဖမ်းဆီးသွားတဲ့ အမျိုးသမီးနှစ်ဦးရဲ့ ရုပ်အလောင်းတွေကို တစ်လခန့်အကြာမှာ ပြန်တွေ့ရတယ်လို့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ပါတယ်။ ထီးလင်းမြို့ ကန်တော်လေးရပ်ကွက်မှ မပုလေးနဲ့ မဝါဝါစန်းတို့ ကို စစ်ကောင်စီတပ်က သဩဂုတ်လဆန်းပိုင်းမှာ ဖမ်းဆီးသွားခြင်းဖြစ်ပြီး လူလတ်ပိုင်းအရွယ် အဲဒီအမျိုးသမီးနှစ်ဦးကို ပြန်တွေ့ရေး လိုက်လံစုံစမ်းနေစဥ် မနေ့က ထီးလင်းမြို့ ဗျာဒီတ်ကုန်းအနီးပုပ်ပွနေတဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ မပုလေးနဲ့ မဝါဝါစန်းတို့ နှစ်ဦးကို ဖမ်းဆီးသွားကတည်းက မိသားစုနဲ့လုံးဝ တွေ့ခွင့်မပေးတဲ့အပြင် သေဆုံးတဲ့ အကြောင်းကိုလည်း မိသားစုထံ အသိပေးခဲ့ခြင်းမရှိဘူးလို့သိရပါတယ်။
▪︎တန့်ဆည်နယ် စစ်ကောင်စီတပ်ဝင်ရောက်စီးနင်းစဥ် တော်လှန်ရေးရဲဘော်(၁၀)ဦးဖမ်းဆီးသတ်ဖြတ်ခံရ
တန့်ဆည်နယ် အင်္ကုက္ကားရွာမှ ထွက်လာတဲ့ စစ်ကောင်စီလက်အောက်ခံ တပ်မ(၃၃)က အုတ်ဖိုအိုင်ရွာကို ဝင်ရောက်စီးနင်းချိန်မှာ တော်လှန်ရေးရဲဘော် (၁၀)ဦး ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသသတင်းရင်း မြစ်တွေက ပြောပါတယ်။ စက်တင်ဘာ ၁၆ ရက် မနက်ပိုင်းက စစ်အုပ်စုက အင်အား (၆၀)ကျော်နဲ့ အုတ်ဖိုအိုင်ရွာကို ပစ်ခတ်ဝင်ရောက်လာခြင်းဖြစ်ပြီး စစ်ကြောင်းဝင်ရောက်ချိန် ရပ်ရွာလုံခြုံရေးရဲဘော် ၆ ဦးနဲ့ PDF ရဲဘော် ၄ ဦး ဖမ်းဆီးခံခဲ့ရကာ မီးရှို့သတ်ဖြတ်ခံရခြင်းဖြစ်ပါတယ်။ စစ်အုပ်စုမီးရှို့သတ်ဖြတ်ခဲ့တဲ့ တော်လှန်ရေးရဲဘော်တွေရဲ့ မီးလောင်းကျွမ်းထားတဲ့ ရုပ်အလောင်းတွေကို ညနေ ပိုင်း ကျေးရွာသားတွေ ရွာထဲ ပြန်ဝင်ချိန်မှာ တွေ့ရှိခဲ့တာပါ။ အလားတူ အုတ်ဖိုအိုင်ရွာကို ဝင်ရောက်ဖျက်ဆီးခဲ့တဲ့ စစ်အုပ်စုစစ်ကြောင်းဟာ အောင်ချမ်းသာရွာသို့ဝင်ရောက်စဥ် စိတ်မနှံ့သူတစ်ဦးကိုပါ မီးရှို့သတ်ဖြတ်ခဲ့ပါသေးတယ်။
▪︎ဒဏ်ရာရအရာရှိကို ဆိပ်ကမ်းပို့ပြီးပြန်လာတဲ့ စစ်ကောင်စီတပ်အား မြောင်ဒေသတွင်း PDFများတိုက်ခိုက်
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ ဒဏ်ရာရစစ်ကောင်စီအရာရှိကို ဆိပ်ကမ်းပို့ပြီးပြန်လာတဲ့ စစ်အုပ်စုအား ကြားဖြတ်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများရှိတယ်လို့ 27 Revolution Force အဖွဲ့က ထုတ်ပြန်ပါတယ်။ စက်တင်ဘာ ၁၆ ရက် မနက်ပိုင်းက မြောင်မြို့နယ်ကျောက်ရစ်ရဲစခန်းမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ နနွင်းကိုင်းကျေးရွာဆိပ်ကမ်းသို့ ဒဏ်ရာရစစ်ကောင်စီအရာရှိအား သွားရောက်ပို့ဆောင်တယ်ဆိုတဲ့ သတင်းရလို့ 27 Revolution Force နဲ့ မဟာမိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကအပြန်လမ်းမှာ လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ဒါပေမဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့လို့ နနွင်းကိုင်းကျေးရွာရှိ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ 27 Revolution Force အဖွဲ့က ထုတ်ပြန်ပါတယ်။
▪︎နိုင်ငံတဝန်းဆန္ဒပြပွဲတွေ
ရန်ကုန်မြို့ တစ်နေရာမှာ တော်လှန်လူငယ်တွေ စုပေါင်းပြီး ဒီနေ့ မွန်းလွဲပိုင်းက “မင်းတို့က ဖိနှိပ်လေလေ ငါတို့က ပုန်ကန်ထကြွလေလေ”၊ “မဝင်းမော်ဦးရေ ဒီမိုကရေစီ မရသေးလို့ ကျုပ်တို့နဲ့ အတူ တိုက်ပွဲဝင်နေဆဲပဲလား” စာတန်းတွေကိုင်ဆောင်ပြီး လူထုတေးသံ သီချင်းကို သံပြိုင်သီဆိုကာ အာဏာရှင်ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့မှာပဲ “ငါတို့ ရဲဘော်တွေအတွက် ငါတို့သွေးကြွေးပြန်လာတောင်းမည် – ပန်းပင်နီ”စာတန်းချိတ်ဆွဲကာ ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်နီလမ်း(ပန်းပင်ကြီးလမ်း)မှာ ငြိမ်းချမ်းစွာဆန္ဒပြတဲ့လူငယ်တွေကို အကြမ်းဖက် စစ်ကောင်စီက သေနတ်ပစ်ကာ အဓမ္မဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့မှုအပေါ် တုန့်ပြန်ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်မှာ ဒီနေ့မနက်ပိုင်းက တောင်ပျောက် သပိတ်ကော်မတီဝင်တွေနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး “Accept NUG and Our Ambassador, Reject Dictator” စာသားကိုင်ဆောင်ပြီး NUG အစိုးရနဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း အင်အားအများအပြားနဲ့ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

နိုင်ငံတကာမှာလည်း အမေရီကန်နိုင်ငံအပြင် ပြင်သစ်၊နယ်သာလန် စတဲ့နိုင်ငံတွေမှာလည်း မြန်မာနိုင်ငံသားတွေကNUG အစိုးရနဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း၊စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းဆန္ဒပြကြပါတယ်။


















































