စစ်ကောင်စီကြောင့် မီးဘေးသင့်၊ စစ်ဘေးသင့်နေတဲ့ ဂန့်ဂေါနယ်ခံများကို မြို့နယ်(ပအဖ)ထောက်ပံ့ကူညီ
မကွေးတိုင်း ဂန့်ဂေါမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ထိုးစစ်ဆင် ဝင်ရောက်ပြီး ဒေသခံတွေရဲ့ နေအိမ်တွေကို မီးရှို့ခြင်း၊ ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ရာ စစ်ဘေးရှောင်နဲ့ မီးဘေးသင့် ပြည်သူအများအပြားရှိနေပြီး ယင်းဒေသခံများကိုကူညီထောက်ပံ့ပေးခဲ့တယ်လို့ ဂန့်ဂေါမြိုနယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)က ထုတ်ပြန်ပါတယ်။ မနေ့က ဂန့်ဂေါမြို့နယ် မောက်၊ မောက်လင်း၊ ကျော်ရွာ၊ ထယ်လှော် ကျေးရွာများရှိ မီးဘေးသင့်ပြည်သူများအတွက် တစ်အိမ်ထောင်လျှင် ငွေကျပ် ၁၀၀၀၀ နဲ့ ဆီ ၅၀ကျပ်သားစီ ပေးအပ်ခဲ့ပြီး မြင်းဇာ၊ လာပို့၊ ရွာစည် ၊ ရွှေတောင် ကျေးရွာများရှိမီးဘေးသင့်ပြည်သူများအတွက် တစ်အိမ်ထောင်လျှင် ငွေကျပ် ၃၀၀၀၀ နှင့် ဆီ ၅၀ကျပ်သားစီ ပေးအပ်ခဲ့တယ်လို့ အသိပေးပါတယ်။ ကူညီထောက်ပံ့ဖို့ ကျန်ရှိနေတဲ့ စစ်ဘေးရှောင်နဲ့ မီးဘေးသင့် ပြည်သူများအတွက် ဆက်လက်ထောက်ပံ့နိုင်ရေး ကြိုးစားနေပြီး ပြည်တွင်းပြည်ပ အလှူရှင်များအနေနဲ့ ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ ပူးပေါင်းပါဝင် ကူညီပေးကြဖို့တိုက်တွန်းထားပါတယ်။

မြ၀တီ – ဝေါ်လေလမ်းစစ်မြေပြင်က စစ်ကောင်စီ တပ်ကြပ်တစ်ဦး CDM ပြုလုပ်
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆)နယ်မြေ မြ၀တီ -ဝေါ်လေလမ်း ရှေ့တန်းစစ် မြေပြင်မှ စစ်ကောင်စီတပ်ကြပ်တစ်ဦး ပြည်သူ့ရင်ခွင် ခိုလှုံလာတယ်လို့ The Voice Of Spring က ဒီနေ့ဖော်ပြပါတယ်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကော်ဘရာ စစ်ကြောင်း နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွါးနေတဲ့ မြ၀တီ -ဝေါ်လေလမ်းပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီရဲ့ခမရ (၁၀၄)တပ်ရင်းမှ တပ်ကြပ်မျိုးအောင်ဟာ မနေ့က ပြည်သူ့ရင်ခွင်ခိုလှုံလာခဲ့တာလို့ ဆိုပါတယ်။ တပ်ကြပ်မျိုးအောင်ဟာ အသက်လုပြီး CDM ပြုလုပ်လာခြင်းဖြစ်ပြီး ကျန်နေတဲ့ စစ်ကောင်စီတပ်သားတွေလည်း CDM လုပ်ချင်ကြတယ်လို့ သူက ပြောပါတယ်။ လက်ရှိမှာ စစ်ကောင်စီတပ်ဟာ စိတ်ဓာတ်ရေးရာကျဆင်းနေပြီး စစ်ရေးအရလည်း အထိနာနေပါတယ်။

ရွှေဘို – မန္တလေးလမ်းပိုင်းရှိ ရွာသာကြီးရွာကို စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ပစ်လို့ ပြည်သူ ၃၀ခန့် ထိခိုက်ဒဏ်ရာရ
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ရွှေဘို – မန္တလေးလမ်းမကြီးပေါ်ရှိ ရွာသာကြီးစံပြကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ဒေသခံပြည်သူ ၃၀ဦးခန့် ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒါ့အပြင် အကြမ်းဖက်စစ်တပ်ဟာ ကျေးရွာကိုပါ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ဒီနေ့ မနက်ပိုင်းက ရွှေဘိုမြို့ဘက်ထွက်လာတဲ့ စစ်ကောင်စီကားနှစ်စီးဟာ ရွာသာကြီးစံပြကျေးရွာအနီးမှာ မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပြီးနောက် ရွာသာကြီးကို ဝင်ရောက်ပစ်ခတ်စီးနင်းခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

Public Service Announcement
ရဲကားနဲ့ စစ်ကား မျက်နှာချင်းဆိုင်တိုက်၊ ရဲမေတစ်ဦးအပါအဝင် ရဲနှစ်ဦးသေ
ရဲတပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ အိမ်စီးကားတစ်စီးဟာ မနေ့က မန္တလေး- လားရှိုးပြည်ထောင်စုလမ်းပိုင်းမှာ စစ်ကားတစ်စီးနဲ့ မျက်နှာချင်းဆိုင်တိုက်မိပြီး ရဲမေတစ်ဦးအပါအဝင် ရဲနှစ်ဦးသေဆုံးခဲ့တယ်လို့ ရဲသတင်းရင်းမြစ်က ပြောပါတယ်။ ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်ရဲတပ်ဖွဲ့မှ ရဲမေ နှင်းဝတ်ရည်ဝင်းနဲ့ နယ်ထိန်း ရဲအုပ်အောင်ချိုလင်းတို့ဟာ သင်တန်းတက်ဖို့ အိမ်စီးကားနဲ့ ရမည်းသင်းမြို့ကို အသွား နောင်ချိုမြို့နယ် ဘန့်ဘွေးကုန်းရွာအနီးမှာ စစ်ကားနဲ့ တိုက်မိခဲ့တာပါ။ အဲဒီရဲမေနဲ့ ရဲအုပ်တို့ လိုက်ပါလာတဲ့ကားဟာ စုတ်ပြတ်သွားခဲ့ပြီး နှစ်ဦးစလုံးသေဆုံးခဲ့တယ်လိို့ သတင်းရင်းမြစ်က ပြောပါတယ်။

ဖာပွန်ခရိုင်အတွင်း မနေ့ကတိုက်ပွဲတွေမှာ စစ်ကောင်စီတပ် ငါးဦးသေ၊ ကားတစ်စီးဖျက်ဆီးနိုင်ခဲ့ဟု KNUတပ်မဟာ(၅) အသိပေး
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင်မှာ မနေ့က တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်နဲ့ ၎င်းရဲ့ လက်အောက်ခံနယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့ဝင်တွေ သေဆုံးထိခိုက်ခဲ့တယ်လို့ တပ်မဟာ(၅)က ထုတ်ပြန်ပါတယ်။ ဒွယ်လိုးမြို့နယ် ဝါးဒူးကျေးရွာနဲ့ ထိုးဖိုရွာကြားမှာ စစ်ကောင်စီ လက်ပါးစေ BGFနဲ့ ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်ရဲ့ စစ်သုံးထောက်ပို့ကား တစ်စီး ဖျက်ဆီးနိုင်ခဲ့ပြီး စစ်ကောင်စီတပ်သားနှစ်ဦးကို သုတ်သင်နိုင်ခဲ့တယ်လို့ KNU တပ်မဟာ ၅က ဖော်ပြပါတယ်။ အလားတူ ဖာပွန်မြို့ အခြေစိုက် ခလရ(၁၉)စခန်းကို တစ်ကြိမ်၊ ဒွယ်လိုးမြို့နယ် တာဂေါ်ခီးရွာအနီးမှာ တစ်ကြိမ်တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်မှ သုံးဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ KNU တပ်မဟာ(၅)ဘက်က ထိခိုက်ကျဆုံးမရှိဘူးလို့ သိရပါတယ်။ KNUတပ်မဟာ(၅)နယ်မြေမှာ တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားနေပါတယ်။

ခေါက်ပလော့ရွာတိုက်ပွဲ နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိဟု လွိုင်ကော် PDF ထုတ်ပြန်
ဒီးမော့ဆိုမြို့နယ်၊ ခေါက်ပလော့ကျေးရွာ တိုက်ပွဲ နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိတယ်လို့ PDF လွိုင် ကော်က ဒီနေ့ ထုတ်ပြန်ပါတယ်။ တိုက်ပွဲမှာ မနေ့က ခေါက်ပလော့ ကျေးရွာ၊ ပြည်သူ့ နေအိမ်တွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီကို ကရင်နီမဟာမိတ်ပြည်သူ့တပ်တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီက လက်နက်ကြီးအင်အား မတန်တဆသုံးခဲ့ပေမယ့် တော်လှန်ရေး မဟာမိတ်တွေက ကြံ့ကြံ့ခံခုခံတိုက်ပွဲဝင်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ ထိခိုက်မှုရှိခဲ့ပေမယ့် အရေအတွက်အတိအကျကိုမူ မသိရသေးပါဘူး။ လွိုင်ကော် PDF ဘက်က နှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး စနစ်တကျ ဆေးကုသမှုကို ခံယူနေတယ်လို့ အသိပေးပါတယ်။ KNDF တပ်ရင်း (၁)ဘက်က ရဲဘော်နှစ်ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲ နှစ်ပတ်ကျော်လာချိန် မိုးဗြဲ PDF ကျည်နဲ့ ခဲယမ်းများ အရေးပေါ် အကူအညီတောင်းခံ
ရက်သတ္တပတ်နှစ်ပတ်ကျော်ကြာမြင့်နေပြီဖြစ်တဲ့စစ်ကောင်စီတပ်ထိုးစစ်ကို ဆက်လက်ခုခံနိုင်ဖို့ ကျည်နဲ့ ခဲယမ်းများ အရေးပေါ် အကူအညီတောင်းခံတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF)က ဒီနေ့ ထုတ်ပြန်ပါတယ်။ ရှမ်း – ကရင်နီပြည်နယ်အစပ်ရှိ မိုးဗြဲမြို့ကို ဒီလ ၈ရက်ကစတင်ကာ စစ်ကောင်စီရဲ့ ထိုးစစ်ကို လက်နက်၊ ခဲယမ်းအင်အား မမျှတပေမယ့် မဟာမိတ်တပ်ပေါင်းစုတွေရဲ့ ရဲရဲဝံ့ဝံ့ကြံ့ကြံ့ခိုင်ခိုင် ခုခံနေတယ်လို့ အသိပေးပါတယ်။ လက်ရှိတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား များစွာ အသေအဆုံးရှိသလို ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့လည်း ကျဆုံးခဲ့ရပါတယ်။ မိုးဗြဲမြို့ ထိန်းချုပ်နိုင်ရေးနဲ့ လက်မလွှတ်ရရေး နှစ်ဖက်တိုက်ပွဲမှာ ရေရှည်ဆက်လက်ပြင်းထန်နိုင်တာကြောင့် ကျည်နဲ့ ခဲယမ်းတွေ အလုံအလောက်ရရှိရေးအဓိကအရေးကြီးနေတယ်လို့ MBPDF တာဝန်ရှိသူက ပြောပါတယ်။ စစ်ကောင်စီတပ်ကို ချေမှုန်းနိုင်ရေးအတွက် 5.56 ကျည် (၁၀,၀၀၀) တောင့်၊ 7.62 ကျည် (၅,၀၀၀) တောင့်၊ 79 ကျည် (၁၀၀)လုံး၊ RPG (၅၀)လုံး ဖြည့်တင်းနိုင်ရန် အရေးပေါ် အကူအညီတောင်းခံထားပါတယ်။
မြေနီကုန်းမှာ စစ်ကောင်စီတပ် ပစ်သတ်မှုကြောင့် ကျဆုံးခဲ့တဲ့ ပြည်သူလေးဦးအတွက် တစ်နှစ်ပြည့် အထိမ်းအမှတ်ပြုလုပ်
ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ မြေနီကုန်းတာဝါအနီးမှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့ရတဲ့ ပြည်သူလေးဦးအတွက် တစ်နှစ်ပြည့် ဝမ်းနည်းခြင်း အထိမ်းအမှတ်လှုပ်ရှားမှုကို ဒီနေ့မနက်ပိုင်း ပြုလုပ်ခဲ့ပါတယ်။ ၂၀၂၁ စက်တင်ဘာ ၂၅ ညပိုင်းက စစ်ကောင်စီတပ်ဟာ ဒေါက်တာဇင်လင်း နေထိုင်ရာနေအိမ်ကို အကြမ်းဖက် စီးနင်းဝင်ရောက် ပစ်ခတ်ခဲ့ရာ ဒေါက်တာဇင်လင်း အပါအဝင် သူနာပြုဆရာမ မခင်ခင်ကြွယ်၊ ကိုကျော်ကြီးနဲ့ ကိုပစ်ကြီးတို့ လေးဦးကျဆုံးခဲ့ရပါတယ်။ စစ်အာဏာရှင်ကို တော်လှန်ရင်း ကျဆုံးခဲ့ရတဲ့ သူရဲကောင်းတွေကို ဂုဏ်ပြုသောအားဖြင့် ၎င်းတို့ ကျဆုံးခဲ့တဲ့နေရာအနီးမှာ ပုံများကပ်ကာ ဝမ်းနည်းခြင်း အထိမ်းအမှတ် လွမ်းသူ့ပန်းများထားခြင်း၊ ဦးညွှတ်အလေးပြုခြင်းတို့ကို ပြုလုပ်ခဲ့ပါတယ်။
လက်ယက်ကုန်းမှ ကလေးငယ်များအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် ဖဲကြိုးနက်ကမ်ပိန်း ရန်ကုန်မြို့မှာ ပြုလုပ်
စစ်ကောင်စီတပ်မှ လေကြောင်းကနေ ဗုန်းကြဲသတ်ဖြတ်ခဲ့တာကြောင့် သေဆုံးခဲ့ရတဲ့ လက်ယက်ကုန်းမှ ကျောင်းသားကလေးငယ်များအတွက် ရန်ကုန်မြို့တော်လှန်လူငယ်တွေက ဒီနေ့မနက်ပိုင်းမှာ ဝမ်းနည်းခြင်းအထိမ်းအမှတ် ဖဲကြိုးနက် ကမ်ပိန်းပြုလုပ်ခဲ့ပါတယ်။ ပြီးခဲ့သည့် စက်တင်ဘာ ၁၆ ရက်က စစ်ကောင်စီတပ်ဟာ စစ်တိုင်းကိုင်းဒေသကြီး ဒီပဲယင်း မြို့နယ် လက်ယက်ကုန်းကျေးရွာရှိ ဘုန်းတော်ကြီး ပညာသင်ကျောင်းကို ပစ်မှတ်ထား ဗုန်းကြဲတိုက်ခိုက်မှုကြောင့် ကျောင်းသား ကလေးငယ် ခုနစ်ဦးအပါအဝင် ၁၃ဦး သေဆုံးခဲ့ရပါတယ်။ အဲဒီဖြစ်စဉ်အတွက် ဝမ်းနည်းကြေကွဲခြင်း အထိမ်းအမှတ်အဖြစ် ဖဲကြိုးနက်များ ချိတ်ဆွဲခြင်း ၊ ကလေးငယ်များကို လွမ်းဆွတ်ပူဆွေးခြင်း စာများချိတ်ဆွဲကာ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို လူငယ်များသမဂ္ဂ _ဗဟို နဲ့ လှိုင်သာယာမြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂတို့က ဆန္ဒထုတ်ဖော်ပြသခဲ့ကြပါတယ်။
နိုင်ငံတဝန်းဆန္ဒပြပွဲတွေ
ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် အထက(၁) ကျောင်းရှေ့မှာ ကျောင်းသားလူငယ်တွေက “အောင်ပွဲဆိုတာ တိုက်ရဲတဲ့သူတွေအတွက်ဖြစ်တယ်” စာတန်းချိတ်ဆွဲကာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။


စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ဒေသခံပြည်သူတွေက “ဖက်ဆစ်စစ်အုပ်စုဟာ ကလေးတွေပါမကျန် စစ်ရဟတ်ယာဉ် သုံးပြီး သတ်နေတယ်။ ခင်ဗျားတို့က ရပ်ကြည့်နေကြဦးမှာလား” စာသားကိုင်စွဲကာ အင်အားအများအပြားနဲ့ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။


















































