မကွေးတိုင်း၊ မြိုင်မြို့နယ် ကျောက်ခွက်ကျေးရွာတွင် စစ်ကောင်စီတပ် ထောင်ထားခဲ့သော မိုင်းနင်းမိ၍ အသက်(၅)နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
ယနေ့(စက်တင်ဘာလ ၃၀ ရက်) နေ့လည်၁၂ နာရီခန့်က ကျောက်ခွက်ရွာရှိ နေအိမ်တစ်လုံးအတွင်း မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အသက်(၅)နှစ်အရွယ် ကိုစိုင်း(ခ)မောင်စိုင်းဝေယံအား ထိခိုက်ခဲ့ကြောင်း၊ ထို့နောက် ဆေးရုံသို့ပို့ဆောင်ခဲ့သော်လည်း ညနေ ၃နာရီခန့်တွင် ကလေးငယ်မှာ သေဆုံးသွားခဲ့ကြောင်း We Love myaing အဖွဲ့ဝင်တစ်ဦးက ပြောသည်။
မိုင်းပေါက်ကွဲသည့်နေအိမ်သည် ပြီးခဲ့သည့် ဇူလိုင်အတွင်းက စစ်ကောင်စီတပ်များ လေးရက်ခန့်တပ်စွဲစဥ် မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည့်နေအိမ်ဖြစ်ပြီး နေဖြစ်ရုံပြန်ဆောက်ထားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
We Love Myaing အဖွဲ့ဝင်တစ်ဦးက “အိမ်ခေါင်းရင်း ဘုရားစင်တိုင်ခြေနားမှာ နင်းမိုင်းထောင်ထားခဲ့တာလို့ သိရပါတယ်။ ရွာခံတစ်ယောက်ရဲ့ ပြောပြချက်အရ ၁၂ နာရီလောက်မှာ မိုင်းပေါက်ကွဲမှုဖြစ်တယ်။ အခင်းဖြစ်တဲ့နေရာမှာ ခြေထောက်တွေက အရိုးစတွေတောင်ထွက်ကျန်ခဲ့တယ်လို့ သိရပြီး ကလေးကို ဆေးရုံကိုပို့ဆောင်ခဲ့ကြရာ ညနေ ၃နာရီခန့်မှာ ဆေးရုံမှာ ဆုံးသွားတာလို့ သိရပါတယ်။”ဟု ပြောသည်။

Public Service Announcement
စစ်ကောင်စီတပ်သည် မြိုင်မြို့နယ်အနောက်ပိုင်း၊ ကျောက်ခွက်ကျေးရွာသို့ စက်တင်ဘာ ၂၅ ရက်က စစ်ကြောင်းထိုးဝင်ရောက်လာခဲ့စဥ် ကျောက်ခွက်ရွာအရှေ့ထိပ်တွင် မြိုင်(ပကဖ)နှင့် မဟာမိတ်တပ်ဖွဲ့များက မိုင်းသုံးလုံးဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားနှစ်ဦး သေဆုံးခဲ့သည်။
ထို့နောက် အဆိုပါစစ်ကြောင်းသည် ကျောက်ခွက်ရွာ အနောက်ပိုင်းရှိ ပြည်သူနေအိမ်ဝင်းအတွင်းတွင် နင်းမိုင်းများထောင်ထားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။


















































