Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (စက်တင်ဘာ ၂၇ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎မြန်မာ့အရေး ထိထိရောက်ရောက် တုံ့ပြန်သင့်ပြီလို့ လူ့အခွင့်အရေး မဟာမင်းကြီးပြော

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေးကို ဖော်ဆောင်ဖို့အတွက် အရေးတကြီး တုံ့ပြန် လုပ်ဆောင်မှုတွေ လိုအပ်နေပြီလို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးအဖြစ် ယာယီ တာဝန်ယူထားတဲ့ နာဒါ အယ်လ်နာရှစ်ဖ်က ပြောကြားသွားပါတယ်။ လူ့အခွင့်အရေးဆိုင်ရာ ဒုတိယ မဟာမင်းကြီးလည်းဖြစ်တဲ့ ဂျော်ဒန် နိုင်ငံသူဟာ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ကျင်းပတဲ့ ၅၁ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေတွေနဲ့ ပတ်သက်လို့ အစီရင်ခံ တင်ပြသွားခဲ့တာပါ။လက်ရှိ အခြေအနေမှာ အာဏာသိမ်း စစ်တပ်ဟာ အတိုက်အခံ အင်အားစုတွေကို ထိုးနှက်ဖို့တင် မကဘဲ သူတို့ကို မထောက်ခံတဲ့ အရပ်သား ပြည်သူတွေကိုပါ ပစ်မှတ်ထားနေတယ်လို့ အယ်လ်နာရှစ်ဖ်က ဆိုပါတယ်။ ဒါ့အပြင် စစ်တပ်က အရပ်သားတွေကိုပါ တိုက်ခိုက်နေပြီး လူနေ ဧရိယာတွေမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ၊ လေကြောင်းကနေ ဗုံးကြဲတာတွေကို ပိုပြီး အရှိန်မြှင့်လာတယ်လို့ သူက ဆိုပါတယ်။

▪︎စစ်ကောင်စီသတ်ဖြတ်မှုကြောင့် အနည်းဆုံးကလေးသူငယ် ၂၃၄ဦး အသက်ဆုံးရှုံးခဲ့ရ

အကြမ်းဖက် စစ်ကောင်စီဟာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် အာဏာလုယူခဲ့တဲ့နေ့ကစလို့ လက်ရှိအချိန်အထိ အသက် ၁၈ နှစ်အောက် ကလေးသူငယ် ၂၃၄ ဦးကို သတ်ဖြတ်ခဲ့ပြီး ၃၆၃ ဦးကိုလည်း ဖမ်းဆီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ပါတယ်။

အဲဒီလို စစ်တပ်ရဲ့ လူမဆန်တဲ့ ရက်စက်ကြမ်းကြုတ်မှု ဖြစ်စဉ်တွေ ကျူးလွန်ရာမှာ ပါဝင်ပတ်သက်သူများ၊ တာဝန်ရှိသူများကို ထိုက်တန်တဲ့ ပြစ်ဒဏ်များ ခံစားနိုင်ရေး အမြန်ဆုံး ဆောင်ရွက်နိုင်ဖို့ အစီအစဉ်များ ချမှတ်ဆောင်ရွက်နေပြီလို့လည်း NUG က ဆိုပါတယ်။ ကုလသမဂ္ဂ နဲ့ နိုင်ငံတကာအနေနဲ့ မင်းအောင်လှိုင်ဦးဆောင်တဲ့ မြန်မာစစ်တပ်ကို ထိရောက်ပြင်းထန်စွာအရေးယူပေးဖို့ တိုက်တွန်းခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

▪︎ကုလညီလာခံရဲ့ နိုင်ငံ့ခေါင်းဆောင်တွေ မိန့်ခွန်းပြောကြားတဲ့သီတင်းပတ်မှာ မြန်မာ နဲ့ အာဖဂန်တို့ မပါဝင်ခဲ့

မြန်မာနဲ့ အာဖဂန်နစ္စတန် နိုင်ငံခေါင်းဆောင်တွေ မပါဝင်တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ နိုင်ငံ့ခေါင်းဆောင်တွေ မိန့်ခွန်းပြောကြားတဲ့ သီတင်းပတ်က မနေ့က ပြီးဆုံးခဲ့တယ်လို့ AP သတင်းဌာနက ဖော်ပြပါတယ်။ ကျင်းပနေဆဲ ၇၇ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ High Level Week မှာ ကမ္ဘာတလွှားရှိ အဖွဲ့ဝင်နိုင်ငံတွေက ခေါင်းဆောင်တွေ နိုင်ငံကိုယ်စားပြု မိန့်ခွန်းပြောခဲ့ကြပေမယ့် စစ်တပ် အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံနဲ့ တာလီဘန်တွေ အုပ်ချုပ်နေတဲ့ အာဖဂန်နစ္စတန်တို့ကတော့ ၂ နှစ်ဆက်တိုက် မိန့်ခွန်းပြောကြားခွင့်မရရှိခဲ့လည်းဖြစ်ပါတယ်။ သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ လက်ရှိကျင်းပနေတဲ့ ၇၇ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံရဲ့မျက်နှာစုံညီအစည်းအဝေးတွေကိုတက်ရောက်နေပေမယ့် နိုင်ငံ့ခေါင်းဆောင်တစ်ဦးအနေနဲ့ မိန့်ခွန်းပြောကြားခွင့်မရခဲ့ပါဘူး။ အခုနှစ် ကုလသမဂ္ဂကိုယ်စားလှယ်အကဲဖြတ်ရေးကော်မတီက အဖွဲ့ဝင်နိုင်ငံတွေရဲ့ ကိုယ်စားပြုခွင့်ကို ပြန်လည်ဆုံးဖြတ်ပေးရဖို့ ရှိနေပြီး မြန်မာနိုင်ငံကိုယ်စားပြုခွင့်နဲ့ပတ်သက်လို့ ဘယ်လိုဆက်ဖြစ်မလဲဆိုတာစောင့်ကြည့်ရဦးမှာပါ။

▪︎မြန်မာ့ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကိုကာကွယ်ပေးဖို့ အချိန်ကျပြီလို့ NLD ပြော

လူထုအပေါ် စစ်ရာဇဝတ်မှုများစွာ၊ လူမျိုးသုဉ်းသတ်ဖြတ်မှုများစွာကို ပေါ်ပေါ် ထင်ထင်ကျူးလွန်နေတဲ့ အာဏာသိမ်းစစ်ကောင်စီကို လက်တွေ့ကျပြီး ပိုမိုထိရောက်တဲ့ နည်းလမ်းတွေနဲ့အတူ တရားစီရင်ရေးလုပ်ထုံးလုပ်နည်းများအတိုင်း အရေးယူဆောင်ရွက်ပေးဖို့ နိုင်ငံတကာအသိုင်းအဝန်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီနေ့တောင်းဆိုပါတယ်။ ကုလသမဂ္ဂအဖွဲ့ဝင် ကမ္ဘာ့နိုင်ငံအသီးသီးနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ မြန်မာ့ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကိုကာကွယ်ပေးဖို့ အချိန်ကျပြီလို့ NLD က ဒီနေ့ကျရောက်တဲ့ ပါတီတည်ထောင်ခြင်း ၃၄ နှစ်ပြည့် အခမ်းအနားမှာ ပြောခဲ့ပါတယ်။ ဥပဒေကို ကိုယ်တိုင်ချိုးဖောက်ထားတဲ့ တရားမဝင်အာဏာသိမ်း စစ်ကောင်စီနဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေ၊ ကျင်းပဖို့ ကြံစည်နေတဲ့ ရွေးကောက်ပွဲအပါအဝင် လုပ်ငန်းစဉ် အားလုံးကို မည်သည့်နည်းနဲ့မျှ အသိအမှတ်မပြု၊ လက်မခံနိုင်ဘူးလို့ NLD က ထုတ်ပြန်ပါတယ်။

▪︎စစ်ကောင်စီရဲ့ အတုအယောင်ဆွေးနွေးပွဲကို ပါဝင်ခြင်းမပြုဖို့ တိုင်းရင်းသားလက်နက်ကိုင်တွေကို အရပ်ဘက်အဖွဲ့ ၅၆၀ ကျော်တိုက်တွန်း

အကြမ်းဖက်စစ်ကောင်စီက ဦးဆောင်ပြုလုပ်နေတဲ့ “ငြိမ်းချမ်းရေးဆွေးနွေးပွဲ”ဆိုတာ သူတို့၏ နိုင်ငံရေး၊ စစ်ရေးနဲ့ စီးပွားရေး အကြပ်အတည်းကနေ ထွက်ပေါက်ရှာဖို့အတွက် ကြားခံအသုံးချတဲ့ အတုအယောင် ဆွေးနွေးပွဲမျှသာဖြစ်လို့ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်မှုမပြုဖို့ တိုင်းရင်းသား တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင်တွေကို အရပ်ဘက်လူထုအဖွဲ့အစည်း ၅၆၇ ဖွဲ့ကအိတ်ဖွင့်ပေးစာပေးပို့ တောင်းဆိုလိုက်ပါတယ်။ စစ်အုပ်စုဟာ ပြည်သူလူထု ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့အစိုးရကို မတရားဖမ်းဆီးထိန်းသိမ်းကာ တရားမဝင် အာဏာသိမ်းယူဖို့ ကြိုးစားနေတာဖြစ်ပြီး တရားဝင်မှုလုံးဝမရှိတဲ့ အကြမ်းဖက်အဖွဲ့အစည်းသာဖြစ်တယ်လို့ ဆိုပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေအနေနဲ့ အကြမ်းဖက်စစ်တပ်ကို နိုင်ငံရေးကနေ အပြီးဖယ်ရှားနိုင်ရေး ပြည်သူနဲ့အတူ တိုက်ပွဲဝင်ကြဖို့လည်း အရပ်ဘက်အဖွဲ့တွေက တိုက်တွန်းပါတယ်။

▪︎စစ်ကိုင်းတိုင်းအတွင်း အရေးကြီးပုဂ္ဂိုလ်သွားလာမှုနဲ့ တပ်သားများသေဆုံးမှု ကြေးနန်းစာမသုံးဖို့ စစ်ကောင်စီညွှန်ကြား

စစ်ကိုင်းတိုင်းအတွင်း အရေးကြီးပုဂ္ဂိုလ်နဲ့ တိုင်းမှူးသွားလာလှုပ်ရှားမှု အပါအဝင် တပ်သားများထိခိုက်သေဆုံးမှုကို ကြေးနန်းများ ရေးသားဖော်ပြခြင်းမပြုဖို့ စစ်ကောင်စီက ညွှန်ကြားထားပါတယ်။ စက်တင်ဘာ ၂၆ ရက်စွဲနဲ့ စစ်ကောင်စီခန့် စစ်ကိုင်းတိုင်းအစိုးရ နယ်စပ်ရေးနှင့်လုံခြုံရေး ဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက ဝန်ကြီးချုပ်ကိုယ်စား လက်မှတ်ရေးထိုးထားတာတွေ့ရပါတယ်။ စစ်ကိုင်းတိုင်း နယ်မြေအတွင်း အထက်ဌာနများကို ပေးပို့တဲ့ အစီရင်ခံစာများ၊ ကြေးနန်းများမှာ အရေးကြီး ပုဂ္ဂိုလ်သွားလာလှုပ်ရှားမှု၊တိုင်းမှူးရဲ့လှုပ်ရှားသွားလာမှု၊ စစ်တပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားမှု ဖြစ်စဉ်တွေမှာ စစ်ကောင်စီတပ်မှ ထိခိုက်၊ ဒဏ်ရာရမှုများ ထည့်သွင်းမဖော်ပြဖို့ ညွှန်ကြားစာမှာ ပါရှိပါတယ်။

▪︎KNU တပ်မဟာ(၁)နယ်မြေရှိ တော်လှန်ရေးတပ်များ လိုက်နာရမယ့် စည်းကမ်းချက်​တွေ ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင်၊ တပ်မဟာ (၁) နယ်မြေအတွင်း အခြေစိုက်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေ၊ အဖွဲ့အစည်းဝင်တွေ လိုက်နာရမယ့် စည်းကမ်းချက် တွေကို ထုတ်ပြန်လိုက်ပါတယ်။ စည်းကမ်းချက် ၂၅ ချက်ဖြစ်ပြီး လူထုကို အနိုင်မကျင့်ဖို့၊ မခြိမ်းခြောက်ဖို့၊ ကိုယ်ကျိုးရှာခြင်းမပြုဖို့ အချက်တွေ ပါဝင်ပါတယ်။ ဒီလဆန်းပိုင်းက တပ်မဟာ(၁)နယ်မြေရှိ ကျိုက်ထို တော်လှန်ရေးအင်အားစု(KRF)ဟာ ဘောက်ဆာဆီတင်ယာဉ်တစ်စီးကို ဖမ်းဆီးပြီး ဆီများကို ဖောက်ယူ ရောင်းချခဲ့တဲ့ ကိစ္စ ဖြစ်ပွားပြီးနောက် တပ်မဟာ(၁)က စက်တင်ဘာ ၁၀ရက်မှာ အခုလိုစည်းကမ်းချက်တွေ ထုတ်ပြန်ခဲ့တာကို KNU ဗဟိုက ဒီနေ့ ပြည်သူလူထုကို အသိပေးခဲ့တာပါ။

▪︎ဒီးမော့ဆို့မြို့နယ် ကုန်းသာ‌ရွာတိုက်ပွဲ စစ်ကောင်စီတပ် ၁၅ဦးသေဟု KRU ပြော

ဒီးမော့ဆို့မြို့နယ် ကုန်းသာ‌ကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်မှ ၁၅ ဦးသေဆုံးခဲ့တယ်လို့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု-KRUက ဒီနေ့ ထုတ်ပြန်ပါတယ်။ မနေ့ညနေပိုင်းက စစ်ကောင်စီ တပ်စွဲထားတဲ့ ကုန်းသာ‌ ကျေးရွားအတွင်းကို KRUနဲ့ မဟာမိတ်တပ် DMO PDFတပ်ရင်း (A)တို့ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး KRU ရဲဘော်တစ်ဦးလည်း ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီက လက်နက်ကြီးများ အဆမတန်သုံးနေခဲ့တာကြောင့် ခေတ္တခဏ ပြန်လည် ဆုတ်ခွာပေးခဲ့ရတယ်လို့ KRU က ပြောပါတယ်။

▪︎မတူပီ ဒီနေ့တိုက်ပွဲမှာ စစ်ကောင်စီတပ် လေးဦးသေ၊ CDF ရဲဘော်တစ်ဦးကျဆုံး

ချင်းပြည်နယ် မတူပီမြို့နယ်မှာ ဒီနေ့ တိုက်ပွဲဖြစ်ပွားပြီး နှစ်ဖက်ထိခိုက်ကျဆုံးရှိခဲ့တယ်လို့ မတူပီ ချင်းကာကွယ်ရေးတပ်(CDF)က အသိပေးပါတယ်။ အကြမ်းဖက်စစ်ကောင်စီဘက်က ကျဆုံးသူ ၄ ဦးရှိပြီး ၆ ဦးဒဏ်ရာရရှိခဲ့ကာ မတူပီ CDF ဘက်က ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ သတင်းရင်းမြစ်ကပြောပါတယ်။ တိုက်ပွဲ ဆက်ဖြစ်နိုင်လို့ ပြည်သူများ သတိထားသွားလာဖို့ သူက တိုက်တွန်းပါတယ်။ စစ်ကောင်စီတပ်ဟာ ဟားခါး – မတူပီလမ်းကို အင်အား ၂၀၀ခန့်နဲ့ စစ်ကြောင်းထိုးလာတာကြောင့် ပြီးခဲ့တဲ့ရက်တွေကတည်းက တိုက်ပွဲဖြစ်ပွားနေခဲ့ပြီး စစ်ကောင်စီဘက်က ၇ ဦးထက်မနည်းသေဆုံးခဲ့ကာ ဒဏ်ရာရသူများစွာရှိခဲ့တယ်လို့ သိရပါတယ်။

▪︎သန်လျင်နည်းပညာတက္ကသိုလ်ဝင်းအတွင်းရှိ စစ်ကောင်စီတပ်ကို ရန်ကုန် UG နှစ်ဖွဲ့ ပူးပေါင်းတိုက်ခိုက်

ရန်ကုန်တိုင်း သန်လျင်မြို့နယ်ရှိ နည်းပညာတက္ကသိုလ်ဝင်းအတွင်းတပ်စွဲထားတဲ့ စစ်အုပ်စုကို ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့(YPDF)က ထုတ်ပြန်ပါတယ်။အဲဒီတိုက်ခိုက်မှုကို မနေ့ညပိုင်းက လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဖောက်ခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ သုံးပွင့်အရာရှိတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးခဲ့တယ်လို့ ဖော်ပြပါတယ်။ ဒါ ပေမဲ့ မျက်မြင်အရ နှစ်ဦးသေဆုံးတယ်လို့ သိရပြီး လေးဦးခန့်အထိ သေဆုံးနိုင်ကာ ဒဏ်ရာရရှိသူလည်း များပြားနိုင်တယ်လို့ ဆိုပါတယ်။ တိုက်ခိုက်မှုကို သန်လျင်မြေအောက်ပြောက်ကျားတပ်ဖွဲ့နဲ့ ရန်ကုန်မြို့ပြပြောက်ကျား တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ အသိပေးပါတယ်။

▪︎ပေါက်မြို့နယ် ကြက်ဆူအိုင့်ရွာရှိ နေအိမ်လေးလုံးကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

မကွေးတိုင်း ပေါက်မြို့နယ် ကြက်ဆူအိုင့်ရွာကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ်လေးလုံး မီးလောင်ပျက်စီးခဲ့တယ်လို့ We Love Myaing အဖွဲ့က ပြောပါတယ်။ မီးရှို့ခဲ့တဲ့ စစ်ကောင်စီတပ်ဟာ စက်တင်ဘာ ၂၅ ရက် ညက ကြက်ဆူအိုင့်ကျေးရွာမှာ ညအိပ်ခဲ့ပြီး မနေ့မနက်ပိုင်းက မီးရှို့ဖျက်ဆီးကာ ထွက်ခွာသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကြက်ဆူအိုင့်ရွာကို မီးရှို့ဖျက်ဆီးသွားခဲ့တဲ့ စစ်ကောင်စီတပ်ဟာ သရက်ကန်ရွာနဲ့ ကြက်ဆူအိုင့်ရွာကြား အာဆီယံလမ်းဘေးရှိ ရေနှံမှော်တွေကို ဝင်ရောက်မွှေနှောက်ခဲ့ပြီး မနေ့ ညနေပိုင်းမှာ သရက်ကန်ရွာအတွင်းကို ဝင်ရောက်သွားတယ်လို့ သိရပါတယ်။ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်း ဘယ်ကို ဆက်ထွက်မလဲဆိုတာ ခန့်မှန်းရခက်တာကြောင့် ပြည်သူတွေအနေနဲ့ စစ်ကြောင်းသတင်းကို နားစွင့်ကာ အထူးသတိထား ရှောင်ရှားဖို့ We Love Myaing က ထုတ်ပြန်ပါတယ်။

▪︎နိုင်ငံတဝန်းဆန္ဒပြပွဲတွေ

ရန်ကုန်မြို့လယ် တစ်နေရာမှာ ဗကသများအဖွဲ့ချုပ်နဲ့ မဟာမိတ်များပူးပေါင်းကာ “အထွေထွေအကျပ်အတည်း ဖြေရှင်းရေးမှသည် စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးဆီသို့” စာသား ကိုင်စွဲကာ အကြမ်းဖက် စစ်အာဏာရှင်အမြစ်ဖြတ်ရေး လူထုကြွေးကြော်သံတွေနဲ့ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

နောက်ပြီး ရန်ကုန်မြို့ အခြားတစ်နေရာမှာလည်း တော်လှန်လူငယ် Demon က “ငါတို့ငြိမ်ချင်ငြိမ်မယ် ငါတို့လှုပ်ချင်လှုပ်မယ် ငါတို့မြို့ ငါတို့ပိုင်တယ်” စာသား ချိတ်ဆွဲကာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့ ဒေသခံတွေက နိုင်ငံတကာ သံတမန်မျက်နှာစာမှာ မြန်မာလူထုနဲ့အတူရပ်တည်နေတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော် ချီတက်ခဲ့ကြပြီး အင်အားအများအပြားပါဝင်တဲ့ အဲဒီ လူထုသပိတ်ကို ဒေသခံကာကွယ်ရေးရဲဘော်တွေက သပိတ်စစ်ကြောင်း လုံခြုံရေးအတွက် လိုက်ပါ ဝန်းရံပေးခဲ့ပါတယ်။

ဆက်စပ်သတင်းများ