▪︎နိုင်ငံတော်ပိုင်ရွှေများရောင်းချတဲ့စီမံချက်မှာ ပါဝင်ပတ်သက်သူမှန်သမျှကို တရားစွဲအရေးယူမယ်လို့ NUG ကြေညာ
နိုင်ငံတော်ပိုင်ရွှေဒဂ်ါးပြားများနဲ့ ရွှေစင်ချောင်းများ ရောင်းချမှုတွင်ပါဝင်ပတ်သက်သူအားလုံးကို တရားစွဲဆိုအရေးယူဆောင်ရွက်သွားမယ်လို့ NUG က ဒီနေ့ကြေညာပါတယ်။ နိုင်ငံတော် ပိုင်ရွှေများရောင်းချတဲ့စီမံချက်မှာ ပါဝင်တဲ့ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်ရေးဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းနဲ့ အမှတ် ၂ သတ္တုတွင်းလုပ်ငန်းတို့မှ စီမံခန့်ခွဲသူအဆင့်အရာရှိကြီးများ၊ အရာထမ်းများနှင့် ပါဝင်ပတ်သက်သူအားလုံးကို တည်ဆဲဥပဒေများအရ တရားစွဲဆို အရေးယူ ဆောင်ရွက်သွားမယ်လို့ NUG သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ကြေညာပါတယ်။

▪︎လက်အောက်ငယ်သားတွေအပေါ် မကြည့်တော့တဲ့ စစ်ခေါင်းဆောင်ရဲ့ ညွှန်ကြားချက်ပေါက်ကြားလာ
စစ်ကောင်စီခေါင်းဆောင်တွေဟာ လက်အောက်ငယ်သားတွေအပေါ် လုံးဝမကြည့်တော့တဲ့ လုပ်ရပ်များပြုလုပ်နေတယ်လို့ CDM ဗိုလ်ကြီး ကိုလင်းထက်အောင်က ပြောပါတယ်။ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)က စက်တင်ဘာ၂၇ ရက်စွဲနဲ့ တပ်ရင်းတပ်ဖွဲ့တွေထံ လျှို့ဝှက်ညွှန်ကြားစာပေါက်ကြားလာမှုနဲ့ ပတ်သက်ပြီး CDM ဗိုလ်ကြီး ကိုလင်းထက်အောင်က အဲဒီညွှန်ကြားချက်ဟာ စစ်ခေါင်းဆောင်ဟာ လက်အောက်ငယ်သားတွေကို သိပ်ဂရုမစိုက်တဲ့သဘောဖြစ်ပြီး သေဆုံးသွားပြီဆိုတာနဲ့ စစ်မှုထမ်းဆောင်ခြင်းနဲ့ အကျုံးမဝင်ဘူးဆိုတာဟာ နောက်ဆက်တွဲရမယ့် ဆုကြေးတွေ ဘာမှမရတော့တဲ့ပုံစံဖြစ်သွားတယ်လို့ CDM ဗိုလ်ကြီးက ဆိုပါတယ်။

စစ်သားတစ်ယောက် ပင်စင်ယူတာဖြစ်စေ၊ သေဆုံးတာပဲဖြစ်စေ စစ်မှုထမ်းဆောင်ခြင်းနဲ့အကျုံးဝင်တယ်ဆိုတဲ့မှတ်ချက်က အရမ်းကိုအရေးပါတယ်လို့ သူက ဆက်ပြောပါတယ်။ ပေါက်ကြားလာတဲ့ စစ်ခေါင်းဆောင်ရဲ့ ညွှန်ကြားချက်မှာ ရန်သူ့သတင်းရရှိပါက သေချာစွာ စိစစ်ကာ စနစ်တကျစုဖွဲ့ရှင်းလင်းဖို့၊ အလုံပိတ်မော်တော်ယာဥ်တွေ လုံးဝမသုံးဖို့နဲ့ အလုံပိတ်မော်တော်ယာဥ်တွေသုံးပြီး နယ်မြေရှင်းလင်းရင်း ကျဆုံး၊ ဒဏ်ရာရရှိမယ်ဆိုရင် စစ်မှုထမ်း ဆောင်ခြင်းနဲ့ လုံးဝအကျုံးမဝင်ဘူးလို့ ပါရှိပါတယ်။

Public Service Announcement
▪︎ပြည်တော်ဝင်ပြီး နန်းသိမ်းမယ့် မန္တလေးမြေကွက်များစတင်ရောင်းချမှု ၁၀ နာရီအတွင်း ကန်ဒေါ်လာ ၉ သန်းဖိုးခန့်ရောင်းရ
မန္တလေးမှာစစ်တပ်သိမ်းထားတဲ့ မြေကွက်တွေကို NUG က လေလံတင်ရောင်းချရာ ၁၀ နာရီအတွင်း အမေရိကန်ဒေါ်လာ ၈.၈ သန်းဖိုးရောင်းရတယ်လို့ The End of Dictatorship(EOD) က ဒီနေ့ထုတ်ပြန်ပါတယ်။ “ပြည်တော်ဝင်ပြီး နန်းသိမ်းမယ်” ဆောင်ပုဒ်နဲ့ နွေဦးနှင်းဆီ၊နွေဦးတောင်ရိပ်ညို နဲ့ နွေဦးရောင်စဉ် ဆိုတဲ့ အိမ်ရာမြေကွက်စီမံကိန်း ၃ ခုကို အမျိုးသားညီညွတ်ရေး အစိုးရ NUG က အကောင်အထည်ဖော်ရောင်းချဖို့ စီစဥ်လာတာပါ။ မန္တလေးမှာ စစ်တပ်က မတရားသဖြင့် သိမ်းယူထားတဲ့ မြေနေရာတွေကို ရောင်းချဖို့ စီစဥ်နေတာလည်းဖြစ်ပါတယ်။ စတင်ရောင်းချတဲ့ အောက်တိုဘာ ၁ ရက်မှာ ညလုံးပေါက်ရောင်းနေရတယ်လို့ အရောင်းကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။ Spring Mandalay Investment မြေကွက်တွေကို ခြိမ့်ခြိမ့်သဲသဲ ဝယ်ယူအားပေးကြတဲ့ တော်လှန်ပြည်သူအပေါင်းရဲ့ တော်လှန်ရေးအပေါ် ထားတဲ့ ယုံကြည်စိတ်၊ ရဲဝံ့စိတ်နဲ့ သစ္စာတရားကိုလည်း EOD က ချီးကျူးထားပါတယ်။


▪︎မိုးဗြဲမြို့ စက်တင်ဘာတိုက်ပွဲအတွင်း စစ်ကောင်စီတပ် ၈၀ ဦးထက်မနည်းသေ
မိုးဗြဲမြို့တိုက်ပွဲ ဆက်လက်တင်းမာနေဆဲဖြစ်ပြီး စက်တင်ဘာတစ်လတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ၈၀ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)က ဒီနေ့ထုတ်ပြန်ပါတယ်။ တော်လှန်ရေးရဲဘော်တွေဘက်ကလည်း ကိုးဦး ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။ KNDF တပ်ရင်း (၃)မှရဲဘော်တစ်ဦးမှာလည်း ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ အသိပေးပါတယ်။ တိုက်ပွဲများအတွင်းအကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၁၃ ဦးဒဏ်ရာရရှိကာ အသက် (၁၀)နှစ်အောက် ကလေးငယ်သုံးဦး အပါအဝင် ပြည်သူ ခြောက်ဦးလည်း သေဆုံးခဲ့ပါတယ်။
▪︎ကျောက်ကြီးမှာ စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ ရမ်းပစ်လို့ ပြည်သူ နှစ်ဦးသေဆုံး၊ ငါးဦးဒဏ်ရာရ
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၃) နယ်မြေ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ဒေသခံပြည်သူနှစ်ဦးသေဆုံးပြီး ငါးဦး ဒဏ်ရာရခဲ့တယ်လို့ KNUက ထုတ်ပြန်ပါတယ်။ စက်တင်ဘာ ၂၉ရက် ညနေပိုင်းက ကျောက်ကြီးမြို့နယ်ရှိ ဘောကထာစစ်ကောင်စီတပ်စခန်းက ဘောကထာရွာအတွင်း RPG နဲ့ ပစ်ခတ်ခဲ့လို့ ပြည်သူလူထု ထိခိုက်ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။ သေဆုံးခဲ့ရသူ နှစ်ဦးမှာ အသက် ၆၀ကျော်အရွယ် အမျိုးသားတစ်ဦးနဲ့ အသက် ၅၆နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။ နောက်ပြီး စစ်ကောင်စီတပ်ရဲ့ အဲဒီလိုပစ်ခတ်မှုကြောင့် ဘောကထာကျေးရွာ၊ ပဒဲကောကျေးရွာနဲ့ မဘီကျေးရွာမှ အိမ်ခြေ ၈၀၀ ကျော်မှ လူဦးရေ လေးထောင်ကျော်တို့ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဖော်ပြပါတယ်။
▪︎နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသူ ၁.၃ သန်းကျော်ရှိတယ်လို့ ကုလသမဂ္ဂထုတ်ပြန်
စစ်အုပ်စု အာဏာသိမ်းမှုကြောင့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း တိုက်ပွဲတွေနဲ့မလုံခြုံမှုကြောင့် ပြည်တွင်းမှာနေရပ်စွန့်ခွာထွက်ပြေးရတဲ့ ပြည်သူပေါင်း ၁,၀၁၇,၀၀၀ဦးရှိလာပြီလို့ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က မနေ့က ထုတ်ပြန်ပါတယ်။ စစ်ကိုင်းတိုင်း၊မကွေးတိုင်း၊ကရင်နီပြည်နယ်တို့က နေရပ်စွန့်ခွာထွက်ပြေးရသူအများဆုံးဖြစ်တယ်လို့ စက်တင်ဘာလကုန်ပိုင်းမှာ UNOCHA ပြုစုထားတဲ့စာရင်းကဆိုပါတယ်။ စစ်တပ်အာဏာမသိမ်းခင်က တိုက်ပွဲတွေကြောင့်ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူ ၃၃၀,၄၀၀ဦး ရှိသေးတဲ့အတွက် ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူစုစုပေါင်း ၁,၃၄၇,၄၀၀ဦး ရှိလာခဲ့တာပါ။ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသူဟာ UNOCHA စာရင်းအရ ၁.၃ သန်းကျော်ရှိဖော်ပြပေမယ့် မြေပြင်စာရင်းကောက်ခံထားတဲ့အရေအတွက်ထက် နည်းပါးနေတာကို တွေ့ရပါတယ်။

▪︎အရာတော်၊ ဝက်လက်ဒေသကာကွယ်ရေးအဖွဲ့များ ပြည်သူနဲ့ပူးပေါင်းကာ ရွာချင်းဆက်လမ်းပြုပြင်
စစ်ကိုင်းတိုင်း၊ အရာတော်နဲ့ ဝက်လက်မြို့နယ်ရှိ ဒေသကာကွယ်ရေးအဖွဲ့တွေဟာ ပြည်သူများနဲ့ ပူးပေါင်းပြီး ကျေးရွာချင်းဆက်လမ်းတစ်ခု ပြုပြင်ခဲ့ပါတယ်။ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် နဂါးနီတပ်ဖွဲ့၊ ဝက်လက်နယ် ရွှေမင်းသားတပ်ဖွဲ့ တော်လှန်ရေးရဲဘော်တွေနဲ့ ကျေးရွာပြည်သူလူထုပူးပေါင်းကာ ပြည်သူများ သွားလာရေးအဆင်ပြေစေဖို့အတွက် ကျေးရွာချင်းဆက်လမ်းတစ်ခုကို ပေ ၃၀၀၀ ခန့် ပြုပြင်ပြီးစီးခဲ့တယ်လို့ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ ပါဝင်အားဖြည့်ကူညီကြတဲ့ ပြည်သူလူထုနဲ့ စားသောက်ဖွယ်များ ကျွေးမွေးကြတဲ့ အလှူရှင်တွေကို အထူးကျေးဇူးတင်ရှိတယ်လို့ အရာတော်(ပကဖ)က ဖော်ပြပါတယ်။
▪︎မြင်းခြံမှာ စစ်ကောင်စီတပ်ဖမ်းဆီးသွားတဲ့ လူငယ်တစ်ဦး သုံးနာရီအတွင်း သေဆုံး
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခြင်းခံရတဲ့ လူငယ်တစ်ဦး ဖမ်းဆီးခံရပြီးနောက် ၃ နာရီအတွင်း သေဆုံးသွားခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ၂၁ ရက် မနက်အစောပိုင်းမှာ မြင်းခြံမြို့နယ်၊ ရှားတောကျေးရွာနေ အသက်၂၀ခန့်ရှိ ကိုမိုးထက်သာဆိုသူကို စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားခဲ့ပြီး ဖမ်းဆီးပြီး ၃ နာရီအကြာမှာပဲ စစ်တပ်နဲ့ ပျူစောထီးတွေရဲ့ ညှင်းပန်းနှိပ်စက်မှုများကြောင့် သေဆုံးသွားခဲ့တယ်လို့ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ထုတ်ပြန်ပါတယ်။ မိသားစုဟာ အလောင်းပင် ပြန်မရခဲ့ဘဲ ကြည့်ခွင့်ခေတ္တပေးပြီးနောက် မီးရှို့သင်္ဂြိုလ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
▪︎ဆားလင်းကြီးနယ် ကျားတက်ရွာမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်များ တိုက်ပွဲပြင်းထန်၊ စစ်တပ်က လေကြောင်းပစ်ကူပါသုံးနေ
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကျားတက်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးအဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းကပါ တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းကစတင်ကာ ကျားတက်ရွာရှိ စစ်ကောင်စီတပ်စခန်းကို ဒေသကာကွယ်ရေးအဖွဲ့များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှ အပြန်အလှန်ပစ်ခတ်ကာ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ အဲဒီစစ်ကောင်စီစခန်းကို PDF က ဝင်သိမ်းခဲ့တာလို့ သိရပြီး မွန်းလွဲပိုင်းမှာ စစ်တပ်က လေကြောင်းပစ်ကူသုံးနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ နှစ်ဖက်ထိခိုက်မှုအခြေအနေနဲ့ ဖြစ်စဥ်အသေးစိတ်များကို ဒေသကာကွယ်ရေးအဖွဲ့တွေက သတင်းထုတ်ပြန်နိုင်ခြင်း မရှိသေးပါဘူး။
▪︎လောင်းလုံတိုက်ပွဲပျူ လေးယောက်သေ၊ သေနတ် ၂ လက်နဲ့ကျည်တွေရ
လောင်းလုံမြို့နယ် ကျောက်နီမော်ကျေးရွာအုပ်စုကျောက်မတ်တပ်ရွာအနီး တိုက်ပွဲမှာ စစ်ကောင်စီလက်ပါးစေ ပျူစောထီး ၄ဦး သေဆုံးခဲ့ပြီးတော့ လက်နက် ၂လက်နှင့် ကျည်များ သိမ်းဆည်းရမိခဲ့ကြောင်း လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်(ပကဖ)က ဒီနေ့ပြောပါတယ်။စက်တင်ဘာ ၂၉ရက်က ကျောက်မတ်တပ် ကျေးရွာ အနီး ဆက်ကြေးကောက်ခံပြီးပြန်လာတဲ့ ပျူစောထီးတွေကို ပကဖတွေကတိုက်ခိုက်တာဖြစ်ပါတယ်။စစ်ကူရောက်လာတဲ့ စစ်ကောင်စီတပ်မှပျူအလောင်းတွေနဲ့ဒဏ်ရာပြင်းထန်ခဲ့တဲ့ ပျူတွေကိုကားပေါ်တင်သွားခဲ့ပါတယ်။ လောင်းလုံPDFက နယ်မြေရှင်းလင်းခဲ့ရာ ကာဘိုင် ၁လက်၊ လက်လုပ်သေနတ်တစ်လက်နဲ့ကျည်တွေရရှိခဲ့ပါတယ်။


▪︎နိုင်ငံတဝန်းဆန္ဒပြပွဲတွေ
ရန်ကုန်မြို့ တစ်နေရာမှာ ဗကသများအဖွဲ့ချုပ်ဝင် ကျောင်းသားသမဂ္ဂများနဲ့ မဟာမိတ်များ ပူးပေါင်းကာ “မြန်မာပြည်သစ်အတွက် တိုက်ပွဲဝင်ကြ ပြည်သူ့အာဏာ တည်ဆောက်ကြ” စာသားနဲ့ ပြောက်ကျားသပိတ် ပြုလုပ်ခဲ့ကြပါတယ်။

မြောက်ဥက္ကလာပမြို့နယ်မှာလည်း ကျောင်းသားလူငယ်များက “တိုက်ပွဲရှိရင် အောင်ပွဲရှိတယ်” ၊ “စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးဆီသို့” ၊ “လူထုလက်ရုံးနဲ့ တည်ဆောက် တပ်ပေါင်းစုနဲ့ ချီတက်” အပါအဝင် စာများကပ်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

မုံရွာလူငယ်များအစည်းအရုံး၊ မုံရွာအခြေခံပညာကျောင်းသားများသမဂ္ဂနဲ့ မုံရွာတော်လှန်လူငယ်များကွန်ယက်တို့ ပူးပေါင်းကာ “Fascist Military is killing even our children. Where is Justice for Myanmar People?” (ဖက်ဆစ်စစ်တပ်က ကျွန်တော်တို့ကလေးငယ်တွေကိုတောင် သတ်ဖြတ်နေတယ်၊ မြန်မာပြည်သူတွေအတွက် တရားမျှတမှုက ဘယ်မှာလဲ” ၊ “ကကြီး ခခွေးပဲရှိသေးတယ် ဘဝကြီးက ပြီးသွားပြီတဲ့လား ကလေးရယ် – လက်ယက်ကုန်း” စာသားတွေကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။


















































