Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (အောက်တိုဘာ ၆ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️NUGအစိုးရ လုပ်နိုင်စွမ်းကို နိုင်ငံတကာက အသိအမှတ်ပြုမှုများရှိလာဟု ဝန်ကြီးချုပ်ပြော

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ လုပ်နိုင်စွမ်းကို နိုင်ငံတကာက သိရှိကာ အသိအမှတ်ပြုမှုတွေရှိလာတယ်လို့ ၀န်ကြီးချုပ်မန်းဝင်းခိုင်သန်းက ဒီနေ့ပြောပါတယ်။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေးမှာ NUG ပြည်ထောင်စု၀န်ကြီးချုပ်က အစိုးရအဖွဲ့ဝင်တွေရဲ့ စွမ်းဆောင်ချက်များက တော်လှန်ရေးအပေါ် တိုက်ရိုက်အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်စေတာကြောင့် တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြဖို့ လိုအပ်တယ်လို့ တိုက်တွန်းခဲ့ပါတယ်။ ဗဟိုကော်မတီရဲ့ ကနဦး တာဝန်ပေးအပ်မှုအပိုင်းမှာ အလျင်စလို ဆောင်ရွက်ခဲ့မှုတွေကြောင့် မူဝါဒပိုင်းဆိုင်ရာ အခက်အခဲများ ဖြစ်ပေါ်လာပြီး အထူးသဖြင့် ပအဖ၊ပကဖ၊ပလဖ များအကြား ပွတ်တိုက်မှုတွေဟာ မြို့နယ်တိုင်းမှာ ပုံစံမျိုးစုံနဲ့ ဖြစ်ပေါ်လာနေတယ်လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။ ဒါကြောင့် သက်ဆိုင်တဲ့ဝန်ကြီးဌာနတွေအနေနဲ့ အဲဒီပွတ်တိုက်မှုတွေကို အလျင်အမြန် ဖြေရှင်းဆောင်ရွက်ပေးမှသာ ပဋိပက္ခများနည်းပါးလာမယ်လို့ ဝန်ကြီးချုပ်က သတိပေးပါတယ်။ စစ်ကောင်စီဟာ သူတို့ နယ်မြေထိန်းချုပ်လာနိုင်မှု လျော့နည်းလာတာနဲ့အမျှ ကြွက်မနိုင် ကျီမီးရှို့တဲ့ လုပ်ရပ်တွေကို ပြောင်ပြောင်တင်းတင်း ပြုလုပ်လာမှုကြောင့် အပြစ်မဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်များစွာ ဆုံးရှုံးမှု ဖြစ်ပေါ်နေတယ်လို့ NUG ဝန်ကြီးချုပ်က ထည့်သွင်းပြောဆိုပါတယ်။

(NUG အစိုးရအား ​ထောက်ခံ​ကြောင်း မြင်းခြံမြို့ခံအချို့က ဧရာဝတီမြစ်တစ်​နေရာတွင် ဆန္ဒပြ​နေသည်ကို ၂၀၂၁​မေလ ၇ရက်က ​တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(NUG အစိုးရအား ​ထောက်ခံ​ကြောင်း မြင်းခြံမြို့ခံအချို့က ဧရာဝတီမြစ်တစ်​နေရာတွင် ဆန္ဒပြ​နေသည်ကို ၂၀၂၁​မေလ ၇ရက်က ​တွေ့ရစဥ်၊ ဓာတ်ပုံ – CJ)

▪️စစ်အာဏာရှင်ကို ပူးပေါင်းတော်လှန်မယ်လို့ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (၁)နှစ်ပြည့်မှာ မွန်တပ် MSDF-S သဝဏ်လွှာပို့

ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့(TPLF)ရဲ့ (၁)နှစ်ပြည့်အထိမ်းမှတ်နေ့သို့ မွန်ပြည်ကာကွယ်ရေးတပ် – တောင်ပိုင်း(MSDF-S)က သဝဏ်လွှာပေးပို့ခဲ့ရာ စစ်အာဏာရှင်စနစ်ကို လက်တွဲပူးပေါင်းတော်လှန်မယ်လို့ ဖော်ပြပါတယ်။ စစ်တပ် အာဏာသိမ်းပြီးနောက် ပြည်သူ့ခုခံစစ်နွေဦးတော်လှန်ရေးနဲ့အတူ ပေါ်ပေါက်လာတဲ့ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ရဲ့ ဒီနေ့ကျရောက်တဲ့(၁)နှစ်ပြည့်အထိမ်းမှတ်နေ့မှာ တနင်္သာရီအမျိုးသားများပြည်နယ်အတွင်းရှိ လူငယ်တွေနဲ့ ပြည်သူတွေရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးတော်လှန်ရေးအောင်မြင်ပါစေကြောင်း MSDF-S က ဆုမွန်ကောင်းတောင်းပါတယ်။ တိုင်းရင်းသားလူမျိုးတွေရဲ့ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို ငြင်းဆိုခဲ့တဲ့ စစ်တပ်အုပ်ချုပ်ရေးနဲ့ စစ်အာဏာအဆက်ဆက်ကြောင့် ဒီမိုကရေစီအခွင့်ရေးနဲ့ လူ့အခွင့်ရေးတို့ဟာ ဆိတ်သုဉ်းသွားပြီဖြစ်ကြောင်း၊ စစ်အာဏာရှင်စနစ်နဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရှိနေသမျှကာလပတ်လုံး တိုင်းရင်းသားလူမျိုးတွေဟာ စစ်ကျွန်စနစ်အောက်တွင် ဆက်လက်ဖိနှိပ်ခြင်းခံနေရမှာဖြစ်ကြောင်း MSDF-S က ဆိုပါတယ်။ အဲဒါကြောင့် စစ်အာဏာရှင်စနစ်ကို တော်လှန်တိုက်ပွဲဝင်ပြီး အမျိုးသားလွတ်မြောက်ရေးနဲ့ မြန်မာပြည်သူတွေရဲ့ လွတ်မြောက်ရေးအတွက် တော်လှန်တိုက်ပွဲဝင်ခြင်းဟာ မြင့်မြတ်သောလုပ်ရပ်ဖြစ်ကြောင်းလည်း သဝဏ်လွှာမှာ ဖော်ပြပါတယ်။

▪️Puma စွမ်းအင်ကုမ္ပဏီ မြန်မာပြည်မှ ထွက်ခွာကြောင်း ကြေညာ

Puma စွမ်းအင်ကုမ္ပဏီဟာ Puma Energy Asia Sun(PEAS) နဲ့ National Energy Puma Avation Services(NEPAS) တို့ရှိ အစုရှယ်ယာတွေကို ရောင်းချကာ မြန်မာပြည်မှထွက်ခွာကြောင်း မနေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ Justice For Myanmar ရဲ့ ဖော်ပြချက်အရ NEPAS ဟာ မြန်မာစစ်ကောင်စီထိန်းချုပ်ထားတဲ့ မြန်မာ့ရေနံထွက်ကုန်လုပ်ငန်း(MPPE)နဲ့အကျိုးတူပူးပေါင်းထားပြီး MPPE ဟာ မြန်မာစစ်တပ်အတွက် လေယာဥ်ဆီ တင်သွင်းဖြန့်ဖြူးပေးနေပါတယ်။ မြန်မာပြည်မှ Puma ထွက်ခွာကြောင်းထုတ်ပြန်ချက်ဟာ လေယာဥ်ဆီ ပိတ်ဆို့ရေး အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ တောင်းဆိုလှုပ်ရှားမှုနဲ့ တရားဝင်အစိုးရ NUG ရဲ့ ဖိအားပေးမှုတွေကြားမှာ ထွက်ပေါ်လာခဲ့တာပါ။ စစ်ရာဇ၀တ်မှုတွေနဲ့ လူသားမျိုးနွယ်ကို ဆန့်ကျင်သော ရာဇ၀တ်မှုတွေ ကျူးလွန်တဲ့ စစ်ကောင်စီရဲ့ မဆင်ခြင်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို အထောက်အပံ့ဖြစ်စေနိုင်တဲ့ လေယာဥ်ဆီရရှိရေး တားမြစ်ခြင်းအပါအဝင် Puma အနေနဲ့ စစ်အုပ်စုနဲ့ ညှိနှိုင်းဆောင်ရွက်ခြင်းမပြုဖို့ JFM က တောင်းဆိုပါတယ်။ နောက်ပြီး Puma ရဲ့ အခုထွက်ခွာမှုမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်ရမယ်လို့ JFM က တိုက်တွန်းထားပါတယ်။

Public Service Announcement

Public Service Announcement

▪️ဂျပန်နိုင်ငံသားမှတ်တမ်းရုပ်ရှင်ရိုက်ကူးသူကို စစ်ကောင်စီ စစ်ခုံရုံး ထောင် ၁၀ နှစ်ချ

ဆန္ဒပြပွဲမှာ ဖမ်းခံလိုက်ရတဲ့ ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူ အသက် ၂၆ နှစ်အရွယ် တိုရုကူဘိုတာကို စစ်ကောင်စီ စစ်ခုံရုံးက ထောင်ဒဏ် ၁၀ နှစ်ချလိုက်တယ်လို့ ဂျပန်သတင်းဌာနတွေက ဖော်ပြပါတယ်။ ဆူပူအောင်လှုံ့ဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့ထောင်ဒဏ် ၃နှစ် ၊ အီလက်ထရောနစ်ဆက်သွယ်ရေး ပုဒ်မ နဲ့ ထောင်ဒဏ် ၇ နှစ်ချလိုက်တာပါ။ တိုရုကူဘိုတာဟာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း တောင်ဒဂုံမြို့နယ်က ဆန္ဒပြပွဲကို မှတ်တမ်းတင်နေချိန် ဖမ်းခံလိုက်ရတာပါ။ သူ့ကို ပြန်လွှတ်ပေးဖို့ ဂျပန်အစိုးရက စစ်ကောင်စီကိုတောင်းဆိုထားတာရှိပါတယ်။ စစ်ကောင်စီဘက်ကတော့ တိုရုကူဘိုတာဟာ တိုးရစ်ဗီဇာနဲ့ ဝင်လာပြီး ဆန္ဒပြမှုမှာပါဝင်လို့ဖမ်းဆီးတာဖြစ်ကြောင်း ဆိုထားပါတယ်။ တိုရုကူဘိုတာကို ဗီဇာစည်းကမ်းချိုးဖောက်မှု လဝက ဥပဒေနဲ့လည်း စစ်ကောင်စီက တရားစွဲထားတာရှိပါသေးတယ်။ တိုရုကူဘိုတာကို ပြန်လွှတ်ပေးဖို့ ဂျပန်အစိုးရရဲ့တောင်းဆိုမှုအပေါ် အမှုပြီးပြတ်မှ လုပ်ဆောင်သင့်တာ ဆက်လုပ်မယ်လို့ စစ်ကောင်စီက တုံ့ပြန်ထားပါတယ်။

ဂျပန်နိုင်ငံသားမှတ်တမ်းရုပ်ရှင်ရိုက်ကူးသူကို စစ်ကောင်စီ စစ်ခုံရုံး ထောင် ၁၀ နှစ်ချ
ဂျပန်နိုင်ငံသားမှတ်တမ်းရုပ်ရှင်ရိုက်ကူးသူကို စစ်ကောင်စီ စစ်ခုံရုံး ထောင် ၁၀ နှစ်ချ

▪️ပြီးခဲ့တဲ့ တစ်လတာ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသေဆုံးသူထဲမှာ တပ်ရင်းမှူးနဲ့ ဒု-တပ်ရင်းမှူးအဆင့်ရှိသူတွေပါဝင်

ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၃)နယ်မြေမှာ စက်တင်ဘာလ တစ်လတာအတွင်း KNLA KNDO တပ်နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများကြောင့် သေဆုံး၊ ဒဏ်ရာရသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ကျော်မှာ တပ်ရင်းမှူးနဲ့ ဒု-တပ်ရင်းမှူးအဆင့်ရှိသူတွေပါဝင်တယ်လို့ KNU က သတင်းထုတ်ပြန်ပါတယ်။ ကေအဲန်ယူ-ခလယ်လွီခရိုင် တပ်မဟာ(၃)နယ်မြေအတွင်းမှာ စစ်ကောင်စီတပ်တွေက စစ်ဆင်ရေးလှုပ်ရှားမှုများနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများကို အမြဲတမ်းပြုလုပ်လျက်ရှိပြီး တပ်မဟာ(၃)လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၇)၊ တပ်ရင်း(၈)၊ တပ်ရင်း(၉)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO)တပ်ရင်း(၃)တို့နဲ့ နေ့စဉ် တိုက်ပွဲဖြစ်ပွားနေပါတယ်။ စက်တင် ဘာ ၇ မှ ၃၀ ရက်အထိ တိုက်ပွဲပေါင်း(၃၁)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်များဘက်မှ တပ်ရင်းမှူးတစ်ဦး၊ ဒုရင်းမှူးတစ်ဦး၊ ဗိုလ်ကြီးတစ်ဦး၊ ဒုဗိုလ်ကြီးတစ်ဦးအပါအဝင် စုစုပေါင်း(၅၄)ဦးသေဆုံးကာ (၇၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ ဒါ့အပြင် အတည်ပြုလို့ မရရှိသေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်သေဆုံးမှုစာရင်းများလည်း များစွာရှိနေသေးတယ်လို့ ဖော်ပြပါတယ်။

▪️KNU တပ်မဟာ(၆) နယ်မြေရှိ မဲ့ကသာဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်း စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်လို့ သံဃာတစ်ပါးဒဏ်ရာရခဲ့တယ်လို့ KNUက ထုတ်ပြန်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီလေတပ်ဟာ မှော်ဘီလေတပ်စခန်းမှ တိုက်လေယာဉ် သုံးစင်းနဲ့ ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်အတွင်းရှိ မဲ့ကသာဘုန်းကြီးကျောင်းဝင်းအတွင်းကို ဒီနေ့မနက်အစောပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုကြောင့် မဲ့ကသာဘုန်းကြီးကျောင်းမှာ မီးလောင်ပျက်စီးသွားခဲ့ရတယ်လို့ ဆိုပါတယ်။ အနီးပတ်ဝန်းကျင်မှာ နေထိုင်တဲ့ ပြည်သူလူထုများမှာလည်း ထိတ်လန့်ကြောက်ရွံ့ပြီး အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ထုတ်ပြန်ထားပါတယ်။

(စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ပြီးနောက် မြင်တွေ့ရစဥ်၊ ဓာတ်ပုံ - KNU)
(စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ပြီးနောက် မြင်တွေ့ရစဥ်၊ ဓာတ်ပုံ – KNU)

▪️ဟုမ္မလင်းမြို့နယ် ဒီချုပ်အမတ် မိသားစုလိုက် စစ်ကောင်စီ ဖမ်းဆီးသွား၊ အသက်ငါးနှစ်အရွယ် ကလေးငယ်တစ်ဦး ပါဝင်

ဟုမ္မလင်းမြို့နယ် ဒီချုပ်ပါတီမှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နဲ့ မိသားစုကို စစ်ကောင်စီက ဖမ်းဆီးသွားတာကြောင့် သူတို့ရဲ့ အသက်အန္တရာယ်အတွက် မြို့ခံတွေက စိတ်ပူနေကြပါတယ်။ ဟုမ္မလင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆွေဝင်းနဲ့ ဇနီး၊ သားသမီးသုံးဦးကို စစ်ကောင်စီတပ်က မနေ့ညပိုင်းက မုံရွာမြို့မှာ ဖမ်းဆီးသွားတာပါ။ အဲဒီမိသားစုလိုက် ဖမ်းဆီးခံရမှုမှာ အသက်ငါးနှစ်အရွယ် ကလေးတစ်ဦးပါဝင်တယ်လို့ မုံရွာမြို့ခံတစ်ဦးက ပြောပါတယ်။ ဦးကျော်ဝင်းဆွေသည် အသက် ၃၅နှစ်ခန့်ရှိပြီး ရှမ်းနီတိုင်းရင်းသားတစ်ဦးဖြစ်ပါတယ်။ သူ့ကို စစ်ကောင်စီက ပုဒ်မ – ၅၀၅ နဲ့ ဝရမ်းထုတ်ထားပြီး တိမ်းရှောင်နေစဥ် ဖမ်းဆီးခံရတာပါ။

(အမတ်ဦးကျော်ဝင်းဆွေအား တွေ့ရစဉ်)
(အမတ်ဦးကျော်ဝင်းဆွေအား တွေ့ရစဉ်)

▪️ရွှေဘို – ရေဦးလမ်းပိုင်း စစ်ကောင်စီတပ် လမ်းပိတ်ထားလို့ ကားအစီးရေ ၁၀၀ကျော် ရက်တစ်ပတ်ကြာ ပိတ်မိနေ

စစ်ကိုင်းတိုင်း ရွှေဘို – ရေဦးလမ်းပိုင်းမှာ စစ်ကောင်စီတပ်က လမ်းပိတ်ထားလို့ ခင်ဦးမြို့နယ်အတွင်း ကားအစီးရေ ၁၀၀ကျော်မှာ ရက်တစ်ပတ်ကြာ ပိတ်မိနေပြီး ခရီးသွားပြည်သူ ၃၀၀ ကျော် အခက်အခဲတွေ့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရေဦး -ညောင်ပင်ကြီးစု- ညောင်ပင်သာ -ရွှေဘို ကားလမ်းပေါ်ရှိ ရွှေဘိုမြို့နယ်၊ ညောင်ပင်သာ စိုက်ပျိုးရေးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေဟာ စက်တင်ဘာ ၃၀ ရက်ကတည်းက သဲအိတ်တွေနဲ့ လမ်းမကြီးကို ပိတ်ဆို့ထားတာလို့ သိရပါတယ်။

ခင်ဦးမြို့နယ်အတွင်း ပိတ်မိနေသော ယာဥ်များ၊ ဓာတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး
ခင်ဦးမြို့နယ်အတွင်း ပိတ်မိနေသော ယာဥ်များ၊ ဓာတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

ရေဦး- ရွှေဘို ကားများ ခင်ဦးမြို့နယ်အတွင်းပိတ်မိနေသည်မှာ တစ်ပတ်ရှိပြီဖြစ်ရာ ကုန်ကား၊ အိမ်စီးကား၊ ခရီးသွားလိုင်းကားအပါအဝင် ကားအစီးရေ ၁၂၇စီး၊ လူဦးရေ ၃၀၀ ကျော် ဒုက္ခရောက်နေတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ခံက ပြောပါတယ်။ ဒါ့အပြင် မနေ့က ခင်ဦးမြို့နယ်နဲ့ ရွှေဘိုကိုဆက်သွယ်ထားတဲ့ ရွှေဘို၊ ခင်ဦး မဟာနန္ဒာ ကန်တော်လမ်း(OMCမူးဘောင်)မှာ ကန်တော်မှ သီးကုန်းကျေးရွာအထိ လမ်းတစ်လျှောက် တွေ့ရှိတဲ့ ဆိုင်ကယ်အားလုံး အိမ်ရှေ့၊ဆိုင်ရှေ့ရပ်ထားတဲ့ ဆိုင်ကယ်ပါမကျန် အစီးရေ ၆၀ကျော်ကို တစ်တန်ခွဲကား သုံးစီးနဲ့ စစ်တပ်၊ ရဲနဲ့ ပျူစောထီးတွေက လာရောက်သိမ်းယူသွားခဲ့တယ်လို့ သိရပါတယ်။

ခင်ဦးမြို့နယ်အတွင်း ပိတ်မိနေသော ယာဥ်များ၊ ဓာတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး
ခင်ဦးမြို့နယ်အတွင်း ပိတ်မိနေသော ယာဥ်များ၊ ဓာတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

▪️မုံရွေးကြေးမုံမှာ စစ်ကောင်စီတပ်က နေအိမ် ၁၆လုံး မီးရှို့ဖျက်ဆီးပြီး ဒေသခံ ၁၂ ဦးကို ဖမ်းဆီးသွား

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် မုံရွေးကြေးမုံကျေးရွာမှာ စစ်ကောင်စီတပ်က နေအိမ် ၁၆လုံးကို မီးရှို့ဖျက်ဆီးပြီး ဒေသခံပြည်သူ ၁၂ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ မနေ့မနက်ပိုင်းကတည်းက မုံရွေးရွာ၊ ကမ္မရပ်ကွက်မှ ပြည်သူတစ်ဦးရဲ့နေအိမ်ကို စတင်မီးရှို့ခဲ့ပြီး နေအိမ်စုစုပေါင်း ၁၆လုံး မီးရှို့ဖျက်ဆီးခံရတယ်လို့ မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။ မနေ့ ညနေ ၃ ခွဲမှာ စစ်ကောင်စီစစ်ကြောင်းဟာ ဓားစာခံအဖြစ် ဒေသခံပြည်သူ ၁၂ဦးကို ဖမ်းဆီးခေါ်ဆောင်ကာ မုံရွေးကြေးမုံရွာကနေ ထွက်ခွာသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖမ်းဆီးခံရသူတွေဟာ ဒီနေ့ အထိ ပြန်လည်လွတ်မြောက်ခြင်းမရှိသေးဘဲ မိသားစုတွေက စိတ်ပူနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

(မုံရွေးကြေးမုံရွာအား စစ်တပ်က မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ- မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေး)
(မုံရွေးကြေးမုံရွာအား စစ်တပ်က မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ- မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေး)

ဆက်စပ်သတင်းများ