Connect with us

Hi, what are you looking for?

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (စက်တင်ဘာ ၂၄ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎စစ်အာဏာသိမ်းဖို့ အကြံပေးရာမှာ ပါဝင်တယ်ဆိုတဲ့ ဗိုလ်ချုပ်ဟောင်းအုန်းသွင်ကို မြို့ပြ​ပြောက်ကျားအဖွဲ့က ရန်ကုန်နေအိမ်မှာ ရှင်းလင်း

စစ်တပ်အာဏာသိမ်းဖို့ အကြံပေးရာမှာ ပါဝင်တယ်ဆိုတဲ့ အငြိမ်းစား ဗိုလ်ချုပ်အုန်းသွင်ကို ရန်ကုန်မြို့ နေအိမ်မှာ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Inya Urban Force အဖွဲ့က ထုတ်ပြန်ပါတယ်။ ဒီနေ့ ညနေပိုင်းက ဗိုလ်ချုပ်ဟောင်းအုန်းသွင်ကို ရန်ကုန်မြို့ လှိုင်မြို့နယ် (၁၂)ရပ်ကွက်အတွင်းရှိ သူရဲ့နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။ ပစ်ခတ်ရှင်းလင်းချိန်မှာ သူ့ရဲ့ မိသားစုဝင်တွေကို တွေ့ရှိခဲ့ပေမယ့် သူတစ်ဦးတည်းကိုသာ ပစ်မှတ်ထားသုတ်သင်ရှင်းလင်းခဲ့တာလို့ အသိပေးပါတယ်။ Inya Urban Force ရဲ့ ထုတ်ပြန်ချက်မှာ”ယနေ့ Mission အောင်မြင်ခဲ့ပြီ။အငြိမ်းစား ယူထားသော်ငြားလည်း ပြည်သူလူထုအပေါ်ရက် စက်ကြမ်းကြုတ်သောလုပ်ရပ်များ လုပ်ကိုင်ရန် အားပေးအားမြှောက်ပြုလုပ်သူ၊ စစ်အာဏာ သိမ်းရန် တိုက်တွန်းအကြံပေးသူ၊ စစ်မိစ္ဆာများနှင့် ပူးပေါင်းပြီး အကျိုးမြတ်များရရှိနေသူ၊ တော် လှန်ရေးရဲဘော်များအား အကြမ်းဖက်နှိမ်နှင်းရန်​တိုက်တွန်းစေခိုင်းသူအစရှိသူတို့အား ကျွန်ုပ်တို့ မေ့လျော့ထားမည်မဟုတ်ပါ”လို့ ဖော်ပြပါတယ်။ ရဲဘော်တွေ ဘေးကင်းရာရောက်ပြီလို့လည်း Inya Urban Force က အသိပေးပါတယ်။

စစ်တပ်အာဏာသိမ်းရန် အကြံပေးရာတွင်ပါဝင်သည်ဆိုသည့် အငြိမ်းစား ဗိုလ်ချုပ်အုန်းသွင် ရန်ကုန်မြို့နေအိမ်တွင် ရှင်းလင်းခံရ
စစ်တပ်အာဏာသိမ်းရန် အကြံပေးရာတွင်ပါဝင်သည်ဆိုသည့် အငြိမ်းစား ဗိုလ်ချုပ်အုန်းသွင် ရန်ကုန်မြို့နေအိမ်တွင် ရှင်းလင်းခံရ

▪︎စစ်ကောင်စီတပ် ပိတ်ပင်မှုတွေကြောင့် ရခိုင်စစ်ရှောင်များစားနပ်ရိက္ခာ အကြပ်အတည်း ပိုမိုရင်ဆိုင်လာရ

စစ်ကောင်စီတပ်က လမ်းပန်းဆက်သွယ်ရေး ပိတ်ပင်ထားမှုနဲ့ ကူညီရေးအဖွဲ့တွေကို တားဆီးပိတ်ပင်မှုတွေကြောင့် ရခိုင်စစ်ဘေးရှောင်ပြည်သူတွေ စားနပ်ရိက္ခာအခက်အခဲ အကြပ်အတည်း ပိုမိုရင်ဆိုင်နေကြရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ရဲ့ တကျော့ပြန်တိုက်ပွဲတွေကြောင့် မောင်တောနဲ့ ရသေ့တောင်အပါအဝင် စစ်ဘေးရှောင်ဦးရေ ထပ်မံတိုးပွားလာရာ စုစုပေါင်း စစ်ဘေးရှောင် ‌‌ခြောက်သောင်းကျော်ရှိလာတယ်လို့ ဆိုပါတယ်။ စစ်တွေမြို့က လွဲလို့ ကျန် မြို့နယ်တွေမှာ စစ်ရှောင်များ စားနပ်ရိက္ခာ အခက်ကြုံနေကြရတယ်လို့ ရခိုင်ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။ အကြမ်းဖက် စစ်ကောင်စီတပ်ဟာ AA နဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ အထိနာနေပြီး တပ်စခန်းများ လက်လွှတ်ရတဲ့ အခြေအနေတွေ ကြုံနေရပါတယ်။ ဒါကြောင့် ရခိုင်လူထုကို ပစ်မှတ်ထားတဲ့ ဖမ်းဆီးမှုများ၊ ရွာမီးရှို့မှု၊ လက်နက်ကြီးနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုများ ဆက်တိုက်ကျူးလွန်နေတယ်လို့ ဒေသခံက ပြောပါတယ်။

▪︎သပိတ်တောင်ရခိုင်ရွာကို စစ်ကောင်စီတပ် မီးရှို့၊ မူဆလင်ရွာကိုလည်း လက်နက်ကြီးနဲ့ပစ်ခတ်လို့ ကလေးငယ်နဲ့ အမျိုးသမီးတစ်ဦးဒဏ်ရာရ

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် သပိတ်တောင် ရခိုင်ရွာကို စစ်ကောင်စီတပ်က မနေ့ညပိုင်းက မီးရှို့ခဲ့ပြီး မွန်းလွဲပိုင်းမှာလည်း သပိတ်တောင်မူဆလင်ရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ ကလေးငယ်တစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာရခဲ့တယ်လို့ ရွာခံတွေရဲ့ပြောဆိုချက်အရ ရခိုင်ဒေသခံတစ်ဦးက ပြန်ပြောပါတယ်။ သပိတ်တောင် မူဆလင်ရွာက ဒေသခံ ၁၀ ဦးခန့်ကိုလည်း အကြမ်းဖက်စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။ အဲဒီဒေသမှာ AA စစ်ရေးလှုပ်ရှားမှုရှိတယ်ဆိုပြီး စစ်ကောင်စီတပ်က ပစ်ခတ်မှုတွေ မကြာခဏ ပြုလုပ်နေတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ မနေ့ညပိုင်းက မောင်တောဒေသ မြောက်ပိုင်းကို လေကြောင်းကနေ ဗုံးကြဲခဲ့သလို ဒေသခံတွေကို ဒီနေ့ကစလို့ နေရာပြောင်းရွှေ့ဖို့ ခြိမ်း ခြောက်ပြောဆိုနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဒါ့အပြင် ဘူးသီးတောင်မြို့ပေါ်ရှိ စစ်ဘေးရှောင်တွေကိုလည်း နေရပ်ပြန်ဖို့ စစ်ကောင်စီတပ်က ဖိအားပေးနေတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

▪︎ပခုက္ကူမြို့နယ်ရှိ နေအိမ် ၆၀ကျော်ကို စစ်ကောင်စီတပ် မီးတင်ရှို့

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် ယောချောင်းအရှေ့ဘက်ရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ ကျေးရွာနှစ်ရွာရှိ နေအိမ် ၆၀ ကျော်နဲ့ ဆန်အိတ် ၇၀ ဆုံးရှုံးသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်ဟာ စက်တင်ဘာ ၂၂ ရက် မနက်ပိုင်းက ပခုက္ကူမြို့နယ်၊ ဂဝံလေးတိုင်ကျေးရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၁၆ လုံး မီးရှို့ဖျက်ဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဂဝံလေးတိုင်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီတပ်သားတွေဟာ မနေ့ကလည်း ပခုက္ကူ မြို့နယ်၊ မြစ်ဖျားကျေးရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၄၅လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးပါတယ်။ နေအိမ်များအပြင် သုံးဘီးတစ်စီးနဲ့ ကားတစ်စီး ထပ်မံမီးရှို့ဖျက်ဆီးခံခဲ့ရပြီး ကားတစ်စီးပေါ်ရှိ ဆန်အိတ်အလုံးရေ ၇၀ နဲ့ အခြားပစ္စည်းတွေလည်း မီးရှို့ဖျက်ဆီးခံခဲ့ရကာ ကျပ်သိန်း ၅၀၀ ဖိုးခန့်ဆုံးရှုံးခဲ့တယ်လို့ မြစ်ခြေ-ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

▪︎စစ်ဘေးရှောင်တွေကို လှူဒါန်းဖို့ ကယန်းတိုင်းရင်းသူ အန်တိုနီယာရဲ့ MMA ပြိုင်ပွဲဝင် လက်အိတ်ရောင်းချမယ်

One Championship MMA ကစားသမား အန်တိုနီယာဟာ ကရင်နီပြည် စစ်ဘေးရှောင်တွေကို လှူဒါန်းဖို့ သူမရဲ့ ပြိုင်ပွဲဝင် လက်အိတ်ကို မဲဖောက်ရောင်းချသွားမယ်လို့ ဒီနေ့ကြေညာပါ တယ်။ ကံစမ်းလက်မှတ်တစ်စောင်ကို ကျပ် ၅၀၀၀ နဲ့ ရောင်းချမှာဖြစ်ပြီး လာမယ့် အောက်တိုဘာ ၅ ရက်မှာ Live လွှင့်ကာ မဲဖောက်ပေးမယ်လို့ ဆိုပါတယ်။ ရရှိတဲ့ အလှူငွေများအားလုံးကို ကရင်နီပြည်ရှိ စစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာ၊ ဆေးဝါး စတဲ့ လိုအပ်တဲ့ နေရာတွေမှာ ခွဲဝေလှူဒါန်းသွားမှာဖြစ်ပြီး ပြည်သူများ ပူးပေါင်းပါဝင်ပေးကြဖို့လည်း အန်တိုနီယာက မေတ္တာရပ်ခံထားပါတယ်။ ကယန်းတိုင်းရင်းသူ အန်တိုနီယာဟာ One Championship MMA ပြိုင်ပွဲ ငါးပွဲယှဥ်ပြိုင်ထားသူ ဖြစ်ပြီး သုံးပွဲနိုင် နှစ်ပွဲသရေ ရလဒ်ရရှိထားပါတယ်။

▪︎နယူးယောက်မှာ ကမ္ဘောဒီးယားနဲ့ မြန်မာပြည်သူတွေ ပူးပေါင်းကာ သံအမတ်ကြီးဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေး ဆန္ဒပြ

ကုလသမဂ္ဂဌာနချုပ်ရှိရာ နယူးယောက်မြို့မှာ ကမ္ဘောဒီးယားပြည်သူတွေနဲ့ မြန်မာပြည်သူများ ပူးပေါင်းပြီး ကုလသမဂ္ဂမှာ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေး အတွက် မနေ့က တောင်းဆိုဆန္ဒပြခဲ့ပါတယ်။ သံအမတ်ကြီးဦးကျော်မိုးထွန်းဆက်လက်ထားရှိရေး Credential Campaign အဖြစ် UN ရုံးချုပ်ရှေ့မှာ တောင်းဆိုဆန္ဒဖော်ထုတ်ခဲ့ကြ တာလည်းဖြစ်ပါတယ်။ အမေရိကန်ရောက် မြန်မာတွေနဲ့ ကမ္ဘောဒီးယားနိုင်ငံသားတွေက လူ့အခွင့်ရေး တရားမျှတမှုရှိရေး၊ ဥပဒေစိုးမိုးရေး၊ ဒီမိုကရေစီပြန်လည်ထွန်းကားရေး၊ အဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားများနဲ့ အပြစ်မဲ့ပြည်သူများလွတ်မြောက်ရေးတို့အတွက်လည်း တောင်းဆိုခဲ့ကြပါတယ်။

▪︎မတူပီ – ဟားခါးလမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် CDF တိုက်ပွဲဖြစ်၊စစ်ကောင်စီတပ်သား သုံးဦးသေ

ချင်းပြည်နယ် မတူပီ – ဟားခါးလမ်းပိုင်းမှာ နယ်မြေရှင်းလင်းရေး ပြုလုပ်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးခဲ့တယ်လို့ CDF – မတူပီက ထုတ်ပြန်ပါတယ်။ ဒီနေ့မနက်ပိုင်းက မတူပီအခြေစိုက် ခလရ(၁၄၀) တပ်ရင်းဟာ ​မတူပီ-ဟားခါးလမ်းဘက်ကို နယ်မြေရှင်းလင်းရေးပြုလုပ်လာစဥ် CDF တို့ ထိပ်တိုက် တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ တိုက်ပွဲမှာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိတယ်လို့ ဖော်ပြပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်က အင်အား ၅၀ လောက် တက်လာတာကို ကြိုတင်သတင်းရလို့ စောင့်တိုက်ခိုက်ခဲ့တာလို့ CDF-မတူပီ က ပြောပါတယ်။ CDF- မတူပီ ရဲဘော်တွေအနေနဲ့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ အသိပေး ပါတယ်။ တိုက်ပွဲများဆက်လက်ဖြစ်ပွားနိုင်တာကြောင့် မတူပီ-ဟားခါးလမ်းကို ဖြတ်သန်းသွားလာခြင်းမပြုလုပ်ကြဖို့ ပြည်သူတွေကို CDFက တိုက်တွန်းပါတယ်။

▪︎မန္တလေးဘက် ထွက်လာတဲ့ မုံရွာ(နမခ) ယာဥ်နှစ်စီးကို မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ မန္တလေးမြို့ဘက်သို့ထွက်လာတဲ့ စစ်ကောင်စီတပ် ယာဥ်နှစ်စီးကို မုံရွာနဲ့ ချောင်းဦးမြို့နယ်ကြားမှာ မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ မုံရွာမြို့နယ်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (People’s Defence Force – South Monywa)က ထုတ်ပြန်ပါတယ်။ ဒီနေ့ မနက် ၄ နာရီခန့်က မုံရွာ – မန္တလေးလမ်းမကြီးပေါ်၊ မုံရွာ-ချောင်းဦးကြား လမ်းပိုင်းတစ်နေရာမှာ စစ်ကောင်စီရဲ့ ယာဥ်ကြီး နှစ်စီးကို မိုင်း၂ လုံးခွဲကာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီစစ်ဆင်ရေးကို Farmers Revolution Force – FRFအဖွဲ့နဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီယာဥ်ရဲ့နောက်ပိုင်းများ ထိသွားတယ်လို့ သိရပါတယ်။

▪︎ခင်ဦးနယ်မှာ စစ်ကောင်စီတပ်က လေးရက်အတွင်း နေအိမ် ၅၀ ကျော် မီးရှို့ဖျက်ဆီး၊ ပြည်သူ သုံးဦးနဲ့ ရဲဘော်တစ်ဦးကို သတ်ဖြတ်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ စစ်ကောင်စီတပ်က လေးရက်အတွင်း နေအိမ် ၅၀ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံပြည်သူ သုံးဦးနဲ့ ​ဒေသကာကွယ်ရေးရဲဘော်တစ်ဦးတို့ကို သတ်ဖြတ်သွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်ဟာ စက်တင်ဘာ ၂၁ ရက် မနက်ပိုင်းမှာ ခင်ဦးမြို့နယ်အရှေ့ခြမ်း၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ရုံးပင်ကျေးရွာရှိ ဒေသခံပြည်သူ ၁၁ ဦးကို ဖမ်းဆီးသွားခဲ့ပါတယ်။ စက်တင်ဘာ ၂၃ ရက်ညနေပိုင်းမှာ ဖမ်းဆီးခံ ၁၁ ဦးအနက် ၁၀ ဦးကို ပြန်လွှတ်ပေးခဲ့ပြီး အသက် ၄၅ နှစ်အရွယ် ဦးညွန့်လင်းဆိုသူကို အင်္ကျီမပါဘဲ လက်ပြန်ကြိုးတုပ်ကာ သတ်ဖြတ်ထားခဲ့တယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက အသိပေးပါတယ်။ စက်တင်ဘာ ၁၉ နဲ့ ၂၁ ရက်တွေမှာလည်း သာဂရကျေးရွာမှ အသက်(၇၀)နှစ်အရွယ် ဦးဌေးမောင်နဲ့ အသက် (၄၈)နှစ်အရွယ် ကိုဖိုးကူးတို့ကို သတ်ဖြတ်သွားတယ်လို့ ဆိုပါတယ်။ စက်တင်ဘာ ၁၉ ရက်က စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ပြန်လည်လိုက်လံပစ်ခတ်မှုကြောင့် ကာကွယ်ရေးရဲဘော်တစ်ဦး ကျဆုံးခဲ့ပါတယ်။

▪︎နိုင်ငံတဝန်းဆန္ဒပြပွဲတွေ

ရန်ကုန်မြို့ တစ်နေရာမှာ တော်လှန်လူငယ်တွေက “ကျေးလက်ဒေသကိုရှို့တဲ့မီး မင်းတို့စစ်စခန်းတွေလောင်မြိုက်စေ” စာသားကိုင်စွဲကာ အကြမ်းဖက် စစ်ကောင်စီတပ်ဆန့်ကျင်ရေး လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့နယ်ဒေသခံပြည်သူတွေနဲ့ အတူ ကျောင်းသားလူငယ်များ ပူးပေါင်းကာ” ကလေးပါမကျန် သတ်တဲ့ဖက်ဆစ်တပ် ပြည်သူ့အားနဲ့အမြစ်ဖြတ်” စာတန်း ကိုင်ဆွဲကာဆန္ဒပြခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ