Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (အောက်တိုဘာ ၃ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း‌

▪︎KNU တပ်မဟာ(၁)နယ်မြေရှိ တော်လှန်ရေးတပ် ၂၅ဖွဲ့ ပူးပေါင်းပြီး ဘုံရန်သူစစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရန် ဆုံးဖြတ်

ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် တပ်မဟာ(၁)နယ်မြေအတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့ ၂၅ဖွဲ့ နဲ့ KNU တပ်မဟာ(၁)တို့ စုပေါင်းပြီး စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်သွားဖို့ ဆုံးဖြတ်လိုက်တယ်လို့ KNU သထုံခရိုင်တပ်မဟာ (၁)မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှုကော်မတီက ဒီနေ့ ကြေညာချက်ထုတ်ပြန်ပါတယ်။ သထုံခရိုင်တပ်မဟာ(၁)နယ်မြေအတွင်း အခြေစိုက်ပြီး ပြန့်ကျဲနေတဲ့ တော်လှန်ရေးအင်အားစုများကို တစ်ခုတည်းသောကွပ်ကဲမှု(စုပေါင်းဦးဆောင်မှု)နဲ့ဘုံရန်သူအား စနစ်ကျညီညွတ်စွာတော်လှန်သွားနိုင်ရေး ကြိုးပမ်းခဲ့တာပါ။ ဒေသတွင်းရှိ တော်လှန်ရေးအဖွဲ့ ခေါင်းဆောင်များ၊ တာဝန်ခံများ ကော်မတီများပါဝင်တဲ့ မျက်နှာစုံညီအစည်းအဝေးကို စက်တင်ဘာ ၂၁ မှ ၂၄ရက်အထိ လေးရက်ကြာ ပြုလုပ်ခဲ့ရာ ဘုံရန်သူကို စုပေါင်းတော်လှန်ဖို့ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့တာလို့လည်း ထုတ်ပြန်ပါတယ်။

▪︎ရွှေဈေးပြန်တက်လာ

တရားမဝင်အာဏာသိမ်းစစ်ကောင်စီက ရွှေပိဿာနဲ့ချီပြီး လေလံတင်ရောင်းချနေတာတွေရှိနေပေမယ့် ဒီနေ့မှာ ရွှေဈေးပြန်တက်လာတာတွေ့ရပါတယ်။ ရွှေဈေးဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ၁ ကျပ်သားကို ကျပ် ၂၃ သိန်းဝန်းကျင်ထိ ကျသွားခဲ့ပေမယ့် ဒီနေ့ မွန်းလွဲပိုင်းမှာ ကျပ် ၂၅ သိန်း ၈ သောင်း ဖြစ်လာပါတယ်။ ဈေးကွက်ထဲမှာ ရောင်းဈေးနဲ့ ဝယ်ဈေးကြား ကျပ် ၂ သောင်းကွာဟတယ်လို့လည်းသိရပါတယ်။ စစ်ကောင်စီဟာ ရွှေဈေးကျဖို့အတွက် ရွှေပြားတွေရောင်းတာ ၊ရန်ကုန် နဲ့ မန္တလေးမှာ ရွှေပိဿာနဲ့ချီပြီး လေလံပစ်တာတွေ လုပ်ခဲ့ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရက နိုင်ငံတော်ပိုင်ရွှေဒဂ်ါးပြားများနဲ့ ရွှေစင်ချောင်းများ ရောင်းချမှုတွင်ပါဝင်ပတ်သက်သူအားလုံးကို တရားစွဲဆိုအရေးယူဆောင်ရွက်သွားမယ်လို့ မနေ့က ကြေညာထားပါတယ်။

▪︎မန္တလေးမှာ တစ်ပတ်အတွင်း လူ ၃ ဦးသတ်ဖြတ်ခံရပြီး လမ်းဘေးမှာ အလောင်းစွန့်ပစ်သွား

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း မန္တလေးမှာ လူ ၃ ဦးသတ်ဖြတ်ခံရပြီး အလောင်းတွေကိုလမ်းဘေးမှာ စွန့်ပစ်သွားမှုတွေဖြစ်ခဲ့ပါတယ်။ သတ်ဖြတ်ခံရပြီး အလောင်းစွန့်ခံရသူ ၃ ဦးမှာ အမျိုးသမီး ၁ ဦးပါဝင်ပါတယ်။ စက်တင်ဘာလ ၂၈ ရက်က ချမ်းမြသာစည်မြို့နယ် ၊ ရန်ကုန် − မန္တလေးလမ်းဘေးမှာ အသက် ၃၀ အရွယ်အမျိုးသမီးကို သတ်ဖြတ်ပြီး စွန့်ပစ်ထားခဲ့တာပါ။ အဲဒီအမျိုးသမီးအလောင်းမှာ အဓမ္မပြုကျင့်ထားတဲ့ လက္ခဏာတွေခဲ့ရတယ်လို့လည်းသိရပါတယ်။ မနေ့က ညပိုင်းကလည်း ပြည်ကြီးတံခွန်မြို့နယ် ၊ EPC ရုံးအနောက်ဘက် စက်မှုပန်းခြံလမ်းနဲ့ ၁၂၈ လမ်းထောင့်မှာ ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသားအလောင်းကို စွန့်ပစ်သွားတာ ရှိခဲ့ပါတယ်။ သတ်ဖြတ်ခံရဲ့အမျိုးသားဟာ တက္ကစီကားသမားဖြစ်ပြီး လူသတ်ပြီး ကားကိုလုယက်သွားတယ်လို့လည်းသိရပါတယ်။ ဒီနေ့ မနက်ပိုင်းမှာလည်း ပြည်ကြီးတံခွန်မြို့နယ် ၊ မန္တလေး − ပြင်ဦးလွင် ရထားလမ်းဘေး ခြုံထဲမှာ ပုတ်ပွပြီးသေဆုံးနေတဲ့အမျိုးသားအလောင်းကိုထပ်တွေ့ရတယ်လို့ မြရည်နန္ဒာလူမှုကယ်ဆယ်ရေးထံကနေ သိရပါတယ်။

Public Service Announcement

Public Service Announcement

▪︎စက်တင်ဘာ ကရင်နီဒေသ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ် ၁၀၀ ကျော်သေဆုံး၊ KNDF ရဲဘော် ငါးဦးကျဆုံး

ကရင်နီဒေသမှာ စက်တင်ဘာလအတွင်း တိုက်ပွဲပေါင်း ၅၇ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၀၀ ကျော်သေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ကထုတ်ပြန်ပါတယ်။ စက်တင်ဘာလ တစ်လတာအတွင်း ကရင်နီပြည်နယ်မှာ KNDF ၊ ကရင်နီတပ်မတော် (KA)၊ အခြားမဟာမိတ်ပြည်သူ့ကာကွယ်ရေးတပ်များ နဲ့ စစ်ကောင်စီတပ်များအကြား တိုက်ပွဲဖြစ်ပွားခဲ့မှုတွေကို သတင်းထုတ်ပြန်ခဲ့တာပါ။ ထိတွေ့တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ မှ ၁၀၄ဦး သေဆုံးခဲ့ပြီး ၆၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပြီး စစ်ကောင်စီတပ်များထံမှ MA-1 (၃)လက် ၊ MA-2 (၃)လက် ၊ MA-3 (၈)လက် ၊ MG စက်သေနတ် ၁ လက် (၆၀) မမ အသီး၊ RPG အသီး ၊စွပ်ဗုံးနဲ့ ခဲယမ်းများ ၊ စစ်အသုံးအဆောင်များကို သိမ်းဆည်းနိုင်ခဲ့ပြီး စစ်ကားတစ်စီးကို ဖျက်ဆီးနိုင်ခဲ့ပါတယ်။ တိုက်ပွဲများအတွင်း KNDF ရဲဘော် ငါးဦး ကျဆုံးခဲ့ပြီး ကျဆုံးသွားသော ရဲဘော်များအား အာဇာနည်သူရဲကောင်းများအဖြစ် အစဥ်အမြဲ လေးစားဂုဏ်ယူစွာ မှတ်တမ်းတင် အလေးပြုတယ်လို့ ထုတ်ပြန်ပါတယ်။

▪︎စမ်းချောင်းမြို့နယ်တရားရုံးကို အဝေးထိန်းဗုံးနဲ့ ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်ရှိ စစ်ကောင်စီ​ရဲ့ မြို့နယ်တရားရုံးကို ဖောက်ခွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ PDF(Sanchaung)က ပြောပါတယ်။ မနေ့ညနေပိုင်းက စမ်းချောင်းမြို့နယ် ဗဟိုလမ်းပေါ်ရှိ စစ်ကောင်စီ​ တရားရုံးကို ရန်ကုန်တိုင်း၊ အနောက်ပိုင်းခရိုင် ပ.က.ဖ တပ်ရင်း၊ တပ်ခွဲ(၁)၊တပ်စု(၁)၊ တပ်စိတ်(၁)နှင့် PDF(Sanchaung) အဖွဲ့တို့ပူးပေါင်းပြီး အဝေးထိန်းဗုံးတစ်လုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီတိုက်ခိုက်မှုဟာ စစ်ကောင်စီအလိုကျဆောင်ရွက်နေတဲ့ စစ်ကောင်စီထောက်တိုင်တွေကို သတိပေးဖောက်ခွဲတာလို့ PDF(Sanchaung)က အသိပေးပါတယ်။

▪︎ပျူသင်တန်းကို ဝင်ရောက်တိုက်ခိုက်ရာ ပျူ ၅၀ကျော် အရှင်ဖမ်းမိပြီး ၁၇ ဦးထက်မနည်း သေဆုံးဟု မြိုင်(ပကဖ)ပြော

မကွေးတိုင်း၊ ပေါက်မြို့နယ် ဇီးပြားကျေးရွာမှာ စစ်ကောင်စီတပ်က ပျူစောထီးများကို သင်တန်းပေးနေချိန် ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီအုပ်စုဝင်တွေ ထွက်ပြေးသွားပြီး ၅၀ ကျော်အရှင်ဖမ်းမိကာ ၁၇ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။ မနေ့မွန်းလွဲပိုင်းက ပျူစောထီး ၉၃ ယောက်ခန့် သင်တန်း ပေးနေချိန် စတင်ဝင်ရောက် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ညနေပိုင်းအထိ တိုက်ခိုက်ရာတွင် စစ်သား၊ ရဲနဲ့ ပျူများ ထွက်ပြေးခဲ့ကြပြီး ပျူအဖွဲ့ဝင် အမျိုးသား၊ အမျိုးသမီး ၅၃ ဦး အရှင်ဖမ်းမိခဲ့တယ်လို့ မြိုင်(ပကဖ)အဖွဲ့က ပြောပါတယ်။ ဖမ်းဆီးမိခဲ့တဲ့ပျုစောထီးတွေကို ပြည်သူ့ဘက်တော်သားများအဖြစ် သစ္စာရှိစွာရပ်တည်မည်ဆိုပါက အသက်ကိုစောင့်ရှောက်မှုပေးမှာဖြစ်ကြောင်းနဲ့ ဆက်လက်ပြီး စစ်ကောင်စီ ထောက်တိုင်အဖြစ် ရပ်တည်ခြင်းမပြုဖို့ ဝန်ခံကတိများ ပြုလုပ်စေခဲ့တယ်လို့ ဆိုပါတယ်။ ငါးနာရီကျော်ကြာတဲ့ အဲဒီတိုက်ခိုက်မှုမှာ စစ်သား၊ ရဲနဲ့ပျူ ၁၇ ဦးထက်မနည်း သေဆုံးနိုင်တယ်လို့လည်း မြိုင်(ပကဖ)က အသိပေးပါတယ်။

▪︎တောင်သာမြို့အဝင် စစ်​ဆေးရေးဂိတ်ကို PDF တိုက်ခိုက်၊ စစ်ကောင်စီတပ် ခြောက်ဦးသေဆုံး

မန္တလေးတိုင်း၊ တောင်သာမြို့အဝင် စစ်ဆေးရေးဂိတ်ကို ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးခဲ့တယ်လို့ Scorpions People Defence Force အဖွဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ အောက်တိုဘာလ ၁ ရက် ညပိုင်းက တောင်သာမြို့ အနောက်ဘက် အကာအရံတွေနဲ့ တည်ဆောက်ထားတဲ့ မြို့အဝင်၊အထွက် စစ်ဆေးရေးဂိတ်ကို တောင်သာအခြေစိုက် မြင်းခြံခရိုင်တပ်ရင်း အမှတ် ၃ က ရထားသံလမ်း အမြင့်တစ်နေရာကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ၁၀မိနစ်ခန့် အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးပြီး အလောင်း ၄လောင်းကို စစ်တပ်က ချက်ချင်းမီးရှို့သင်္ဂြိုလ်ခဲ့ပြီး ၂လောင်းကို ကားနဲ့ သယ်ဆောင်သွားခဲ့တယ်လို့ Scorpions People Defence Force ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

▪︎နိုင်ငံတဝန်းဆန္ဒပြပွဲတွေ

စစ်ကိုင်းတိုင်း ကနီမြို့နယ် ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က ဦးဆောင်ပြီး “အထွေထွေအကျပ်အတည်းဖြေရှင်းရေးမှသည်စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးဆီသို့” စာသားကိုင်စွဲကာ လူထုသပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြခဲ့ကြရာ ဆန္ဒပြပြည်သူတွေရဲ့ လုံခြုံရေးအတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက လိုက်ပါဝန်းရံပေးခဲ့ပါတယ်။

ဝက်လက်မြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ဒေသခံပြည်သူများက “ဘာတွေလဲ ၅/ ဝလန တွေ “၊ “၅/ရဲ့ ဝက်လက် ဖက်ဆစ်တပ်ကို အမြစ်ဖြတ်” ၊ “ဝက်လက်သွေးဟေ့ ရဲရဲနီ” ၊ “ပျက်သုဥ်းနေတဲ့ လူ့အခွင့်အရေး တော်လှန်ရေးနဲ့ သိမ်းပိုက်မယ်” စတဲ့စာသားတွေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းအဖြစ် ရွာလုံးကျွတ် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ