Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (စက်တင်ဘာ ၂၈ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎စစ်ကောင်စီရဲ့ဘုရားတောင် တပ်စခန်းနဲ့ စောထ စခန်းတွေကို KNU သိမ်းပိုက်

စစ်ကောင်စီတပ်စခန်းနှစ်ခုကို ဒီနေ့မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က သေဆုံးထိခိုက်မှုများရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) သတင်းရင်းမြစ်က ပြောပါတယ်။ ဒီနေ့မနက်ပိုင်းမှာ ကြာအင်ဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူဒေသရှိ ဘုရားတောင် တပ်စခန်းကို KNLA တပ်ရင်း(၁၆)က တိုက်ခိုက် သိမ်းပိုက်ခဲ့တာပါ။ ဘုရားတောင် တပ်စခန်းကနေ သေနတ် ၁၁ လက်ရရှိခဲ့ပြီး စောထစခန်းကို သိမ်းပိုက်ကာ မီးရှို့ဖျက်ဆီးလိုက်တယ်လို့ သိရပါတယ်။ အဲဒီစခန်းသိမ်းတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဘက်က သေဆုံးထိ ခိုက်များပြားခဲ့တယ်လို့လည်း သတင်းရင်းမြစ်က ပြောပါတယ်။

▪︎CRPH နဲ့ ကချင်နိုင်ငံရေးကြားကာလပူးပေါင်းရေးအဖွဲ့ KPICT တို့ အွန်လိုင်းကနေ တွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH နဲ့ ကချင်နိုင်ငံရေးကြားကာလပူးပေါင်းရေးအဖွဲ့ KPICT တို့ မနေ့က အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ CRPH က သတင်းထုတ်ပြန်ပါတယ်။ အဲဒီတွေ့ဆုံပွဲမှာ CRPH ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားပြီးနောက် အတွင်းရေးမှူးအဖွဲ့ဝင်၊ ဒေါ်ဖြူဖြူသင်းက လက်ရှိဆောင်ရွက်နေတဲ့ လုပ်ငန်းများ၊ တော်လှန်ရေးခရီးစဉ်မှာ ရှေ့ဆက် ပူးပေါင်းဆောင်ရွက်သင့်တဲ့ ကိစ္စရပ်တွေကို ရှင်းလင်းတင်ပြခဲ့ပြီး KPICT တာဝန်ရှိပုဂ္ဂိုလ်များက သိရှိလိုတဲ့ အချက်တွေကို ပြန်လည် မေးမြန်း‌ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ ဆက်လက်ပြီး တက်ရောက်လာသူများက တော်လှန်ရေးကာလနဲ့ ကြားကာလအတွင်း ဆောင်ရွက်သွားမယ့် ကိစ္စရပ်များ၊ ပူးပေါင်းဆောင်ရွက်သွားသင့်တဲ့ ကဏ္ဍများကို ဆွေးနွေးတိုင်ပင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

▪︎ဖလမ်းမြို့နယ် စစ်​ကောင်စီလက်​​အောက်မှဆေးရုံအုပ် မိမိကိုယ်ကို အဆုံးစီရင်

ချင်းပြည်နယ် ဖလမ်းမြို့နယ်ဆေးရုံအုပ် ဒေါက်တာ Tlaung Cung Thang ဟာ ဒီနေ့ မနက်ပိုင်းက သူ့ရဲ့နေအိမ်မှာ ကြိုးဆွဲချကာ မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့ပါတယ်။ ဒေါက်တာ Tlaung Cung Thang ဟာ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဖလမ်းဆေးရုံမှာ ဆေးရုံအုပ်အဖြစ်တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး သေဆုံးချိန်မှာ အသက် (၄၁)နှစ်ရှိပြီလို့ နီးစပ်သူတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

(ဒေါက်တာ Tlaung Cung Thang ။ ။ဓါတ်ပုံ-TCT FB)
(ဒေါက်တာ Tlaung Cung Thang ။ ။ဓါတ်ပုံ-TCT FB)

ပြည်သူ့တော်လှန်ရေးအားကောင်းလာတာကြောင့် စစ်ကောင်စီလက်အောက်မှာ ဆက်လက်တာဝန်မထမ်းဆောင်ရဲတော့လို့ ကိုယ်လွတ်ရုန်းသွားခြင်းဖြစ်နိုင်တယ်လို့ သူ့ရဲ့မိတ်ဆွေအချို့က သုံးသပ်ပါတယ်။ ဒေါက်တာ Tlaung Cung Thang မှာ သား၊သမီး နှစ်ယောက်ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။

(ဒေါက်တာ Tlaung Cung Thang ။ ။ဓါတ်ပုံ-TCT FB)
(ဒေါက်တာ Tlaung Cung Thang ။ ။ဓါတ်ပုံ-TCT FB)

▪︎မြေပြိုမှုဖြစ်နေတဲ့ ဒေသတွင်းလမ်းပိုင်းတွေကို မင်းတပ်မြို့နယ်(ပအဖ) ပြုပြင်ပေး

မိုးသည်းထန်စွာရွာသွန်းပြီးနောက် မြေပြိုမှုများဖြစ်နေတဲ့ ဒေသတွင်းလမ်းပိုင်းတွေကို မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က စက်ယန္တရားအသုံးပြုကာ ပြုပြင်ပေးနေပါတယ်။ အများပြည်သူသွားလာရေး အဆင်ပြေစေဖို့ လမ်းပြုပြင်ပေးနေခြင်းဖြစ်တယ်လို့ မင်းတပ်မြို့နယ်(ပအဖ)က ထုတ်ပြန်ထားပါတယ်။ ချင်းတောင်တန်းဒေသဟာ မိုးများပါက မြေပြိုမှုအန္တရာယ်ရင်ဆိုင်ရတဲ့ ဒေသဖြစ်ပါတယ်။ အခုကာလဟာ အနောက်တောင်မုတ်သုံလေဆုတ်ခွာနေတဲ့ ကာလဖြစ်ပြီး ချင်းပြည်နယ်အပါအဝင် ဒေသအများစုမှာ ပုံမှန်ထက် မိုးရွာသွန်းနိုင်မယ့် အခြေအနေရှိနေသေးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ - မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး - သတင်း၊ ပြန်ကြားရေးနှင့် မှတ်တမ်း
ဓာတ်ပုံ – မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး – သတင်း၊ ပြန်ကြားရေးနှင့် မှတ်တမ်း

▪︎ထိုင်းမှာ အလုပ်ထုတ်ခံရတဲ့ မြန်မာလုပ်သား ၁၀၀ကျော် နစ်နာကြေးရဖို့ NUG တောင်းဆိုထား

ထိုင်းနိုင်ငံ ငါးသေတ္တာစက်ရုံမှ အလုပ်ထုတ်ခံရတဲ့ မြန်မာအလုပ်သမား ၁၁၀ ဦးအတွက် NUG အစိုးရ၊ အလုပ်သမားဝန်ကြီးဌာနက စေလွှတ်တဲ့ ကိုယ်စားလှယ်အဖွဲ့က ထိုင်းအာဏာပိုင်တွေကတဆင့် နစ်နာကြေးရဖို့ တောင်းဆိုထားတယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။ စမုပရာကန်ခရိုင် ဘန်ဘော်နယ်မြေရှိ ငါးသေတ္တာစက်ရုံမှ မြန်မာအလုပ်သမား ၁၁၀ ဦးခန့် အလုပ်ထုတ်ခံရပြီး NUG အစိုးရက ဝင်ရောက်ဖြေရှင်းပေးဖို့ စက်တင်ဘာ ၂၁ ရက်က ဆန္ဒဖော်ထုတ်ကာ အကူအညီတောင်းခဲ့တာကြောင့် အခုလိုဝင်ရောက်ညှိနှိုင်းဖြေရှင်းပေးနေတာဖြစ်တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ - Ministry of Labour - National Unity Government of Myanmar
ဓာတ်ပုံ – Ministry of Labour – National Unity Government of Myanmar

▪︎ဆိပ်ဖြူနယ်မှာ စစ်ကောင်စီတပ်စစ်ကြောင်းထိုးသတ်ဖြတ်နေလို့ ဒေသခံနှစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးသတ်ဖြတ်နေလို့ ကျေးရွာ ၁၅ ရွာမှ ဒေသခံပြည်သူနှစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဆိပ်ဖြူမြို့နယ် ဝါဇီစက်ရုံနဲ့ ကပစ (၂၂)လက်နက်စက်ရုံ နှစ်အခုအကြားရှိ ကျေးရွာ ၁၅ ရွာကို စက်တင်ဘာ ၁၆ ရက်ကစလို့ စစ်ကြောင်းထိုးလာတာကြောင့် အခုလို ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတာလို့ ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (NSP)က ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဟာ အနောက်ကမ်းဖြူကျေးရွာနေ အသက်(၃၀)ဝန်းကျင်ရှိ ပြည်သူတစ်ဦးကို ညဥ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့တယ်လို့ ​ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

▪︎ရှမ်းမြောက် သိန္နီ-ကွမ်လုံကြားမှာ စစ်ကောင်စီတပ်ယာဉ်တန်း တိုက်ခိုက်ခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီနဲ့ ကွမ်လုံကြားမှာ စစ်ကောင်စီတပ် ယာဉ်တန်းကို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့က တိုက်ခိုက်ခဲ့တယ်လို့ ရှမ်းမြောက်ဒေသခံတစ်ဦးက ပြောပါတယ်။ ကချင်သတင်းဌာန Kachinwaves ရဲ့ ဖော်ပြချက်အရ ဒီနေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ် ယာဉ် ၅စီးကို ကချင် လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ ယာဉ်တစ်စီး မီးလောင် ပျက်စီးသွားတယ်လို့ဆိုပါတယ်။ ရှမ်းပြည်နယ် နမ္မတူမြို့နယ်မှာလည်း မနေ့က စစ်ကောင်စီတပ်ကို KIA နဲ့ PDF ပူးပေါင်းတပ်က တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဖော်ပြပါတယ်။ တိုက်ပွဲမှာ ထိခိုက်ကျဆုံး အခြေအနေကို ဖော်ပြမထားပါဘူး။

▪︎တန့်ဆည်နယ် ကပေါင်းရွာကို မီးရှို့ဖျက်ဆီးထွက်လာတဲ့ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ကပေါင်းကျေးရွာမှာ ညအိပ်တပ်စွဲကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီးထွက်လာတဲ့ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ် Guerrilla Warfare – K.P.Kက ဒီနေ့ထုတ်ပြန်ပါတယ်။ ဒီနေ့မနက်ပိုင်းမှာ ကပေါင်းကျေးရွာ နေအိမ် ၃၀ ကျော်ကို မီးရှို့ဖျက်ဆီးပြီးပြန်ထွက်လာတဲ့ စစ်ကောင်စီတပ်ကို မိုင်းတစ်လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သားတွေ အနည်းငယ်ထိခိုက်သွားတယ်လို့ ဆိုပါတယ်။ အဲဒီစစ်ကောင်စီတပ်စစ်ကြောင်းဟာ စက်တင်ဘာ ၂၅ ရက်ကတည်းက တန့်ဆည်နယ် ကပေါင်းကျေးရွာကို ရောက်ရှိလာခြင်းဖြစ်ပြီး ၃ ညအိပ်ပြီး ကျေးရွာအတွင်းတပ်စွဲကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားခဲ့တာဖြစ်ပါတယ်။

▪︎ရွှေဘို – မြစ်ကြီးနားလမ်းပိုင်းမှာ စစ်ကောင်စီ ခြေလျင်စစ်ကြောင်းကို တစ်နေကုန်နီးပါး မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘို – မြစ်ကြီးနားလမ်းပိုင်းမှာ စစ်ကောင်စီတပ်ရဲ့ ခြေလျင်စစ်ကြောင်းကို တစ်နေကုန်နီးပါး မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ပြန်လည်ပစ်ခတ်ခဲ့လို့ အမျိုးသားကြီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်က အဆက်မပြတ်ပစ်ခတ်ကာ ခြေလျင်တက်လာတဲ့ အင်အား ၁၂၀ ခန့်ပါတဲ့ မိုင်းရှင်းလင်းရေးစစ်ကြောင်းကို စခန်း (၃)မိုင်းအဖွဲ့က အဝေးထိန်းမိုင်းတွေနဲ့ စောင့်ဆိုင်းတိုက်ခိုက်ခဲ့ရာ မွန်းလွဲ ၁၂နာရီခွဲခန့်အထိ ငါးကြိမ်တိုင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ Shwe Bo Defense Force-SBDFအဖွဲ့က ထုတ်ပြန်ပါတယ်။ ပစ်ခတ်ရင်း ရှေ့တိုးလာတဲ့ စစ်ကောင်စီတပ်တွေကို မိုင်းကွင်းအတွင်း ဝင်လာတာနဲ့ ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီတိုက်ခိုက်မှုတွေမှာ စစ် ကောင်စီဘက်က ထိခိုက်ဒဏ်ရာရရှိသူတွေရှိခဲ့ပြီး ထိခိုက်သူတွေကို ရွှေဘိုကိုးပင် လေ့ကျင့်ရေး (၈)ထဲကို ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

▪︎နိုင်ငံတဝန်းဆန္ဒပြပွဲတွေ

“တကြိမ်လောင်ကျွမ်းတိုင်း အတောင်အသစ်တစုံပြန်ပေါက်မဲ့ ၅/ဖီးနစ်ငှက်တွေ” ဆိုတဲ့ ဘန်နာကိုင်ဆောင်ကာ ပုလဲမြို့နယ်မှ ပြည်သူတွေနဲ့အတူ မုံရွာပင်မသပိတ်ဥိီးဆောင်ကော်မတီဝင်များ၊ ပုလဲမြို့သပိတ်ခေါင်းဆောင်များက ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ကနီမြို့နယ်မှာလည်း ကျေးရွာ ၆ ရွာစုပေါင်းကာ ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစုနဲ့ ပြည်သူတွေ ဦးဆောင်ကာ အင်အားအများအပြားနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ကို ဒီနေ့မနက်ပိုင်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ယောဒေသအတွင်း ပြည်သူ ရာနှင့်ချီပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)တည်ထောင်ခြင်း (၃၄)နှစ်ပြည့် နှစ်ပတ်လည်အတွက် “ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်”စာတန်းနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ