▪︎ရက်ပေါင်း ၆၀၀ တိုင် စစ်အာဏာရှင်ကို နေ့စဥ်မပြတ်ဆန့်ကျင်နေတဲ့ ကလေးမြို့သပိတ်ကို NUG ယာယီသမ္မတ ဂုဏ်ပြု
စစ်ကိုင်းတိုင်း ကလေးမြို့မှာ ရက်ပေါင်း (၆၀၀) တိုင်အောင် စစ်အာဏာရှင်ကို နေ့စဥ်မပြတ် ဆန့်ကျင်ချီတက်ဆန္ဒပြနေတဲ့ ကလေးမြို့လူထုသပိတ်ကို ဂုဏ်ပြုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ သပိတ်တိုက်ပွဲများကို အင်တိုက်အားတိုက်နဲ့ ဇွဲနပဲ ကြီးစွာ ဖော်ဆောင်တိုက်ပွဲဝင်ခဲ့ကြတဲ့ ကလေးမြို့နယ် ပြည်သူများရဲ့ တော်လှန်ရေး တာဝန်ကျေပွန်မှုနဲ့ သူရသတ္တိများကို အထူးပင် လေးစားဂုဏ်ယူမိတယ်လို့ ဒူဝါလရှီးလက ဆိုပါတယ်။ လူထုသပိတ်များကို ကလေးမြို့နယ် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက လုံခြုံရေး လိုက်ပါဆောင်ရွက်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းနဲ့ အားတက်ဝမ်းသာမိကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ပြည်သူတွေအနေနဲ့ တော်လှန်ရေးကြီးကို ပိုမိုအားစိုက် ပါဝင်ကြဖို့ နှိုးဆော်ခဲ့ပြီး NUG အနေနဲ့လည်း ပြည်သူ့တော်လှန်ရေးကို အမြန်ဆုံး အဆုံးသတ် အောင်ပွဲဝင်နိုင်ရေး ကြိုးပမ်းသွားမယ်လို့ ယာယီသမ္မတ က ကတိကဝတ်ပြုခဲ့သည်။

▪︎ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်အုပ်စုချမှတ်လိုက်တဲ့ ထောင်ပြစ်ဒဏ်တွေကို ပြင်သစ်အပြင်းထန်ဆုံးရှုတ်ချ
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်လိုက်တဲ့ ပြစ်ဒဏ်အသစ်ကို ပြင်သစ်က အပြင်းထန်ဆုံး ရှုတ်ချလိုက်ပါတယ်။ အဲဒီအမိန့်ချမှတ်ခြင်းဟာ မြန်မာပြည်သူလူထုမှ တရားဝင်ရွေးချယ်တင်မြှောက်ခံရသူများကို စစ်ကောင်စီက ကြိုးကိုင်ခြယ်လှယ်ခြင်းရဲ့ နောက်ထပ်ဥပမာတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ တရားမျှတမှုကို စစ်ခုံရုံးများမှ သိမ်းယူခြင်းဟာ အခြေခံအခွင့်အရေးများကို ပြင်းထန်စွာ ချိုးဖောက်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေးကို ပိုမိုထိခိုက်စေတယ်လို့ ပြင်သစ်နိုင်ငံခြားရေး၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။ နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို စစ်အုပ်စုက ထောင်ဒဏ်ချမှတ်ခြင်းဟာ နိုင်ငံရေးအရ လှုံ့ဆော်မှုသက်သက်သာ ဖြစ်ပြီး နိုင်ငံရေးအကျဥ်းသားအားလုံးကို ချက် ချင်းပြန်လွှတ်ပေးဖို့ ဥရောပသမဂ္ဂက ဒီနေ့ထုတ်ပြန်ပါတယ်။
▪︎ICC မှာ စစ်တပ်ကို အရေးယူနိင်ရေး မဲဆောက်ရောက် မြန်မာများ ဆန္ဒထုတ်ဖော်
ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာမှာ သတ်ဖြတ်ခံရတဲ့ ကျောင်းသားကလေးငယ်များ အပါအဝင် မြန်မာနိုင်ငံအနှံ့အပြားက ပြည်သူများအပေါ် စစ်ရာဇဝတ်မှုများကျူးလွန်နေတဲ့ မြန်မာစစ်ကောင်စီအဖွဲ့ကို နိုင်ငံတကာ ရာဇ၀တ်ခုံးရုံး ICC မှာ စစ်ဆေးအရေးယူပေးဖို့ ထိုင်းနိုင်ငံ မဲဆောက်ရောက်မြန်မာတွေက တောင်းဆိုဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ စစ်ကောင်စီဟာ ပြည်သူ့ဆန္ဒနဲ့ မညီဘဲ မတရားရယူထားတဲ့ ပြည်သူ့အာဏာကို ပြည်သူထံပြန်ပေးဖို့၊ သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဥ်းသားများကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့နဲ့ လက်ယက်ကုန်းဖြစ်စဥ်မှာ နစ်နာခဲ့သူများကို နစ်နာကြေးပေးဖို့၊ အဲဒီဖြစ်စဥ် ကျူးလွန်ခဲ့ကြသူများကို စစ်ဆေးအရေးယူပေးဖို့၊ စစ်ကောင်စီလက်ထက် ပြည်သူအပေါ် ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုမှာ ပါဝင်ပတ်သက်သူများအားလုံးကို ICC က စစ်ဆေးအရေးယူပေးဖို့ အချက်တွေကို မဲဆောက်ရောက်မြန်မာတွေက တောင်းဆိုခဲ့ပါတယ်။

Public Service Announcement


▪︎MNA လေယာဉ်ပစ်ခတ်ခံရမှု ကျည်ထိမှန် ဒဏ်ရာရသူမှာ စစ်ကောင်စီ တပ်ကြပ်ကြီးဖြစ်
လွိုင်ကော်လေဆိပ်မှာ ပစ်ခတ်ခံရတဲ့ လေယာဥ် ပေါ် မှ ဒဏ်ရာရရှိသူဟာ အကြမ်းဖက် စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီးသိန်းစိုးညွန့်ဆိုသူဖြစ်တယ်လို့ ကရင်နီဒေသခံသတင်းရင်းမြစ်တွေက အတည်ပြုပါတယ်။ လက်ရှိမှာ သူ့ကို နမ့်ဘော်ဝမ်ရပ်ကွက်ရှိ လွိုင်ကော်စစ်ဆေးရုံမှာ ဆေးကုသပေးနေတယ်လို့ သိရပါတယ်။ ပစ်ခတ်ခံရတဲ့လေယာဉ်ဟာ နေပြည်တော်ကနေ လွိုင်ကော်မြို့ကိုဆင်းသက်လာတာဖြစ်ပြီး စစ်ကောင်စီတပ်သား အများစု သယ်ဆောင်လာတဲ့ လေယာဉ်ဖြစ်တယ်လို့ ကရင်နီဒေသခံစစ်ရေးသတင်း ရင်းမြစ်က ဆိုပါတယ်။ အဲဒီပစ်ခတ်ခံရမှု ဖြစ်စဥ်အပြီး ၃နာရီအကြာ မွန်းလွဲပိုင်းမှာ မြန်မာအမျိုးသားလေကြောင်း MNAက လွိုင်ကော် ခရီးစဉ်ကို ရက်အကန့်အသက်မရှိ ဖျက်သိမ်းလိုက်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။




▪︎ရဲစခန်းမှူးပါတဲ့ ကားကို တိုက်ခိုက်ရာ စခန်းမှူးအပါအဝင် သုံးဦးသေ
မွန်ပြည်နယ် ရေးမြို့နယ် ခေါဇာမြို့ရဲစခန်းမှူးလိုက်ပါလာတဲ့ ကားကို ဒီနေ့မနက်ပိုင်းက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ လက်ပါးစေ ရဲစခန်းမှူးအပါအဝင် သုံးဦးသေဆုံးပြီး သူတို့ရဲ့ လက်နက်တွေ ရရှိခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။ ရေးဘီလူးအဖွဲ့ဟာ အရင်ကလည်း ရေးမြို့ပေါ်အပါအဝင် ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စွဲရာနေရာများ၊ စစ်ကောင်စီလက်ပါးစေ သတင်းပေးများကို တိုက်ခိုက်ရှင်းလင်းကာ လက်နက်ခဲယမ်းများ ရရှိခဲ့ဖူးပါတယ်။ ဒါ့အပြင် ရေးဘီလူးအဖွဲ့ဟာ ရေးမြို့နယ်ရှိ အုပ်ချုပ် ရေးမှူးများ၊ Non CDM ဝန်ထမ်းများ အမြန်ဆုံးနှုတ်ထွက်သွားဖို့ သတိပေးထားပါတယ်။

▪︎မတ္တရာနယ်မှာ ပြည်သူတွေကို စစ်ဆေးငွေညှစ်နေတဲ့ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်
မန္တလေးတိုင်း မတ္တရာမြို့နယ် လမိုင်းကျေးရွာတံတားအနီး ပြည်သူတွေကို စစ်ဆေးငွေညှစ်နေတဲ့ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သုံးဦးထက်မနည်းသေဆုံးသွားတယ်လို့ နတ်ဆိုးမြေအောက်တော်လှန်ရေးတပ်ဖွဲ့က ပြောပါတယ်။ မနေ့မနက်ပိုင်းက မတ္တရာမြို့နယ် လမိုင်းကျေးရွာတံတားအနီး စစ်ဆေးရေးလုပ်ဖို့ရောက်ရှိနေသော စစ်ကောင်စီတပ်ကို ‘ကာတွန်းပဒေသာမိုင်း(၁၀၀) စစ်ဆင်ရေး’ အဖြစ် မိုင်းတစ်လုံးန့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ အနည်းဆုံးသုံးဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရသွားတယ်လို့ အသိပေးပါတယ်။ စစ်ကောင်စီတပ်ဘက်မှ ပြန်လည်ပစ်ခတ်လို့ ပြန်ဆုတ်ခဲ့ရပေမယ့် တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ ဆိုပါတယ်။
▪︎ဖားကန့်မှာ PDF အယောင်ဆောင် ဓားပြအဖွဲ့ကို KIAနဲ့ KPDF ပူးပေါင်းအဖွဲ့ ဖမ်းဆီး
ဖားကန့်မြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်(PDF)အယောင်ဆောင် ဓားပြတိုက်သူတွေကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)နဲ့ KPDF ပူးပေါင်းအဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအောင်ဟိန်းမင်းက ပြောပါတယ်။ PDFအယောင်ဆောင်ကာ ဓားပြတိုက်နေသူတွေကို ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာမှာ မနေ့ ညနေပိုင်းက ဖမ်းဆီးလိုက်တာပါ။ ဓားပြခြောက်ဦးကို KIAနဲ့ KPDF ပူးပေါင်းအဖွဲ့က ဖမ်းဆီးလိုက်တာဖြစ်ပြီး လက်နက်နဲ့ ကျည်ဆံများလည်း သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။
▪︎တနင်္သာရီမှာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ တိုက်ခိုက်ခံရပြီး နှစ်ဦးသေ
တနင်္သာရီတိုင်း လောင်းလုံနဲ့ ပုလောမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ ဒီနေ့မနက်ပိုင်းက တိုက်ခိုက်ခံရပြီး ပြည်သူ့စစ်နှစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပြည်သူ့စစ်များက ကားနှစ်စီးနဲ့ လာရောက်စဥ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ NUG ကာကွယ်ရေးဝန်ကြီးဌာန၊တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ပုလောမှာ မိုင်းဆွဲခံရခြင်းဖြစ်ပြီး လောင်းလုံမှာ အနီးကပ်တိုက်ခိုက်ခံရတာလို့ သိ ရပါတယ်။ တိုက်ခိုက်မှု ၂ နေရာမှာ ပြည်သူ့စစ်အဖွဲ့ဝင် ၁ ဦးစီ သေဆုံးခဲ့ပြီး အရပ်သားအမျိုးသမီးတစ်ဦးလည်း မိုင်းထိမှန်သွားပါတယ်။
▪︎KIA/PDFတပ်များ တိုက်ခိုက်မှုကြောင့် မန်တုံရဲစခန်းမှတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာထွက်ပြေး
ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့တို့ ရောက်လာပြီး စစ်ကောင်စီတပ်နဲ့ ရဲစခန်းကို မနေ့က တိုက်ခိုက်ခဲ့တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။ မနေ့ မနက်ပိုင်းကစလို့ မန်တုံအခြေစိုက် ခလရ(၁၃၀) တပ်ရင်းကို KIA/PDF ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့တာပါ။ တိုက်ခိုက်မှုမှာ ထိခိုက်ဒဏ်ရာရရှိသူ ရှိတယ်လို့ မကြားမိကြောင်းနဲ့ စခန်းမှာရှိသူအားလုံးထွက်ပြေးသွားတယ်လို့ဆိုပါတယ်။ ပူးပေါင်းတပ်က အဲ့ဒီစခန်းကို မီးရှို့ခဲ့တယ်လို့ သိရပါတယ်။



















































