▪︎စစ်ကောင်စီရဲ့ အလိမ်အညာရွေးကောက်ပွဲကို ပါ၀င်ခြင်းမပြုဖို့ နိုင်ငံတကာကို ကုလအထူးအစီရင်ခံစာတင်သွင်းသူ တိုက်တွန်း
စစ်ကောင်စီရဲ့လာမယ့်ရွေးကောက်ပွဲဟာ အလိမ်အညာရွေးကောက်ပွဲသာ ဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ စစ်ကောင်စီကို ဘယ်လိုနည်းလမ်းနဲ့မျှ ကူညီပံ့ပိုးခြင်းမပြုလုပ်ဖို့ ကုလသမဂ္ဂအထူးအစီရင်ခံစာတင်သွင်းသူ Tom Andrews က ပြောပါတယ်။ နိုင်ငံတကာအသိုင်းအ၀န်းအနေနဲ့ မြန်မာနိုင်ငံမှာ စစ်တပ်ကျူးလွန်နေတဲ့ ရက်စက်ယုတ်မာမှုတွေရဲ့ အစိတ်အပိုင်းအဖြစ် မပါ၀င်ကြဖို့ Tom Andrews က မနေ့ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ Tom Andrews ဟာ ကျင်းပနေဆဲ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကို အစီရင်ခံခဲ့ရာမှာ စက်တင်ဘာ ၁၆ ရက်က ဒီပဲယင်းလက်ယက်ကုန်းကျေးရွာစာသင်ကျောင်းမှာ ကျောင်းသားကလေးငယ် ၆ ဦးအပါအဝင် ၁၃ ဦး စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့အကြောင်းကိုလည်း အကျယ်တဝံ့ထည့်သွင်းပြောကြားခဲ့ပါတယ်။

▪︎ကုလလက်အောက်ခံအဖွဲ့အစည်းများ စစ်အုပ်စုနဲ့ ထိတွေ့ဆက်ဆံခြင်းမပြုဖို့ အရပ်ဘက်အဖွဲ့ ၆၀၀ ကျော် ကုလအတွင်းရေးမှူးချုပ်ထံ စာပို့
ကုလသမဂ္ဂနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေအနေနဲ့ စစ်အုပ်စုနဲ့ထိတွေ့ဆက်ဆံနေခြင်းကို ရပ်တန့်ဖို့ အရပ်ဘက်လူထုအဖွဲ့အစည်း ၆၃၈ က ဒီနေ့ထုတ်ပြန်တောင်းဆိုပါတယ်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ထံ လိပ်မူတဲ့ စာမှာ ကုလသမဂ္ဂအဖွဲ့အစည်းတွေဟာ မြန်မာစစ်အုပ်စုကို တရားဝင်မှုရရှိစေရေး လုပ်ဆောင်နေမှုတွေကို ရပ်တန့်ရမယ်လို့ ဖော်ပြပါတယ်။ နောက်ပြီး မြန်မာနိုင်ငံရှိ အကျပ်အတည်းကို ဖြေရှင်းရေး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကိုယ်တိုင် ကြားဝင်ဆောင်ရွက်ပေးဖို့ အရပ်ဘက်လူထုအဖွဲ့အစည်းတွေက တောင်းဆိုပါတယ်။

▪︎ရိုဟင်ဂျာများအတွက် ဒေါ်လာ သန်း ၁၇၀ ကျော် အမေရိကန် ထပ်မံပံ့ပိုး
မြန်မာပြည်တွင်းနဲ့ ဘဂ်လားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေအတွက် လူသားချင်းစာနာမှု အကူအညီ ဒေါ်လာ ၁၇၀ သန်းကျော်ကို ထပ်မံပေးအပ်မယ်လို့ အမေရိကန်နိုင်ငံခြားရေး၀န်ကြီးက မနေ့ကကြေညာပါတယ်။ အမေရိကန်အစိုးရ၏ ပံ့ပိုးမှုဟာ ဘဂ်လားဒေ့ရှ်ရှိ လက်ခံထားတဲ့အသိုင်းအဝန်းအတွက်လည်း အပါအဝင်ဖြစ်ပြီး ၂၀၁၇ သြဂုတ်ကစလို့ ရိုဟင်ဂျာဒုက္ခသည်အကျပ်အတည်းအတွက် အမေရိကန်ရဲ့ ကူညီထောက်ပံ့မှုဟာ ဒေါ်လာ ၁.၉ ဘီလီယံနီးပါးရောက်ရှိလာပြီလို့ ဆိုပါတယ်။ ၂၀၁၇ တွင် မြန်မာစစ်တပ်ကြောင့် ရိုဟင်ဂျာ ၇၄၀၀၀၀ ကျော်သည် တစ်ဖက်နိုင်ငံ ဘဂ်လားဒေ့ရှ်၊ ကော့ဘဇားဒုက္ခသည် စခန်းများသို့ ၎င်းတို့၏ လုံခြုံရေးအတွက်ထွက်ပြေးသွားခဲ့ရသည်။ ရိက္ခာထောက်ပံ့မှု၊ သောက်ရေဖူလုံမှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ကြိုတင်ကာကွယ်မှု၊ ပညာရေး၊ ယာယီနေထိုင်မှုနဲ့ စိတ်ပိုင်းဆိုင်ရာလူမှု၀န်းကျင်အထောက်အပံ့ စတာတွေ အတွက် ထည့်သွင်းအသုံးပြုသွားမှာဖြစ်ပါတယ်။

Public Service Announcement

▪︎ရန်ကုန်မြို့ သမိုင်းလမ်းဆုံရှိ စစ်အုပ်စုရဲ့ နှစ်ထပ်ဘန်ကာကို ဖောက်ခွဲတိုက်ခိုက်
ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သမိုင်းလမ်းဆုံရှိ အကြမ်းဖက်စစ်ကောင်စီ ဆောက်လုပ်ထားတဲ့ နှစ်ထပ်ဘန်ကာကို ဒီနေ့မနက်ပိုင်းက ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Freeland Attack Force(FLA) အဖွဲ့က ထုတ်ပြန်ပါတယ်။ အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး နိုင်ငံရေးအကျဥ်းသားတွေအတွက် လက်တုန့်ပြန်တာလို့ ဆိုပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်စွဲထားတဲ့ ဘန်ကာဘေး ရောက်လာတဲ့ ပြည်သူနှစ်ဦး ထိခိုက်ခဲ့တဲ့အတွက် များစွာစိတ်မကောင်းဖြစ်ရတယ််လို့ FLA က တောင်းပန်ပါတယ်။ ပစ်မှတ်မှာ စစ်ကောင်စီ တပ်စွဲထားတဲ့ နှစ်ထပ်ဘန်ကာသာ ဖြစ်ပြီး ပြည်သူကို ထိခိုက်စေဖို့ မရည်ရွယ်ခဲ့ပေမယဲ့ ထိခိုက်မိခဲ့တဲ့အတွက် ပြည်သူနှစ်ဦး အပါအ၀င် အများပြည်သူကို တောင်းပန်ပါတယ်။ နောက်ပြီးတော်လှန်ရေးအပြီးမှာ ပြည်သူထိခိုက်ခဲ့မှုအတွက် ထိုက်သင့်တဲ့အပြစ်ပေးမှုကို မစ်ရှင်ကို တာ၀န်ခံ လုပ်ဆောင်ခဲ့တဲ့ ခေါင်းဆောင်နေမျိုးနွယ်က အယူခံ၀င် ဖြေရှင်းကာ ထိုက်သင့်တဲ့ ပြစ်ဒဏ်ကို ခံယူသွားမယ်လို့ ဆိုပါတယ်။

▪︎ရေစကြိုနယ် ရေလယ်ကျွန်းရွာများ မီးရှို့ဖျက်ဆီးမှု စစ်ကောင်စီလက်ချက်ဟု ပျူတစ်ဦးဝန်ခံ
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ မင်းရွာအပါအဝင် ကျေးရွာအများအပြားကို မီးရှို့ဖျက်ဆီးခဲ့သည်မှာ စစ်ကောင်စီရဲ့ လက်ချက်ဖြစ်တယ်လို့ ဒေသခံ ပျူစောထီး မျိုးဝင်းခိုင်က ဝန်ခံလိုက်ပါတယ်။ ရေလယ်ကျွန်းဒေသပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတပ်ရင်းက ဒီနေ့ ရုပ်သံဖိုင်တစ်ခု ထုတ်ပြန်ခဲ့ပြီး ရုပ်သံဖိုင်မှာ လက်နက်ကိုင်ထားတဲ့ မင်းရွာကျေးရွာနေ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးမျိုး၀င်းခိုင်ဆိုသူက အိမ်တစ်အိမ်ကို ခြိမ်းခြောက်နေခဲ့တာပါ။ ပြည်သူတွေအနေနဲ့ ဆယ်နှစ်ကြာအောင်ငွေစုပါက အိမ်ကောင်းကောင်း ဆောက်ဖို့ မလွယ်ကူဘဲ မီးရှို့မှာက စစ်တပ်ဖြစ်ပြီး သူ့ရွာကို မီးရှို့ခဲ့ချိန်မှာ စစ်တပ်နဲ့တူ သူလိုက်ပါခြင်းမရှိကြောင်းနဲ့ သူလိုက်ပါတယ်ဆိုရင် စစ်တပ်ကို မီးမရှို့စေရဘူးလို့ မျိုးဝင်းခိုင်က ၀န်ခံခဲ့တာပါ။
▪︎စစ်ကောင်စီထုတ်ကုန် ဘီယာဖာ ၁,၀၀၀ ကို KIA/PDF ပူးပေါင်းတပ် ဖျက်ဆီး
အာဏာသိမ်းစစ်ကောင်စီထုတ်ကုန်ဖြစ်တဲ့ ဘီယာအဖာပေါင်း ၁,၀၀၀ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးပြီး အများပြည်သူရှေ့မှာ ဖျက်ဆီးခဲ့တယ်လို့ Indaw Revolution က ဖော်ပြပါတယ်။ မနေ့က မန္တလေးမှ မြစ်ကြီးနားမြို့ဘက်ကို သယ်ဆောင်လာတဲ့ စစ်ကောင်စီထုတ်ကုန် Myanmar Beer နဲ့ Andaman Gold Beer အဖာရေ ၁,၀၀၀ကို အင်းတော်မြို့နယ် လမ်းပိုင်မှာ ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တာပါ။ အဲဒီ ဘီယာဖာတွေကို အများပြည်သူရှေ့မှာ ဖျက်ဆီးခဲ့ပြီး နောက်နောင်လည်း စစ်ကောင်စီ ထုတ်ကုန်ပစ္စည်းတွေ ဖမ်းဆီးရမိပါက ဖျက်ဆီးသွားမယ်လို့ အသိပေးပါတယ်။
▪︎ရွှေကူမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျည်ထိမှန်ပြီး (၇)နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံး
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့လို့ မိုးစစ်ကျေးရွာရှိ အသက်(၇)နှစ်အရွယ် ကလေးငယ်တစ်ဦး လက်နက်ကြီးကျည်ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့မွန်းလွဲပိုင်းက စစ်ကောင်စီတပ်ရဲ့ တပ်မ(၈၈) လက်အောက်ခံတပ် ခလရ(၇၈)ဟာ အင်အား ၁၀၀ခန့်နဲ့ ရွှေကူမြို့နယ် ကျွန်းတော်ရွာမှ ကူးတို့စက်လှေ လေးစီးနဲ့ မိုးစစ်ကျေးရွာဘက်သို့ ကူးလာစဥ် အသင့်စောင့်ဆိုင်းနေတဲ့ မြို့လှ K-PDFအဖွဲ့က တိုက်ခိုက်ခဲ့ပါတယ်။ စစ်ကောင်စီတပ်က မိုးစစ်ရွာရှိ လူနေအိမ်တွေဘက်သို့ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် နေအိမ်တစ်လုံးမီးလောင်ခဲ့ပြီး အရပ်သားပြည်သူ ၄ ဦးထိခိုက်ခဲ့ကာ အသက် (၇)နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ သေဆုံးသူမှာ နှစ်တန်းကျောင်းသား မောင်ဇွဲနိုင်မိုးဖြစ်ပြီး လက်နက်ကြီးကျည်ထိမှန်ကာ ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်မှ စက်လှေသုံးစီးနစ်မြုပ်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂၇ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

▪︎စစ်ကောင်စီတပ်စခန်းတွေကို KNU တပ်မဟာ(၅) ဆက်လက်တိုက်ခိုက်
ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင် တပ်မဟာ(၅) နယ်မြေရှိ စစ်ကောင်စီတပ်စခန်းတွေကို တပ်မဟာ(၅)တပ်ဖွဲ့ဝင်တွေက ခြုံခိုတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်မှသေဆုံးထိခိုက်မှု ရှိခဲ့တယ်လို့ တပ်မဟာ(၅)က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ၃ ရက်အတွင်း ဖာပွန်ခရိုင်အတွင်း တိုက်ပွဲသတင်းနဲ့ စစ်ရေးအခြေအနေတွေကို အသိပေး ထုတ်ပြန်ခဲ့တာပါ။ စက်တင်ဘာ ၂၂ ရက်က စစ်ကောင်စီရဲ့ လယ်တိုး အခြေစိုက် စခန်းကို ခြုံခို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ တစ်ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၂၁ ရက်မှာ စစ်ကောင်စီတပ် ရဟတ်ယာဉ် နှစ်စီးနဲ့ ရိက္ခာပစ္စည်းလာရောက်ချထားရာ ပစ္စည်းထုပ်လာယူတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ရာ တစ်ဦးထပ်မံ သေဆုံး ခဲ့ပါတယ်။ နောက်ပြီး စက်တင်ဘာ ၂၀ ရက်မှာလည်း စစ်ကောင်စီတပ်စွဲရာနေရာ ၂နေရာကို တပ်မဟာ(၅)က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ တစ်ဦးသေ၊ တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
▪︎အရာတော်နယ် သလဲဘာရွာရှိ စစ်အုပ်စုစခန်းကို ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ သလဲဘာကျေးရွာရှိ စစ်ကောင်စီတပ်နဲ့ ပျူစောထီးစခန်းကို အရာတော်နဲ့ ဝက်လက်မြို့နယ်ဒေသကာကွယ်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီဘက်က အများအပြားသေဆုံးတယ်လို့ လျှပ်စီးမိုးကြိုးမုန်တိုင်းတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ မနေ့ညနေပိုင်းက အရာတော်မြို့နယ် သလဲဘာကျေးရွာရှိအင်အား ၃၀ခန့်ရှိ ပျူစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီတိုက်ခိုက်မှုမှာ ပျူစောထီး ၇ ဦးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး နေရာမှာ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပြီး စစ်ကောင်စီဘက်က ၉ဦး ဆေးရုံရောက်ရှိခဲ့တယ်လို့ လျှပ်စီးမိုးကြိုးမုန်တိုင်းတပ်ဖွဲ့က ပြောပါတယ်။ တိုက်ပွဲမှာ ၄၅မိနစ်ခန့် ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီး အလုံး၃၀ခန့်ပြန်လည် ပစ်ခတ်ခဲ့ပါတယ်။ ဒါပေမဲ့ ပြည်သူ့ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
▪︎တောင်သာနယ် အုပ်ကြီးတစ်ဦးကို PDFများ ရှင်းလင်း
မန္တလေးတိုင်း တောင်သာမြို့နယ် လှည်းကူးမ ကျေးရွာရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ထွန်းအောင်ကျော်ဆိုသူကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Myingyan Black Tiger (MBT)က ဒီနေ့ ထုတ်ပြန်ပါတယ်။ လက်နက်အားကိုးနဲ့ ပြည်သူတွေကို အနိုင်ကျင့်ငွေတောင်းခြင်း၊ CDMတွေကို ခြိမ်းခြောက်ခြင်းများလုပ်ဆောင်နေတာကြောင့်မနေ့မွန်းလွဲပိုင်းက သုတ်သင်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။ ရှင်းလင်းမှုအပြီးမှာ စစ်ကောင်စီခန့် အုပ်ကြီးထံမှ M-22 သေနတ်တစ်လက်၊ကျည်ဘောက် (၃)ခု၊ (7.62)ကျည် (၃၇)တောင့်တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ MBT က အသိပေးပါတယ်။

▪︎နိုင်ငံတ၀န်းဆန္ဒပြပွဲတွေ
ကချင်ပြည်နယ် ဖားကန့်မှာ မှော်လှည့်သပိတ်စစ်ကြောင်းက “အနာဂတ်ကြယ်ပွင့်လေးများအတွက် ငါတို့တွေနိုင်အောင် တိုက်ရမည်” စာသားနဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ပါတယ်။


















































