Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (အောက်တိုဘာ ၅ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎ပညာရေးကို ဖျက်ဆီးနေကြတဲ့ အကြမ်းဖက်စစ်အုပ်စု မကြာမီ တာဝန်ခံရမယ်လို့ CRPH ထုတ်ပြန်

ပညာရေးကို ဖျက်ဆီးနေကြတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ သူတို့ရဲ့ လုပ်ရပ်တွေအတွက် မကြာမီ တာဝန်ခံရမယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)က ကတိပြုထုတ်ပြန်ပါတယ်။ ဒီနေ့ကျရောက်တဲ့ “ကမ္ဘာ့ဆရာများနေ့”မှာ ဆရာ၊ ဆရာမများအားလုံး ဘေးအန္တရာယ်အမျိုးမျိုးမှ ကင်းဝေးပြီး အသိပညာ၊ ဗဟုသုတများကို လွတ်လပ်စွာ ဝေမျှပေး နိုင်သူများဖြစ်ကြပါစေလို့ CRPH က အလေးအနက် ဆုတောင်းမေတ္တာ ပို့သကြောင်း ထုတ်ပြန်ပါတယ်။ ပြည်သူတွေ လက်မခံတဲ့ အကြမ်းဖက်စစ်အာဏာရှင်များကို တော်လှန်ကြရာမှာ ဆရာ၊ ဆရာမများ၊ ပညာရေးမိသားစုများ အပါအဝင် CDM ပြည်သူ့ဝန်ထမ်းများရဲ့ စည်းလုံးညီညွတ်တဲ့ စိတ်ဓာတ်အင်အားက ကြီးမားတဲ့အရွေ့ကို အစပြုခဲ့တယ်လို့ ဖော်ပြပါတယ်။ တစ်ကမ္ဘာလုံးမှာ ပညာရေးပြုပြင်ပြောင်းလဲရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းနေကြချိန် မြန်မာနိုင်ငံရှိ ဆရာ၊ ဆရာမများကတော့ စစ်ကျွန်ပညာရေးအောက်မှ လွတ်မြောက်ရေး၊ ဒီမိုကရေစီပညာရေးအတွက် အသက်ပေးနေရဆဲပင် ဖြစ်တယ်လို့ CRPH က ဆိုပါတယ်။ တစ်ဖက်မှာလည်း CDM ဆရာ၊ ဆရာမ အရေအတွက်များပြားတာနဲ့အညီ စားဝတ်နေရေး၊ ကျန်းမာရေးစရိတ် စတဲ့ အထွေထွေလိုအပ်ချက်များနဲ့ ရင်ဆိုင်ကြုံတွေ့နေရပြီး ထောက်ပံ့မှုနဲ့ပတ်သက်လို့ အချိန်တိုအတွင်း မြန်မြန်ဆန်ဆန် အကူအညီပေးနိုင်မယ့် လုပ်ငန်းစဥ်များဖြစ်ပေါ်ဖို့လိုအပ်တယ်လို့ ဆရာအောင်မြတ်မိုးက ထောက်ပြပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ဆရာ၊ဆရာမများက CDMပြုလုပ်၍ ချီတက်ဆန္ဒပြနေကြစဉ်၊ဓာတ်ပုံ - CJ
စစ်တပ်အာဏာသိမ်းပြီးနောက် ဆရာ၊ဆရာမများက CDMပြုလုပ်၍ ချီတက်ဆန္ဒပြနေကြစဉ်၊ဓာတ်ပုံ – CJ

▪︎စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းမှသာ မြန်မာပြည်သူတွေ ဆင်းရဲတွင်းကနေ လွတ်မြောက်နိုင်မယ်လို့ ကုလညီလာခံမှာ မြန်မာသံအမတ်ကြီးပြော

မြန်မာပြည်သူလူထုကို ဆင်းရဲတွင်းကနေ လွတ်မြောက်နိုင်ရေး ပံ့ပိုးကူညီဖို့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းကာ ဒီမိုကရေစီ ပြန်လည်ထူထောင်ခြင်းနဲ့သာ ဆောင်ရွက်နိုင်မယ်လို့ သံအမတ် ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂအထွေထွေညီလာခံမှာ မနေ့က မိန့်ခွန်းပြောပါတယ်။ စစ်အာဏာရှင်တွေဟာ တိုင်းပြည်ရဲ့ စီးပွားရေးနဲ့ နိုင်ငံတည်ငြိမ်ရေးတို့အတွက် လုပ်ဆောင်နိုင်တဲ့ အနေအထားမရှိဘူးလို့ သံအမတ်ကြီးက အသိပေးပါတယ်။ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် ထာဝရချုပ်ငြိမ်းရေးနဲ့ ဒီမိုကရေစီပြန်လည်ထူထောင်ရေးတို့အတွက် စည်းလုံးညီညွတ်စွာ တိုက်ပွဲဝင်ဖို့ သန္နိဋ္ဌာန်ချပြီးဖြစ်တယ်လို့ သူက ကုလသမဂ္ဂကို သတင်းစကားပါးပါတယ်။ အဲဒါကြောင့် မြန်မာပြည်သူတွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို လုပ်ဆောင်နိုင်ဖို့ နိုင်ငံတကာအသိုင်းအဝန်းရဲ့ ခိုင်မာပြီး ထိရောက်သောပံ့ပိုးကူညီမှု မရှိမဖြစ်လိုအပ်တယ်လို့ ဆက်ပြောပါတယ်။ မြန်မာပြည် ငြိမ်းချမ်းရေးနဲ့ မြန်မာပြည်သူတွေအပေါ် ထိရောက်တဲ့ ပံ့ပိုးကူညီမှုများ တိုးမြှင့်ဆောင်ရွက်ပေးဖို့ သံအမတ်ကြီးက မေတ္တာရပ်ခံခဲ့ပါတယ်။

မြန်မာသံအမတ်ကြီး
မြန်မာသံအမတ်ကြီး

▪︎ရခိုင်နဲ့ ပလက်၀မှာ မွေးကင်းစ ကလေးငယ် နှစ်ထောင်ကျော်အပါအဝင် စစ်ရှောင်ရှစ်သောင်းကျော်ရှိဟု AA ထုတ်ပြန်

ရခိုင်ပြည်နယ်ရှိ မြို့နယ်များနဲ့ ချင်းပြည်နယ် ပလက်၀တို့မှာ အိမ်ထောင်စု နှစ်သောင်းကျော်မှ စစ်ဘေးရှောင် ဦးရေ ရှစ်သောင်းကျော်အထိ ရှိလာတယ်လို့ ရက္ခိုင့်တပ်တော်

Public Service Announcement

Public Service Announcement

(AA)က ဒီနေ့ထုတ်ပြန်ပါတယ်။ စစ်ရှောင်တွေအနက် မွေးကင်းစ ကလေးငယ် ၂၁၀၀ ကျော်ပါဝင်ပြီး ကိုယ်ဝန်ဆောင်များ၊ နာမကျန်း၊ မသန်စွမ်းနဲ့ စိတ်ပိုင်းဆိုင်ရာ ဝေဒနာခံစားနေရသူတွေလည်း ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။ နောက်ပြီး ကျောင်းသားကျောင်းသူ တစ်သောင်းကျော်လည်း ပါဝင်တယ်လို့ ​အောက်တိုဘာ ၄ ရက်အထိ ပြုစုထား​တဲ့ စာရင်းမှာ ဖော်ပြပါ တယ်။ ရသေ့တောင်၊ မြောက်ဦး၊ ဘူးသီးတောင်၊ ကျောက်တော် တို့မှာ စစ်ရှောင်စခန်းအများအပြားရှိပြီး ပလက်၀၊ မောင်တော၊ ပေါက်တော၊ အမ်း၊ မင်းပြား၊ စစ်တွေ၊ မြေပုံ၊ ပုဏ္ဍားကျွန်း မြို့နယ်တွေမှာလည်း စစ်ရှောင်စခန်းများရှိရာ စုစုပေါင်း စစ်ရှောင်စခန်းနဲ့ နေရာ ၁၅၀ ရှိတယ်လို့ အသိ​​ပေးပါတယ်။ အကြမ်းဖက်စစ်ကောင်စီဟာ စစ်ရှောင်များသာမက ဒေသခံများအတွက် ရိက္ခာနဲ့ဆေးဝါး ပိတ်ပင်ထားလို့ ပြည်သူတွေ အခက်ကြုံနေရပါတယ်။ စစ်​ကောင်စီဟာ တစ်နိုင်ငံလုံးရှိ ပြည်သူကို ရန်သူလိုသတ်မှတ်ပြီး ရည်ရွယ်ချက်ရှိရှိ လူသတ်နေသလိုဖြစ်နေတယ်လို့ ရခိုင်နိုင်ငံရေးသမားဦးဖေသန်းက မှတ်ချက်ပြုပါတယ်။

ရခိုင်နှင့်ပလက်၀တွင် မွေးကင်းစ ကလေး နှစ်ထောင်ကျော်အပါအဝင် စစ်ရှောင်ရှစ်သောင်းကျော်ရှိဟု AA ထုတ်ပြန်
ရခိုင်နှင့်ပလက်၀တွင် မွေးကင်းစ ကလေး နှစ်ထောင်ကျော်အပါအဝင် စစ်ရှောင်ရှစ်သောင်းကျော်ရှိဟု AA ထုတ်ပြန်

▪︎မြို့နယ်အတွင်းရှိ ကျေးရွာ ၅၀ ကျော်ကို တွန်းဇံ(ပအဖ) ကြီးစိုးထားနိုင်ဟု အသိပေး

ချင်းပြည်နယ် တွန်းဇံမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဟာ ကျေးရွာပေါင်း (၅၀) ကျော်ကို ကြီးစိုးနိုင်ခဲ့ပြီဖြစ်လို့ တွန်းဇံမြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) က မနေ့က ထုတ်ပြန်ပါတယ်။ တွန်းဇံမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဟာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)ကတဆင့် ဖွဲ့စည်းထားတဲ့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဖြစ်တာကြောင့် အခုချိန်အထိ တွန်းဇံမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆိုတဲ့ အမည်နဲ့ ကျစ်လျစ်ခိုင်မာစွာရပ်တည်နိုင်သကဲ့သို့ တွန်းဇံ CDF တပ်ဖွဲ့ကို ဦးဆောင်ပြီး လွတ်လပ်နယ်မြေများစွာ ပိုင်ဆိုင်နိုင်ရေးကိုအဓိကပစ်မှတ်ထားပြီး တိုက်ပွဲဝင်သွားမယ်လို့ ဖော်ပြပါတယ်။ တွန်းဇံမှာ ရွာပေါင်း ၉၀ ကျော်ရှိပြီး လက်ရှိမှာ တွန်းဇံမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က နယ်မြေတစ်ဆက်တစ်စပ်တည်းရှိတဲ့ တွန်းဇံမြို့နယ်ရဲ့ နယ်မြေထက်ဝက်ကျော်ကိုစိုးမိုးကြီးစိုးနိုင်ခဲ့ပြီလို့ ဆိုပါတယ်။ လက်နက်အင်အားတိုးချဲ့ပြီး တွန်းဇံမြို့နယ်ရှိ ပြည်သူလူထုနဲ့လက်တွဲကာ တွန်းဇံမြို့နယ်ကို စိုးမိုး အုပ်ချုပ်နိုင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

(တွန်းဇံမြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) ဓါတ်ပုံ-တွန်းဇွန်းCDF)
(တွန်းဇံမြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) ဓါတ်ပုံ-တွန်းဇွန်းCDF)

▪︎ညောင်ဦးမှာ နှစ်ရက်အတွင်း NLD ပါတီခရိုင်ဒုဥက္ကဌအပါအဝင် ပါတီထောက်ခံသူခြောက်ဦး အသတ်ခံရ

မန္တလေးတိုင်း ၊ ညောင်ဦးမြို့နယ်မှာ နှစ်ရက်အတွင်း NLD ပါတီ ခရိုင်ဒုဥက္ကဌ အပါအဝင် ပါတီထောက်ခံသူ ခြောက်ဦးအသတ်ခံရတယ်လို့ မြို့ဒေသခံတွေက ပြောပါတယ်။ အောက်တိုဘာ ၂ ရက် ညပိုင်းမှာ ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ ဆည်ရွာ‌ ကျေးရွာနေ NLD ပါတီညောင်ဦးခရိုင်ဒုဥက္ကဌ ဦးကျော်ဝင်းနဲ့ သမီးဖြစ်သူကို အာဏာသိမ်းစစ်အုပ်စုလက်ပါးစေများက လာရောက်ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။ သမီးဖြစ်သူကို ပြန်လွှတ်ပေးပြီး ဦးကျော်ဝင်းကို သတ်ဖြတ်ပြီး နောက်တစ်ရက်မှာ ကျေးရွာရှိ အမှိုက်ပုံအနီးမှာ အလောင်းစွန့်ပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပျူနှင်​သွေး​သောက်များအသတ်ခံခဲ့ရ​သော ဦး​ကျော်ဝင်း ။ ဓါတ်ပုံ-CJ
ပျူနှင်​သွေး​သောက်များအသတ်ခံခဲ့ရ​သော ဦး​ကျော်ဝင်း ။ ဓါတ်ပုံ-CJ

တစ်ရက်တည်းမှာပဲ ညောင်ဦးမြို့နယ် စဥ့်ကူကျေးရွာမှ NLD ပါတီထောက်ခံသူ အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားသုံးဦးကို ဖမ်းဆီးပြီး အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားသုံးဦးကို သတ်ဖြတ်ကာ ကျေးရွာရှိ တိုက်နယ်ဆေးရုံအနီးမှာ အလောင်းတွေကို စွန့်ပစ်ထားခဲ့တယ်လို့ သိရပါတယ်။ သတ်ဖြတ်ခံရတဲ့ အမျိုးသမီး စိန်စတိုးစျေးဆိုင်ပိုင်ရှင် အသက်(၃၂)နှစ်အရွယ် မသော်မီမီဝင်းမှာ အဓမ္မပြုကျင့်ခံထားရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ အောက်တိုဘာ ၃ရက်မှာ ညောင်ဦးမြို့နယ် NLD ပါတီမှ အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိန်၏ ညီဖြစ်သူ ဇီးကွက်ပုန်းရည်ကြီးလုပ်ငန်းပိုင်ရှင် ဦးဇော်ကြီးကို ဆိုင်ကယ်စီး လူသုံးဦးက လာရောက်ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။ စစ်အုပ်စုဟာ ဦးဇော်ကြီးကို သတ်ဖြတ်ပြီးနောက် မြို့ရှောင်လမ်းဘေးမှာ အလောင်းကို စွန့်ပစ်ထားခဲ့ပါတယ်။

စစ်​ကောင်စီလက်​အောက်ခံ ပျူနှင့်​သွေး​သောက်အဖွဲ့ဝင်များကဖမ်းဆီးသတ်ဖြတ်သွား​​သော မ​သော်မိမိဝင်း​။ဓါတ်ပုံ-TMMW
စစ်​ကောင်စီလက်​အောက်ခံ ပျူနှင့်​သွေး​သောက်အဖွဲ့ဝင်များကဖမ်းဆီးသတ်ဖြတ်သွား​​သော မ​သော်မိမိဝင်း​။ဓါတ်ပုံ-TMMW

▪︎မုံရွေးကြေးမုံရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးနေပြီး ဒေသခံပြည်သူအများအပြား ဖမ်းဆီးခံထားရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ မုံရွေးကြေးမုံကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးနေပြီး ဒေသခံပြည်သူများလည်း ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့မနက်ပိုင်းက စစ်ကောင်စီတပ်ဟာ မုံရွေးကြေးမုံကျေးရွာကို ဝင်ရောက်စီးနင်းပြီး ဒေသခံပြည်သူအများအပြားကိုဖမ်း​ဆီးခဲ့ကာ နေအိမ်တစ်လုံးကိုပါ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ဒီနေ့မနက်ပိုင်းမှာလည်း အဲဒီ ကျေးရွာရှိ နေအိမ်တွေကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ခုနစ်လုံးထက်မနည်း ပျက်စီးဆုံးရှုံးခဲ့ပြီး မွန်းလွဲပိုင်းမှာလည်း ထပ်မံမီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဟာ မုံရွာမြို့နယ်ရှိ လယ်ဇင်ရွာအဝင်လမ်းကိုလည်း ဘူဒိုဇာနဲ့ထိုးကော်ကာ ဖျက်ဆီးသွားပါတယ်။

မုံရွေးကြေးမုံရွာ မီးရှို့ဖျက်ဆီးခံနေရသည်ကို မြင်တွေ့ရစဥ်။ ဓာတ်ပုံ-မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေး၊ မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေး
မုံရွေးကြေးမုံရွာ မီးရှို့ဖျက်ဆီးခံနေရသည်ကို မြင်တွေ့ရစဥ်။ ဓာတ်ပုံ-မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေး၊ မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေး

▪︎စစ်အုပ်စုတပ်စွဲရာ ရွှေဘိုနယ် ပလိုင်းရွာအုပ်ကြီးရုံးကို ဖောက်ခွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတပ်စွဲရာ ပလိုင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင်းကို မိုင်းထောင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦးအပါအဝင် အများအပြားထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ SNAKE EYES PDF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ ရွှေဘိုမြို့နယ် အနောက်တောင်ဘက်ခြမ်းရှိ ပျူစောထီးကြီးစိုးရာ ရွာတစ်ရွာဖြစ်သော ပလိုင်းကျေးရွာရှိ အုပ်ချုပ်ရေးမှူးရုံးအတွင်းရှိ ပျူနဲ့ စစ်ကောင်စီတပ်များကို မိုင်းနဲ့ တိုက်ခိုက်ခဲ့တာပါ။ နောက်ပြီး ပလိုင်းကျေးရွာက ထွက်လာတဲ့ ပျူနဲ့ စစ်ကောင်စီတပ် တွေကို ကန်သာကျေးရွာ တံတားထိပ်အရောက်မှာ မိုင်းနဲ့ ထပ်မံတိုက်ခိုက်ရာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလို မိုင်းနဲ့ နှစ်ကြိမ်တိုက်ခိုက်မှုမှာ စစ်ကောင်စီခန့် ကန်သာရွာ အုပ်ချုပ်ရေးမှူးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးလည်း ဒဏ်ရာရရှိသွားတယ်လို့ SNAKE EYES PDF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

(စစ်ဆင်ရေးတစ်ခုတွင် တွေ့ရသည့် SNAKE EYES PDF တပ်ဖွဲ့ဝင်အချို့၊ ဓာတ်ပုံ - SNAKE EYES PDF)
(စစ်ဆင်ရေးတစ်ခုတွင် တွေ့ရသည့် SNAKE EYES PDF တပ်ဖွဲ့ဝင်အချို့၊ ဓာတ်ပုံ – SNAKE EYES PDF)

▪︎နိုင်ငံတဝန်းဆန္ဒပြပွဲတွေ

ဒီနေ့ကျရောက်တဲ့ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် CDM ဆရာ၊ ဆရာမများ၊ ကျောင်းသားလူငယ်များ၊ ဒေသခံပြည်သူများ ပူးပေါင်းကာစစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုကို မကွေးတိုင်း မြိုင်မြို့နယ်၊ စစ်ကိုင်းတိုင်း ယင်းမာပင်အပါအဝင် နေရာအနှံ့အပြားမှာ ပြုလုပ်ခဲ့ပါတယ်။

ကမ္ဘာ့ဆရာများ​နေ့အထိမ်းအမှတ် စစ်အာဏာရှင်ကို ​တော်လှန်​နေ​​သောဆရာ၊ဆရာမများကိုဂုဏ်ပြု၍ ယ​နေ့ ဆန္ဒထုတ်​ဖော်​နေကြစဥ် ။ ဓာတ်ပုံ - Ayyarwady CJ
ကမ္ဘာ့ဆရာများ​နေ့အထိမ်းအမှတ် စစ်အာဏာရှင်ကို ​တော်လှန်​နေ​​သောဆရာ၊ဆရာမများကိုဂုဏ်ပြု၍ ယ​နေ့ ဆန္ဒထုတ်​ဖော်​နေကြစဥ် ။ ဓာတ်ပုံ – Ayyarwady CJ

မြိုင်မြို့နယ် ဗကသ ရဲဘော်များ၊ ဗမာနိုင်ငံလုံး ဆိုင်ရာ လူငယ်ကဗျာဆရာများ သမဂ္ဂ (ဗလကသ)၊ မြိုင်မြို့နယ်အခြေခံပညာ အထွေထွေ သပိတ်ကော်မတီ (BEGSC-MYAING)၊ မြိုင်မြို့နယ် ပညာရေးဘုတ် အဖွဲ့နဲ့ ဒေသခံ ပြည်သူလူထုတွေက “စစ်ပုလ္လင်ကို ရိုက်ချိုးမယ့် တော်လှန်မျိုးဟေ့ ဒို့ဆရာ”၊ “ကြောက်ခေတ်ကို မှောက်ပစ် ပုန်ကန်ခေတ်ရဲ့ ဆရာစစ်”၊ “တောင်တန်းမြေပြန့် ညီညွတ်ကြ” စာသားများကိုင်ဆောင် ချီတက်ခဲ့ကြတာပါ။

ကမ္ဘာ့ဆရာများ​နေ့အထိမ်းအမှတ် စစ်အာဏာရှင်ကို ​တော်လှန်​နေ​​သောဆရာ၊ဆရာမများကိုဂုဏ်ပြု၍ ယ​နေ့ ဆန္ဒထုတ်​ဖော်​နေကြစဥ် ။ ဓာတ်ပုံ - Ayyarwady CJ
ကမ္ဘာ့ဆရာများ​နေ့အထိမ်းအမှတ် စစ်အာဏာရှင်ကို ​တော်လှန်​နေ​​သောဆရာ၊ဆရာမများကိုဂုဏ်ပြု၍ ယ​နေ့ ဆန္ဒထုတ်​ဖော်​နေကြစဥ် ။ ဓာတ်ပုံ – Ayyarwady CJ

ယင်းမာပင်ဒေသရှိ ပြည်သူများကလည် ကျောင်းသားလူငယ်တွေနဲ့အတူ အင်္ကျီအဖြူများ ဝတ်ဆင်ကာ စစ်အာဏာရှင် အလိုမရှိကြောင်း စက်ဘီးတွေနဲ့ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ကမ္ဘာ့ဆရာများ​နေ့အထိမ်းအမှတ် စစ်အာဏာရှင်ကို ​တော်လှန်​နေ​​သောဆရာ၊ဆရာမများကိုဂုဏ်ပြု၍ ယ​နေ့ ဆန္ဒထုတ်​ဖော်​နေကြစဥ် ။ ဓာတ်ပုံ - Ayyarwady CJ
ကမ္ဘာ့ဆရာများ​နေ့အထိမ်းအမှတ် စစ်အာဏာရှင်ကို ​တော်လှန်​နေ​​သောဆရာ၊ဆရာမများကိုဂုဏ်ပြု၍ ယ​နေ့ ဆန္ဒထုတ်​ဖော်​နေကြစဥ် ။ ဓာတ်ပုံ – Ayyarwady CJ

မုံရွာ – ကလေးဝလမ်းပိုင်းမှာ ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစု ရဲဘော်တွေက “ဒီမိုကရေစီ လိုချင်ရင် ကုန်စျေးနှုန်း မတက်နဲ့” ၊ “ပြည်သူတွေ အသက်လုပြေးနေရတဲ့ နိုင်ငံမှာ အမြတ်လုတင်နေကြတဲ့ အမြတ်ကြီးစားတွေ လိပ်ပြာလုံပါစေ” စတဲ့ စာတန်းတွေ ချိတ်ဆွဲကာ ဆန္ဒပြခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ