Connect with us

Hi, what are you looking for?

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (စက်တင်ဘာ ၂၉ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎ရန်ကုန်မြို့လယ်မှာ ရဲတွေပစ်ခတ်ခံရလို့ တစ်ဦးသေ၊ ပြည်သူနှစ်ဦးကို စစ်အုပ်စုက ပစ်သတ်ဟုဆို

ရန်ကုန်မြို့လယ် ပန်းဘဲတန်းမြို့နယ် သိမ်ကြီးစျေးအနီး သိမ်တော်ကြီးနားမှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီလက်အောက်ခံရဲတွေကို အမည်မသိလက်နက်ကိုင်တစ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် ရဲတစ်ဦးသေဆုံးသွားတယ်လို့ ပန်းဘဲတန်းမြို့နယ်နေ ပြည်သူတွေက ပြောပါတယ်။ ဒီနေ့ ညနေ ၃ နာရီခွဲကျော်ကျော်လောက်က ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး ပစ်ခတ်မှုအပြီးမိနစ်ပိုင်းအတွင်း စစ်ကောင်စီတပ်တွေရောက်ရှိလာပြီး ပြည်သူနှစ်ဦးကို ပစ်ခတ်သတ်ဖြတ်လိုက်တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်က ပစ်ခတ်လို့ ကျည်ထိမှန်ခဲ့သူနှစ်ဦးဟာ ဆိုက္ကားဆရာတစ်ဦးနဲ့ အခြားအရပ်သားတစ်ဦးဖြစ်ပြီး ရဲတွေကိုဝင်ပစ်တာ အဲဒီလူတွေပါတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပစ်ခတ်ခဲ့တာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

(ပစ်ခတ်မှုဖြစ်ပွားသည့် ပန်းဘဲတန်းမြို့နယ် သိမ်တော်ကြီးအနီး ဝန်းကျင်အား ယနေ့ညနေပိုင်းက တွေ့ရစဥ်၊ဓာတ်ပုံ - CJ)
(ပစ်ခတ်မှုဖြစ်ပွားသည့် ပန်းဘဲတန်းမြို့နယ် သိမ်တော်ကြီးအနီး ဝန်းကျင်အား ယနေ့ညနေပိုင်းက တွေ့ရစဥ်၊ဓာတ်ပုံ – CJ)

▪︎စီးပွားရေးပညာရှင်ရှောင်တာနဲလ်ကို ချက်ချင်းပြန်လွှတ်ပေးဖို့ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးတောင်းဆို

သြစတြေးလျစီးပွားရေးပညာရှင်ရှောင်တာနဲလ်ကို စစ်ကောင်စီလက်အောက်ခံတရားရုံးက ထောင်ဒဏ် ၃ နှစ်ချမှတ်ခြင်းအပေါ် သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးက ပယ်ချလိုက်ပြီး ချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ထောင်ဒဏ်ချမှတ်ခံရတဲ့ ပါမောက္ခရှောင်တာနဲလ်ရဲ့ တရားခွင်ကို မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံရုံးတာ၀န်ခံနဲ့ တာ၀န်ရှိသူတွေ တက်ရောက်ခွင့်ရရှိဖို့ ကြိုးပမ်းခဲ့ပေမယ့် စစ်ကောင်စီလက်အောက်ခံတရားရုံးက တက်ရောက်ခွင့် မပေးခဲ့ဘူးလို့ ဆိုပါတယ်။သြစတြေးလျအစိုးရဟာ စစ်ကောင်စီက စီးပွားရေးပညာရှင်ရှောင်တာနဲလ်ကို မတရားသဖြင့် ထိန်းသိမ်းထားတဲ့ ၁၈ လကျော်ကာလတလျှောက် သူ့အပေါ် စွဲဆိုထားတဲ့အမှုမှန်သမျှကို အစဥ်တစိုက် ပယ်ချခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ မစ္စတာရှောင်တာနဲလ်ရဲ့ ဇနီးဖြစ်သူက သူရဲ့ခင်ပွန်း မြန်မာနိုင်ငံအတွက် လုပ်ဆောင်ပေးခဲ့တာတွေအပေါ် ငဲ့ညှာတဲ့အနေနဲ့ အိမ်ပြန်ခွင့် ပေးဖို့ တောင်းဆိုထားပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းအကြမ်းဖက်စစ်ကောင်စီဟာလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုထောင်ဒဏ် ၂၃နှစ်ချမှတ်ခဲ့ပြီး ဖြစ်ပါတယ်။

ဓာတ်ပုံ - ရှောင်တာနဲလ်/ဖေ့စ်ဘွတ်ခ်
ဓာတ်ပုံ – ရှောင်တာနဲလ်/ဖေ့စ်ဘွတ်ခ်

▪︎တော်လှန်ရေးအလှူငွေတွေ အလေ့အလွင့်မဖြစ်စေဖို့ ယာယီသမ္မတညွှန်ကြား

ပြည်ပထောက်ပံ့ငွေလုံးဝမရသေးဘဲ ပြည်သူတွေရဲ့ စေတနာ၊ မေတ္တာနဲ့ ပံ့ပိုးငွေတွေနဲ့သာ တော်လှန်ရေးကို မောင်းနှင်နေရတာဖြစ်ပြီး အလေအလွင့်မရှိစေဖို့၊ ကိုယ်ကျိုးအသုံးမပြုဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ညွှန်ကြားပါတယ်။ မနေ့က ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ​ (၇)ကြိမ်မြောက် ဘဏ္ဍရေးကော်မရှင် အစည်းအဝေးမှာ ထည့်သွင်းမှာကြားခဲ့တာပါ။ NUG ဟာ တိုက်ပွဲဝင် အစိုးရဖြစ်တာနဲ့အညီ PDF ရဲဘော်တွေကို စုစည်းလေ့ကျင့်ပေးခြင်း၊ လက်နက်တပ်ဆင်ပေးခြင်း၊ စားနပ်ရိက္ခာဆေးဝါးများ ပံ့ပိုးပေးခြင်း၊ စစ်ဆင်ရေးစရိတ်များ ပံ့ပိုးပေးခြင်း၊ တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်အချို့ကို မျှဝေပေးခြင်း စတဲ့ ကဏ္ဍတွေမှာ လစ်ဟင်းမှုမရှိစေဖို့ အချိန်နဲ့ တပြေးညီဆောင်ရွက် နေရတယ်လို့ ယာယီသမ္မတက ပြောပါတယ်။

Public Service Announcement

Public Service Announcement

တော်လှန်ရေးအလှူငွေများ အလေ့အလွင့်မဖြစ်စေရန်၊ ကိုယ်ကျိုးအသုံးမပြုရန် ယာယီသမ္မတပြော
တော်လှန်ရေးအလှူငွေများ အလေ့အလွင့်မဖြစ်စေရန်၊ ကိုယ်ကျိုးအသုံးမပြုရန် ယာယီသမ္မတပြော

▪︎အချုပ်ကားကို မြို့ပြပြောက်ကျားအဖွဲ့စောင့်ကြိုတိုက်ခိုက်ပြီး နိုင်ကျဉ်းတွေကို ကယ်ထုတ်

မန္တလေး ၊အမရပူရမြို့နယ်မှာ နိုင်ငံရေးအကျဉ်းသားတွေကို တင်ဆောင်လာတဲ့ အချုပ်ကားကို မြို့ပြပြောက်ကျားအဖွဲ့က တိုက်ခိုက်ပြီး နိုင်ငံရေးအကျဉ်းသား ၂ ဦးကို ကယ်ထုတ်သွားခဲ့တယ်လို့ တိုက်ခိုက်မှုကိုလုပ်ဆောင်ခဲ့တဲ့ Truth Keeping Force – Amarapura က ထုတ်ပြန်ပါတယ်။ ဒီနေ့မနက်ပိုင်းမှာ မြစ်ငယ်တံတားအနီးအချုပ်ကားကိုစောင့်ကြိုတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး အချုပ်ကားပေါ်မှာ လုံခြုံရေးလိုက်ပါလာတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေနဲ့အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တာပါ။ အဲဒီဖြစ်စဥ်မှာ ရဲ ၂ ဦးသေကာ နိုင်ကျဉ်း ၁ ဦးဒဏ်ရာရသွားတယ်လို့ ထုတ်ပြန်ပါတယ်။ တိုက်ခိုက်မှုအပြီး နိုင်ကျဉ်း ၈ ဦးထွက်ပြေးခဲ့ပေမယ့် ၆ ဦးပြန်ဖမ်းခံရကာ ၂ ဦးကိုသာလုံခြုံတဲ့နေရာဆီပို့ဆောင်ပေးလိုက်နိုင်တယ်လို့Truth Keeping Force – Amarapura ဆိုပါတယ်။

စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ရဲ့အချုပ်ကားကိုတွေ့ရစဉ် (ပုံဟောင်း) ဓာတ်ပုံ − ရိုက်တာ
စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ရဲ့အချုပ်ကားကိုတွေ့ရစဉ် (ပုံဟောင်း) ဓာတ်ပုံ − ရိုက်တာ

▪︎တောင်ဒဂုံရှိ မြန်မာဘီယာရောင်းချသည့် KTV ဆိုင်ကို ဖောက်ခွဲသတိပေး

ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ်မှာ စစ်ကောင်စီကို အခွန်ဆောင်ကာ မူးယစ်ဆေးဝါးနဲ့ စစ်တပ်ပိုင် မြန်မာဘီယာ အဓိကရောင်းချနေတဲ့ Good Luck KTV ဆိုင်ကို ဖောက်ခွဲခဲ့တယ်လို့ South Dagon Guerrilla Force (SDGF) အဖွဲ့က ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းက တောင်မြောက်လမ်းဆုံအနီး အမှတ် (၂)လမ်းမကြီးပေါ်ရှိ Good Luck KTV ဆိုင်ကို ဒို့ရိုးရာ ညီနောင်များ ပြောက်ကျားတပ်ဖွဲ့နဲ့အတူ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ SDGFက ထုတ်ပြန်ပါတယ်။ အဲဒီ Good Luck KTV ပိုင်ရှင်ဟာ စစ်ကောင်စီနဲ့ ဆက်နွယ်သူဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီကို ထောက်ပံ့ကူညီနေတဲ့ ဒုစရိုက်လုပ်ငန်းတွေ လုပ်ကိုင်ခြင်း ရပ်တန့်ဆင်ခြင်ဖို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်က သတိပေးခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စစ်ကောင်စီ သတင်းပေး မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးဝန်ထမ်း ဒေါ်နွယ်နီလှိုင်ဆိုသူကိုလည်း ဒီနေ့မနက်ပိုင်းမှာ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ SDGF က ထပ်မံထုတ်ပြန်ပါတယ်။

▪︎မင်္ဂလာဒုံ လေတပ်ဂိတ်နဲ့ အမှတ်(၉၈၁)တပ်ဂိတ်ကို အဝေးထိန်းဗုံးနဲ့ ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်ရှိ စစ်ကောင်စီ​ရဲ့ လေတပ်ဂိတ်နဲ့ အမှတ်(၉၈၁)တပ်ဂိတ်တို့ကို မနေ့ညပိုင်းမှာ မြို့ပြ​​ပြောက်ကျားတပ်ဖွဲ့တွေက အဝေးထိန်းဗုံးတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။ မင်္ဂလာဒုံမြို့နယ် ပြည်လမ်းမ၊ ကုလားကျောင်း မှတ်တိုင်အနီးရှိ စစ်ကောင်စီလေတပ်ဂိတ်ကို War of Hunter Revolution Force (WOH) အဖွဲ့က အဝေးထိန်းဗုံးတစ်လုံးနဲ့ ဖောက်ခွက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်မှုမရှိဘူးလို့ သိရကြောင်း မင်္ဂလာဒုံမြို့နယ်နေ ပြည်သူတစ်ဦးကပြောပါတယ်။ အဲဒီ စစ်ဆင်​ရေးဟာWOH အတွက် ငါးကြိမ်​မြောက်စစ်ဆင်​ရေး ဖြစ်တယ်လို့ ဆိုပါတယ်။ အလားတူ မင်္ဂလာဒုံမြို့နယ် ခရေပင်လမ်းခွဲ၊ အမှတ် (၃)လမ်းမရှိ အမှတ် (၉၈၁)တပ်ဂိတ်ကို မနေ့ညပိုင်းမှာပဲ အဝေးထိန်း ဗုံးတစ်လုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ တိုက်ခိုက်ခဲ့တဲ့ Last Battle (PDF) အဖွဲ့က ပြောပါတယ်။

▪︎တပ်သားများ တိုက်ပွဲအတွင်းသေဆုံးမှုမှာ နိုင်ငံတော်ကို သစ္စာစောင့်သိခြင်းမဟုတ်ဟု CDM ဒုဗိုလ် ပြော

တပ်မတော်သားတွေအနေနဲ့ အာဏာရူးများ အမိန့်ပေးလို့ တိုက်ပွဲအတွင်း သေဆုံးမှုမှာ နိုင်ငံတော်ကို သစ္စာစောင့်သိပြီးသေသွားတာမဟုတ်ဘဲ အသက်တစ်ချောင်း အလကားသက်သက်ပေးရခြင်းဖြစ်တယ်လို့ တပ်မ(၆၆) လက်အောက်ခံ CDM ဒုဗိုလ် ရဲရင့်အောင်က ပြောပါတယ်။ ကရင်နီပြည်နယ်အတွင်း ထိုးစစ်ဆင်နေတဲ့ တပ်မ(၆၆)လက်အောက်ခံ ခမရ (၆)မှ အသက် ၂၅နှစ်အရွယ် ဒုဗိုလ်အဆင့် ရဲရင့်အောင်က လက်ရှိအကြမ်းဖက်စစ်တပ်ရဲ့ စစ်ဆင်ရေးတွေမှာ ပြည်သူလူထုနေအိမ်တွေကို မီးရှို့တာတွေကို ဝန်ခံခဲ့ပါတယ်။ ကရင်နီဒေသတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဘက်က သေဆုံးမှုများပြားပြီး လက်နက်ခဲယမ်းတွေလည်း ဆုံးရှုံးနေတယ်လို့ CDM ဒုဗိုလ်က ပြောပါတယ်။

▪︎ဖာပွန်ခရိုင် မဲဝိုင်နဲ့ခေါပုပ် တပ်စခန်းကို KNU တပ်မဟာ(၅)တိုက်ခိုက်ရာ စစ်ကောင်စီတပ် သေဆုံးမှုရှိ

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင် အတွင်းရှိ စစ်ကောင်စီရဲ့ ခေါပုပ်စခန်းနဲ့ မဲဝိုင်စခန်းကို မနေ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိခဲ့တယ်လို့ KNU တပ်မဟာ(၅)က ဒီနေ့ထုတ်ပြန်ပါတယ်။ ခေါပုပ်စခန်းကို မနေ့ မနက်ပိုင်းက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး နေ့လည်ပိုင်းမှာ မဲဝိုင်စခန်းကို တိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးခဲ့ပြီး တပ်မဟာ(၅) ရဲဘော်တွေထိခိုက်မှုမရှိဘူးလို့ အသိပေးထားပါတယ်။

▪︎မုံရွာနယ်မှာ မီးရှို့ဖျက်ဆီးလာတဲ့ စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးအဖွဲ့များ စောင့်ဆိုင်းတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ ထနောင်းတောရွာကို မီးရှို့ဖျက်ဆီးလာတဲ့ စစ်ကောင်စီတပ်ကို စောင့်ဆိုင်းတိုက်ခိုက်ခဲ့တယ်လို့ Aung San Force အဖွဲ့က ထုတ်ပြန်ပါတယ်။ စက်တင်ဘာ ၂၇ ရက်က မုံရွာမြို့နယ်၊တောပုပျူရွာမှ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ လမ်းတစ်လျှောက် ပြည်သူတွေကို ဖမ်းဆီးကာ ထနောင်းတောတောင်ကျေးရွာကို ၀င်ရောက်ပြီး နေအိမ်တွေကို မီးရှို့ကာ ထနောင်းတောမြောက်ရွာမှာ တပ်စွဲခဲ့ပါတယ်။ မနေ့ မွန်းလွဲပိုင်းမှာ ထနောင်းတောမြောက်ရွာနဲ့ တောင်ရွာကြားရှိ သင်္ချိုင်းကုန်းအနီး ထွက်လာတဲ့ စစ်ကောင်စီတပ်တွေကို အသင့်စောင့်ဆိုင်းနေတဲ့ ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ပါတယ်။ အပြန်အလှန်ပစ်ခတ်မှုဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်ဘက်က အထိအခိုက်ရှိနိုင်ပေမယ့် မြေပြင်အခြေအနေအရ အတည်မပြုနိုင်သေးဘဲ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က ရဲဘော် သုံးဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)အနည်းငယ် ရရှိခဲ့တယ်လို့ Aung San Force အဖွဲ့က အသိပေးပါတယ်။

▪︎စစ်​ကောင်စီက အပြစ်မဲ့ပြည်သူတွေကို နှိပ်စက်နေ၍ CDM ပြုလုပ်လာခြင်းဟု CDM တပ်သားပြော

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်ကောင်စီတပ်သားတစ်ဦး CDM လှုပ်ရှားမှုတွင်ပါဝင်လာပြီး စစ်ကောင်စီက ပြည်သူတွေကို နှိပ်စက်နေလို့ CDM ပြုလုပ်လာခြင်းဖြစ်တယ်လို့ CDM တပ်သားက ပြောပါတယ်။ CDM စစ်သားဟာ ရေစကြို (၂၅၆)တပ််မှ တပ်သား သက်လှိုင်စိုးဖြစ်ပြီး ပေါ်တာဆွဲခံရလို့ စစ်တပ်ထဲပါလာခဲ့တာလို့ ဆိုပါတယ်။ ပြည်သူတွေအပေါ် နှိပ်စက်တာနဲ့ လက်အောက်ငယ်သား တပ်သားတွေအပေါ် အနိုင်ကျင့်တာတွေကြောင့် ပြည်သူ့ရင်ခွင် ခိုလှုံလာခြင်းဖြစ်တယ်လို့ CDM စစ်သားက ပြောပါတယ်။ တော်လှန်ရေး ပြီးစီးတဲ့ အချိန်အထိ ဆက်လက်ပါဝင်လုပ်ဆောင်မယ်လို့ သူက ဆက်ပြောပါတယ်။

▪︎မင်းတပ်မြို့မှာ ပစ်ခတ်မှု ဖြစ်ပြီး စစ်ကောင်စီတပ် ထိခိုက်မှုရှိ

ချင်းပြည်နယ် မင်းတပ်မြို့မှာ ဒီနေ့ မနက်ပိုင်းမှာ ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကောင်စီတပ်က သေဆုံးမှုရှိခဲ့တယ်လို့ မင်းတပ်ဒေသခံတစ်ဦးက အသိပေးပါတယ်။ မင်းတပ်မြို့မှာ ချင်းကာကွယ်ရေးတပ်(CDF)နဲ့ စစ်ကောင်စီတပ်များ ထိတွေ့မှု ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒေသခံရဲ့လူမှုကွန်ရက်မှာ ရေးသားထားမှုအရ စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အဲဒီပစ်ခတ်မှု ဖြစ်ပွားရာအနီး စစ်ကောင်စီတပ်က ကင်းပုန်းများချထားပြီး တပ်ဖြန့်နေကြောင်းနဲ့ အစစ်အဆေး တင်းကြပ်နိုင်ပြီး ရမ်းသမ်းဖမ်းဆီးမှုများရှိနိုင်လို့ ဂရုစိုက်သွားလာကြဖို့ အသိပေးထားပါတယ်

မင်းတပ်မြို့တွင်းတစ်နေရာအား တွေ့ရစဥ်၊ ဓာတ်ပုံ - Hkl-Mindat
မင်းတပ်မြို့တွင်းတစ်နေရာအား တွေ့ရစဥ်၊ ဓာတ်ပုံ – Hkl-Mindat

▪︎မကြာခဏဗုံးပစ်ခံရတဲ့ လှိုင်မြို့နယ် လျှပ်စစ် ရုံးအနီးရှိ ဘူတာရုံလမ်းမှတ်တိုင်ကို ဖျက်သိမ်း

မကြာခဏ ဗုံးပစ်တိုက်ခိုက်ခံရတဲ့ လှိုင်မြို့နယ် လျှပ်စစ်မီတာရုံးအနီးရှိ ဘူတာရုံလမ်းမှတ်တိုင်ကို စစ်ကောင်စီက မနေ့ညပိုင်းက ဖျက်သိမ်းလိုက်ပါတယ်။ လှိုင်မြို့နယ်၊ လျှပ်စစ်မီတာရုံးမှာ မကြာခဏဗုံးပစ်ခံရပြီး ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက်က စစ်ကောင်စီဝင်တွေရဲ့ ဘန်ကာကို ​ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကာ အစောင့်စစ်သားအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီဖြစ်စဥ်အပြီး စစ်ကောင်စီက ဘူတာရုံလမ်း မှတ်တိုင်ကို ဖျက်သိမ်းခဲ့ကာ ဘူတာရုံလမ်းတဝိုက် ဘက်စ်ကားစီး ပြည်သူများမှာ အခက်ကြုံရတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

▪︎နိုင်ငံတဝန်းဆန္ဒပြပွဲတွေ

စစ်ကိုင်းတိုင်း ကနီမြို့နယ်ရှိ ဒေသခံပြည်သူတွေက “စစ်အာဏာရှင်စနစ် ကျရှုံးပါစေ”၊ “မအလ အသေဆိုးနဲ့ သေပါစေ” စာသားတွေနဲ့ စစ်အာဏာသိမ်းပြီးနောက် ကုန်စျေးနှုန်းကြီးမြင့်လာမှုကို ဆန့်ကျင် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်ရှိ တော်လှန်လူငယ်တွေက မိုးထဲလေထဲမှာ ကျေးရွာများကို လှည့်လည်ချီတက်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။ ပြည်သူတွေအနေနဲ့ အကြမ်းဖက် စစ်အာဏာရှင်တွေရဲ့ မတရားအမိန့်မှန်သမျှကို ဖီဆန်ပြီး တော်လှန်ရေးမှာ ပူးပေါင်းပါဝင်ပေးကြဖို့လည်း လူငယ်တွေက စည်းရုံးလှုံ့ဆော်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ