လူမဆန်သည့်ရက်စက်ကြမ်းကြုတ်မှု ကျူးလွန်သူများအား ပြစ်ဒဏ်အမြန်ဆုံးပေးနိုင်ရန်ဆောင်ရွက်နေပြီဟု အသိပေး
ကုလနှင့်နိုင်ငံတကာက မင်းအောင်လှိုင်ဦးဆောင်သည့်စစ်တပ်အား ထိရောက်ပြင်းထန်စွာအရေးယူပေးရန် နှိုးဆော်
အကြမ်းဖက် စစ်ကောင်စီအနေဖြင့် ၂၀၂၁ ဖေဖော်ဝါရီ ၁ရက် အာဏာလုယူခဲ့သည့်နေ့မှစပြီး လက်ရှိအချိန်အထိ အသက်(၁၈)နှစ်အောက် ကလေးသူငယ် (၂၃၄) ဦးကို သတ်ဖြတ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ထုတ်ပြန်သည်။
ထို့အပြင် လူမဆန်သည့် ရက်စက်ကြမ်းကြုတ်မှု ဖြစ်စဉ်များ ကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူများ၊ တာဝန်ရှိသူများကို ထိုက်တန်သည့် ပြစ်ဒဏ်များ ခံစားနိုင်ရေး အမြန်ဆုံး ဆောင်ရွက်နိုင်ရန် အစီအစဉ်များ ချမှတ်ဆောင်ရွက်နေပြီဟုလည်း အသိပေးခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ နှင့် တိုင်းရင်းသားမဟာမိတ်တို့၏ စိုးမိုးထိမ်းချုပ်နယ်မြေများကို အခြေပြု၍ စစ်ရာဇဝတ်မှုကျူးလွန်သူများအား အမှုဖွင့်တရားစွဲဆိုခြင်း၊ ဝရမ်းထုတ်ခြင်း၊ လက်ရဖမ်းဆီးခြင်း၊ ဖမ်းဆီးရမိပါက တရားဥပဒေအရ တရားစီရင် အပြစ်ပေးခြင်းများကို အမြန်ဆုံးဆောင်ရွက်နိုင်ရေး အဆောတလျင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။
အကြမ်းဖက်ဖက်ဆစ်စစ်တပ်က စက်တင်ဘာ ၁၆ရက်တွင် ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာသို့ မြေပြင်၊ လေကြောင်းတို့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့၍ ကလေးငယ် ၇ဦး အပါအဝင် ၁၃ဦး အသက်ဆုံးရှုံးခဲ့ရပြီး ၂၀ကျော် ဒဏ်ရာရခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ရာ၌ အထက်ပါ အတိုင်းဖော်ပြသည်။

Public Service Announcement

စစ်ကောင်စီအနေဖြင့် ကလေးသူငယ် ၃၆၃ ဦးကို ဖမ်းဆီးထိမ်းသိမ်းထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန၏ အချက်အလက်များအရ သိရှိရကြောင်း ဖော်ပြထားသည်။
ကမ္ဘာ့ကုလသမဂ္ဂနှင့်တကွ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့်လဲ မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး ထိရောက်ပြင်းထန်သော အရေးယူ ဆောင်ရွက်မှုများကို အလျင်အမြန် ဆောင်ရွက်ရန် တိုက်တွန်းထားသည်။ ထိုသို့ဆောင်ရွက်မှသာလျှင် ကမ္ဘာ့တစ်ဝှမ်းရှိလူသားမျိုးနွယ်စုတစ်ခုလုံး၏ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် ငြိမ်းချမ်းရေးတို့ကို ခြိမ်းခြောက်လာနေသည့် မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်တပ်၏ ရက်စက်ရမ်းကားမှုများကို ရပ်တန့်နိုင်မည်ဖြစ်ကြောင်း NUGက ထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီအနေဖြင့် လက်ယက်ကုန်းရွာ၌ ကလေးငယ်များ အပါအဝင်ပြည်သူများအား အစုအလိုက် အပြုံလိုက် သတ်ဖြတ်ခြင်းမျိုးကို အခြားဒေသများ၌လည်း ကျူးလွန်ခဲ့သည်။

ကနီမြို့နယ်ရှိ တောင်ပေါက်ရွာ၊ ကြက်ချောင်းတောတိုက်ရွာ၊ ယင်းရွာ၊ ကုန်းသာရွာတို့တွင် ဒေသခံ ၄၀ကျော်ကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့ပြီး ဆားလင်းကြီးမြို့နယ် ဒုန်းတောရွာ၌ (၁၄)နှစ်မှ (၁၇)နှစ်အကြား ကလေးသူငယ်လေးဦး အပါအဝင် ဒေသခံ ၁၀ဦးကို သတ်ဖြတ်ခဲ့သည်။ ခို့အပြင် ဖရူဆိုမြို့နယ် မိုဆိုကျေးရွာ၌ အမျိုးသမီး၊ ကလေးငယ်နှင့် Save the Children မှ ဝန်ထမ်းနှစ်ဦးအပါအဝင် ၄၉ ဦးအား မီးရှို့သတ်ဖြတ်ခဲ့ပြီး ချင်းပြည်နယ် မတူပီမြို့နယ်၌ သတင်းထောက်တစ်ဦးနှင့် ကလေးငယ်တစ်ဦးအပါအဝင် ၁၁ဦးကို ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခဲ့သည်။ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံ ပဲရင်းတောင်ရွာ၌ အမျိုးသား (၉) ဦးကို မီးရှို့သတ်ဖြတ်ခဲ့ခြင်း ၊ ရေဦးမြို့နယ် မုန်တိုင်ပင်ရွာ၌ ၂၈ ဦးကို မီးရှို့သတ်ဖြတ်ခဲ့ခြင်း စသည်တို့ကိုလည်း စစ်ကောင်စီတပ်က ကျူးလွန်ခဲ့ပြီး အလားတူ ဖြစ်ရပ်များစွာကိုလည်း စစ်ကောင်စီတပ်က ကျူးလွန်ခဲ့သည်။
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်ကောင်စီကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်မှုများတွင် အသက်ခန္ဓာ ရင်းနှီးပေးဆပ်ခဲ့ကြ ရသူများအားလုံးအတွက် တရားမျှတမှုကို ပြန်လည်ရရှိနိုင်ရေး ဖြစ်စဉ်တစ်ခုဆီတိုင်း၏ သက်သေ အထောက်အထားများကို စနစ်တကျစုဆောင်း၍ သက်ဆိုင်ရာ တရားစွဲအဖွဲ့အစည်းများသို့ ပို့ဆောင်လျက်ရှိကြောင်း ထုတ်ပြန်သည်။


















































