Connect with us

Hi, what are you looking for?

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (စက်တင်ဘာ ၂၆ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎စစ်တပ်ဟာ နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေ၊ စစ်ရေးဆိုင်ရာဥပဒေ စတာတွေကို ပေါ်ပေါ်ထင်ထင်နဲ့ အဆက်မပြတ် ကျူးလွန်နေ

စစ်ကိုင်းတိုင်း ဒီပဲယင်း၊ လက်ယက်ကုန်းရွာ ဘုန်းကြီးကျောင်းအတွင်းရှိ စာသင်ကျောင်းကို ဝေဟင် အင်အားသုံးကာ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ကြသူတွေဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ အမှတ် (၁၀) စစ်ဆေးရေးဌာနချုပ် လက်အောက်ခံ ခြေမြန်တပ်ရင်း တပ်မ (၃၆၈) မှ အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေဖြစ်တယ်လို့ NUG လူ့အခွင့် အရေး၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။ စစ်တပ်ဟာ နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေ၊ စစ်ရေးဆိုင်ရာဥပဒေ စတာတွေကို ပေါ်ပေါ်ထင်ထင်နဲ့ အဆက်မပြတ် ကျူးလွန်နေကြောင်း ၎င်းတို့ ကျုးလွန်နေတဲ့ အဖြစ်အပျက်တွေက အတိအကျ သက်သေခံနေတယ်လို့ NUG က ဆိုပါတယ်။ လက်ယက်ကုန်းရွာအတွင်း အကြမ်းဖက်ခံရမှုဖြစ်စဥ်အသေးစိတ်အချက်အလက်များကို NUG လူ့အခွင့်အရေးဝန်ကြီးဌာနက ယမန်နေ့တွင် ထုတ်ပြန်ခဲ့တာပါ။ အတည်ပြုနိုင်တဲ့ သေဆုံးသူ (၁၂) ဦး ရှိပြီး အသက် ၆ နှစ်အရွယ် မောင်ဘုန်းတေဇနဲ့ အသက် ၇ နှစ်အရွယ် မသုဝတီလှိုင် အပါအဝင် (၁၆) နှစ်အောက် ကလေးငယ် (၇) ဦးသေဆုံးခဲ့ရပါတယ်။ စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ကျောင်းသား၊ ကျောင်းသူ ၇ ဦးအပြင် ဒေသခံပြည်သူ ၆ ဦးလည်း သေဆုံးခဲ့ပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ ပြည်သူလုထုကို သတ်ဖြတ်ရုံသာမက အပြစ်မဲ့ ပြည်သူ (၁၅) ဦးကိုလည်း ဖမ်းဆီးသွားပြီး အဲဒီထဲမှာ အသက်မပြည့်သေးသူ ကလေးငယ်(၇) ဦးအထိ ပါဝင်ပါတယ်။

▪︎နိုင်ငံရေးအကျဉ်းသား ၂၅၀ ကို အင်းစိန်ထောင်ကနေ သာယာဝတီထောင်သို့ ပြောင်းရွှေ့

အင်းစိန်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ၂၅၀ ကို စက်တင်ဘာလ ၂၄ရက်က သာယာဝတီထောင်သို့ ပြောင်းရွှေ့လိုက်တယ်လို့သိရပါတယ်။ ဒီလို ထောင်ပြောင်းခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲ အမျိုးသမီး နိုင်ငံရေးအကျဉ်းသား ၅၀ ဦး ပါဝင်တယ်လို့ ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရွာသာကြီးနယ်မြေ)ကထုတ်ပြန်အသိပေးထားပါတယ်။ အင်းစိန်ထောင်က နိုင်ငံရေးအကျဉ်းသားတွေကို နယ်ထောင်တွေဆီရွှေ့တာဟာ ဒီတကြိမ် အပါအဝင် လေးကြိမ်းမြောက် ရှိလာပြီလို့သိရပါတယ်။ ထောင်ပြောင်းတာကို စနေနေ့ မှာ ပြုလုပ်တာဟာ တနင်္ဂနွေနေ့ ထောင်ရုံးပိတ်ရက်ဖြစ်တာကြောင့် မိသားစုဝင်တွေ လိုက်လံစုံစမ်းမရအောင် စစ်ကောင်စီဘက်က ကြိုတင်အကွက်ချ စီမံတာလို့ ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရွာသာကြီးနယ်မြေ) က သုံးသပ်ထားပါတယ်။ ထောင်ပြောင်းခံရတဲ့အထဲ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကျောင်းသား၊ကျောင်းသူတွေလည်းတယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်ဝေခံ ထောင်အာဏာပိုင်တွေဟာ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်တွင်းဖိနှိပ်မှုတွေ နေ့စဉ်နဲ့အမျှ ပြုလုပ်နေပါတယ်။

Photo - CNN
Photo – CNN

▪︎ဘူးသီးတောင်နဲ့ ပလက်၀ရှိ စစ်ကောင်စီတပ်စခန်းတွေကို AA တိုက်ခိုက်

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုနဲ့ ပလက်၀မြို့နယ်ရှိ တပ်စခန်းတစ်ခုတို့ကို ရက္ခိုင့်တပ်တော်(AA)က တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ မနေ့က ဘူးသီးတောင်မြို့နယ် သိမ်တောင်ပြင်ဗျူဟာနဲ့ ပလက်၀မြို့နယ် နှမဒါရွာအနီးရှိ တပ်စခန်းတို့ကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ သိမ်တောင်ပြင်ဗျူဟာတိုက်ပွဲဟာ ပြင်းထန်ခဲ့ပြီး အနီးအနားက မူဆလင်တွေအပါအဝင် ဒေသခံနှစ်ထောင်လောက် စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံက ပြောပါတယ်။ ချင်းပြည်နယ် ပလက်ဝတိုက်ပွဲမှာလည်း နှစ်ဘက်ထိခိုက် ကျဆုံးမှုရှိခဲ့ပြီး စစ်ကောင်စီဘက်ကတော့ အကျအဆုံးပိုမိုများပြားတယ်လို့ သိရပါတယ်။ နောက်ပြီး အကြမ်းဖက်စစ်ကောင်စီဟာ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ မင်းပြားနဲ့ ကျောက်တော် အပါအဝင်ဒေသအချို့ကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ်များအပါအဝင် ဒေသခံတွေ သေဆုံးထိခိုက်မှုရှိတယ်လို့ ဒေသခံက ပြောပါတယ်။

Public Service Announcement

Public Service Announcement

▪︎ကရင်နီပြည်တဝန်း တိုက်ပွဲများဖြစ်ပွားနေလို့ ရိက္ခာများပါဝင်ကူညီပေးကြဖို့ KNDF တိုက်တွန်း

ကရင်နီပြည်နယ် နေရာအများအပြားမှာ စစ်ဗျူဟာအလိုက် တိုက်ပွဲများဖြစ်ပွားနေပြီး ရှေ့တန်းရောက် ရဲ​ဘော်များအတွက် ရိက္ခာများပါဝင်ကူညီပေးကြဖို့ ကရင်နီအမျိုးသားများကာ ကွယ်ရေးတပ် (KNDF)က ဒီနေ့ ထုတ်ပြန်ပါတယ်။ လက်ရှိ တိုက်ပွဲများဖြစ်ပွားမှုအရ ခဲယမ်းလိုအပ်ချက်သာမက တပ်အသီးသီးမှ ထောင်ချီသော တိုက်ပွဲဝင်ရှေ့တန်းရဲဘော်များအတွက် ရိက္ခာလိုအပ်ချက်မှာလည်း နေ့စဥ်နဲ့အမျှ မြင့်မားနေတယ်လို့ အသိပေးပါတယ်။ Logistics Unit (ဗဟိုထောက်/ပို့ ဌာန )KNDF အနေနဲ့ စစ်ဗျူဟာအသီးသီးသို့ ရှေ့တန်းစစ်မြေပြင်အရောက် ရိက္ခာများပို့ဆောင်တဲ့ Mission တွေကို ထမ်းဆောင်နေရုံသာမက ရိက္ခာစုဆောင်းရှာဖွေရေးအတွက်ပါ ဘဏ္ဍာရေးအခက်အခဲများကြားမှ ရုန်းကန်ဖြေရှင်းနေတယ်လို့ ဆိုပါတယ်။ ရှေ့ လျှောက် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်ဖို့ရှိနေတာကြောင့် ပြည်သူတွေအနေနဲ့ ပါဝင်ကူညီပံ့ပိုးကြဖို့ KNDF က တိုက်တွန်းပါတယ်။

(ရှေ့တန်းရှိ ရဲဘော်များကို ရိက္ခာပို့ဆောင်ပေးရန် ပြင်ဆင်နေစဉ်၊ ဓာတ်ပုံ - KNDF)
(ရှေ့တန်းရှိ ရဲဘော်များကို ရိက္ခာပို့ဆောင်ပေးရန် ပြင်ဆင်နေစဉ်၊ ဓာတ်ပုံ – KNDF)

▪︎မုံရွာ – မန္တလေးလမ်းပိုင်းမှာ စစ်ကောင်စီ ထောက်ပို့ယာဥ်တန်းကို နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းပိုင်းမှာ စစ်ကောင်စီထောက်ပို့ယာဉ် ခြောက်စီးကို နှစ်ကြိမ်မိုင်းခွဲ တိုက်ခိုက်ရာ ယာဉ်တစ်စီးပျက်စီးပြီး ထိခိုက်သေဆုံးမှုရှိတယ်လို့ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ CDSOM က ပြောပါတယ်။ မနေ့က မုံရွာ-မန္တလေးလမ်းပေါ်မှာ စစ်ကိုင်းမှ မုံရွာမြို့သို့လာတဲ့ စစ်ကောင်စီတပ်ရဲ့ ထောက်ပို့ကား ၁၂ ဘီးကား ခြောက်စီးကို CDSOM ရဲ့တူမီးဖိုက်တာအဖွဲ့က ဦးဆောင်ကာ ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး နှစ်ကြိမ်မိုင်းခွဲ တိုက်ခိုက်ခဲ့တာပါ။ ပထမတကြိမ်မိုင်းဆွဲတိုက်ခိုက်မှုမှာ စစ်ကောင်စီယာဥ်တစ်စီး တစ်စစီဖြစ်သွားခဲ့ပြီး ဒုတိယတကြိမ်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး နေရာမှာပင် သေဆုံးကာ ငါးဦးခန့် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

▪︎မတူပီ တိုက်ပွဲမှာ စစ်ကောင်စီတပ် လေးဦးသေ၊ ရှစ်ဦးထက်မနည်း ဒဏ်ရာရဟု CDF ထုတ်ပြန်

ချင်းပြည်နယ် မတူပီမြို့နယ်မှာ ဒေသခံ ချင်းကာကွယ်ရေးတပ်(CDF)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်ရှိခဲ့တယ်လို့ မတူပီ CDF က ထုတ်ပြန်ပါတယ်။ မတူပီမြို့ နဲ့ ငလိုင်ရွာကြားမှာ မနေ့မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်က လေးဦးသေ၊ ရှစ်ဦးထက်မနည်း ဒဏ်ရာရရှိကာ CDF ရဲဘော် တစ်ဦးလည်း ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ ဖော်ပြပါတယ်။ မတူပီ အခြေစိုက်စစ်ကောင်စီရဲ့ခလရ (၁၄၀) တပ်ရင်းက မတူပီ – ဟားခါးလမ်းကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်လာတာ ကြောင့် စက်တင်ဘာ ၂၄ ရက်ကစလို့ တိုက်ပွဲဖြစ်နေခဲ့ပြီး အဲဒီနေ့က စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးကာ ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ CDFက ထုတ်ပြန်ပါတယ်။

▪︎အစာအဆိပ်သင့်ခဲ့တဲ့ ခင်ဦးစစ်ဘေးရှောင်ပြည်သူ ၁၈ ဦးကို SSTF သွား​ရောက်ဆေးကုသ​ပေး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ တောထဲအလေ့ကျပေါက်တဲ့ မှိုချက်စားမိရာမှ စစ်ဘေးရှောင်ပြည်သူ ၁၈ ဦး အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ စက်တင်ဘာလ ၂၄ ရက် ညပိုင်းက ခင်ဦးမြို့နယ် ကျေးရွာတစ်ရွာရှိ မိသားစု သုံးစု၊လူဦးရေ စုစုပေါင်း ၁၈ဦးဟာ အစာအဆိပ်သင့်ကာ မူးဝေ အော့အန်ခဲ့ကြလို့ Spring Special Task Force-SSTF (MRDA တပ်ခွဲ -ခင်ဦး) ဆေးတပ်ဖွဲ့နဲ့ ရဲဘော်တွေက သွားရောက်ပြုစု ဆေးကုသမှုပေးခဲ့ရာ သက်သာသွားပြီလို့ သိရပါတယ်။

▪︎ညောင်ပင်ကြီး – ဆားလင်းကြီးလမ်းပိုင်းကို အရေးပေါ်ယာယီပိတ်သိမ်း

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ညောင်ပင်ကြီး – ဆားလင်းကြီးလမ်းပိုင်းကို အရေးပေါ်ယာယီပိတ်သိမ်းလိုက်တယ်လို့ ဆားလင်းကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Salingyi GZ Local PDFက ဒီနေ့ မနက်ထုတ်ပြန်ကြေညာပါတယ်။ ပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ လုံခြုံရေးအတွက် သတိပြုနေထိုင်ကြဖို့ အဲဒီဲဒေသခံကာကွယ်ရေးတပ်ဖွဲ့က အသိပေးပါတယ်။ ဘာကြောင့် လမ်းပိုင်းယာယီပိတ်သိမ်းရတယ်ဆိုတာကိုတော့ ကြေညာချက်မှာ မဖော်ပြပါဘူး။ ဆားလင်းကြီးမြို့အနီးတဝိုက်ရှိ ကျေးရွာတွေကို အကြမ်းဖက်စစ်ကောင်စီက စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေတာကြောင့် စစ်ကြောင်းနဲ့နီးကပ်ပါက မိမိတို့ရဲ့ကျေးရွာတွေအတွင်း နေထိုင်ခြင်းမပြုဘဲ အချိန်မီ ရှောင်တိမ်းကြဖို့ ဆက်လက်သတိပေးထားပါတယ်။

▪︎တန့်ဆည်နယ် ငှက်ပျောတောရွာကို မီးရှို့ဖျက်ဆီးလာတဲ့ စစ်အုပ်စုကို မိုင်းခွဲတိုက်ခိုက်

တန့်ဆည်မြို့နယ် ငှက်ပျောက်တောကျေးရွာကို မီးရှို့ဖျက်ဆီးပြီး ပြန်ထွက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို မိုင်းသုံးလုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Guerrilla Warfare – K.P.K က ဒီနေ့ထုတ်ပြန်ပါတယ်။ မနေ့က ငှက်ပျောတောရွာဘက်မှထွက်လာတဲ့ စစ်ကောင်စီတပ်ကို ကပေါင်းကျရွာအဝင်မှာ အသင့်ပြင်ထားတဲ့ တိုက်မိုင်းများအနက် နှစ်လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဘက်မှ ၁၀ဦးခန့် ထိခိုက်သေဆုံးနိုင်ပြီး တော်လှန်ရေးရဲဘော်တွေဘက်မှ အထိအခိုက်မရှိခဲ့ဘူးလို့ အသိပေးပါတယ်။ ဒီနေ့ မနက်ပိုင်းမှာလည်း ကပေါင်းကျအရှေ့ရွာနဲ့ ခေါတောရွာကို ကူးလူးသွားလာနေကြတဲ့ စစ်အုပ်စုကို နောက်ထပ် တိုက်မိုင်းတစ်လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ၁၀ဦးခန့် ထိခိုက်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

▪︎ရန်ကုန် ကန်တော်လေး အုပ်ကြီးရုံးကိုအဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲ

ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ် ကန်တော်လေး(တောင်) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို မနေ့ညပိုင်းက မြို့ပြပြောက်ကျားတပ်ဖွဲ့တွေက အဝေးထိန်း လက်လုပ်မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ UMCD က ထုတ်ပြန်ပါတယ်။ UMCD အင်အားစု၊ Burma Royal Guerrilla Force တပ်ဖွဲ့ နဲ့ မဟာမိတ် MFF ( Marauder Front Five)တို့ပူးပေါင်းကာ အဝေးထိန်း လက်လုပ်မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်မှုရှိ၊ မရှိတော့ မသိရသေးဘူးလို့ ဆိုပါတယ်။ မစ်ရှင်ပြီးဆုံးပြီးနောက် တော်လှန်ရေးအဖွဲ့သားများအားလုံး ဘေးကင်းရာသို့ ရောက်ရှိနေပြီလို့ အသိပေးပါတယ်။

(ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ကန်တော်လေး အုပ်ချုပ်ရေးမှူးရုံးအား တွေ့ရစဥ်၊ဓာတ်ပုံ - CJ)
(ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ကန်တော်လေး အုပ်ချုပ်ရေးမှူးရုံးအား တွေ့ရစဥ်၊ဓာတ်ပုံ – CJ)

▪︎စစ်​ကောင်စီတပ်သား​တွေရဲ့စက်​လှေ ၃စီးကို​ရေမြှပ်မိုင်းနဲ့တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်း ဧရာဝတီမြစ်အတွင်းမှာ ဒီကနေ့ မနက်ပိုင်းက ရဲနှင့်စစ် သားတွေလိုက်ပါလာတဲ့ စက်လှေ သုံးစီးကို တောကြီးမြွေပွေးအဖွဲ့က ရေမြုပ်မိုင်းနဲ့ မိုင်းခွဲတိုက်ခိုက်ရာ တစ်ပွင့်ဗိုလ်တစ်ဦးအပါအဝင် ငါးဦးသေဆုံးသွားပါတယ်။အဲဒီရဲနဲ့ စစ်သားတွေဟာ ဝက်လက်မြို့နယ်၊ ရှိမ်းမကားရဲစခန်းကဖြစ်ပြီး ဧရာဝတီမြစ်အတွင်း သွားလာနေတဲ့ ပြည်သူများအား ခြိမ်းခြောက်ငွေညှစ်လို့ တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း တောကြီးမြွေပွေးအဖွဲ့က အသိပေးထားပါတယ်။

(ရေထဲမျောလာသည့်လှေပေါ်တွေ့ရသော ကျည်နှင့်အသုံးအဆောင်အချို့၊ဓာတ်ပုံ-တောကြီးမြွေပွေး)
(ရေထဲမျောလာသည့်လှေပေါ်တွေ့ရသော ကျည်နှင့်အသုံးအဆောင်အချို့၊ဓာတ်ပုံ-တောကြီးမြွေပွေး)

▪︎စစ်​ကောင်စီတပ်ကားမိုင်းထိလို့ပြင်​နေတုန်း PDF​တွေဝင်တိုက် စစ်သား ၈ ဦး​သေ ၊ ​သေနတ် ၃ လက်နဲ့ကျည်ဆံ​တွေရရှိ

ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမှာ စက်တင်ဘာ ၂၅ ရက်က မိုင်းထိတဲ့ထောက်ပို့ကားပြင်နေစဥ်မှာPDF​တွေကတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံးပြီး လက်နက် ၃ လက်နဲ့ကျည်ဆံ​တွေအပါအဝင် စစ်အသုံးအဆောင်ပစ္စည်းအချို့ သိမ်းဆည်းနိုင်ခဲ့ကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CHUPDF)က သတင်းထုတ်ပြန်ပါတယ်။ ထံကနေ BA-72(G1) ၁လက်၊ MA-3 ၁လက်၊ BA-94(Uzhi) ၁လက်၊ 7.62(ကပစ) ၂၀တောင့်၊ 5.56(ကပစ) ၂၆တောင့်၊ 9mm(ကပစ) ၁၅တောင့်၊ ဓားမြှောင် ၁လက်၊ Mytel Keypad ၁လုံး၊ walkitalki (ဆက်သွယ်ရေးစကားပြောစက်) ၁လုံး သိမ်းဆည်းရရှိခဲ့ပါတယ်။

(သိမ်းဆည်းရမိသော ရန်သူ့လက်နက်ပစ္စည်းများ။ ဓာတ်ပုံ-CHUPDF)
(သိမ်းဆည်းရမိသော ရန်သူ့လက်နက်ပစ္စည်းများ။ ဓာတ်ပုံ-CHUPDF)

▪︎နိုင်ငံတဝန်းဆန္ဒပြပွဲတွေ

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ပင်မသပိတ်စစ်ကြောင်းက “ကလေးပါ မကျန်သတ်တဲ့ ဖက်ဆစ်စစ်တပ် ပြည်သူအားနဲ့ အမြစ်ဖြတ်” စာတန်းကိုင်ဆောင်ကာ သပိတ်ကြွေးကြော်သံတွေနဲ့ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ကျောင်းသားကလေးငယ်တွေက “စာသင်ကျောင်းသည် စစ်မြေပြင် မဟုတ်”၊ “ငါတို့ကလေးတွေဟာ စစ်ရေးပစ်မှတ် မဟုတ်” စတဲ့စာသားတွေ ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

မုံရွာမြို့ လူထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် (၂၇)နှစ်ပြည့် တော်လှန်မွေးနေ့အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြခဲ့ပြီး ဆန္ဒပြနေစဥ် စစ်ကောင်စီဝင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်များ ပစ်ခတ်မှုဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ်။

မုံရွာမြို့ လမ်းလယ်အဝိုင်းတစ်ခုပေါ်မှာ ကိုဝေမိုးနိုင်ရဲ့ ပြောစကားတစ်ခုဖြစ်တဲ့” သူ လဲ ကိုယ်ထူ ကိုယ်လဲ သူထူနဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး အပြီးသတ်တိုက်ပွဲ ဆက်လက်ဆင်နွှဲကြ -ဝေမိုးနိုင် ” စာသားနဲ့ “ကလေးပါ မကျန်သတ်တဲ့ ဖက်ဆစ်စစ်တပ် ပြည်သူအားနဲ့ အမြစ်ဖြတ်” စာသားတို့ ကို ချိတ်ဆွဲ ဆန္ဒပြခဲ့တာလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ