Connect with us

Hi, what are you looking for?

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (အောက်တိုဘာ ၇ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎မြန်မာ့နွေဦးတက္ကသိုလ်(MNOU)ကို NUG ဒီနေ့စတင်ဖွင့်လှစ်

စစ်အာဏာရှင်လက်အောက်မှာပညာသင်ယူမှု မပြုလုပ်လိုတဲ့ ကျောင်းသား၊ ကျောင်းသူ အားလုံးအတွက် ဖက်ဒရယ်ဒီမိုကရေစီပညာရေးကို ဦးတည်ဖော်ဆောင်မယ့် မြန်မာ့နွေဦးတက္ကသိုလ် Myanmar Nway-Oo University (MNOU) ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ဒီနေ့ စတင်ဖွင့်လှစ်လိုက်ပါတယ်။ MNOU ကို ပြည်သူပိုင် အွန်လိုင်းတက္ကသိုလ်အဖြစ် ဖွင့်လှစ်လိုက်ခြင်းဖြစ်ပြီး MNOU မှာ တက်ရောက်သင်ယူလိုတဲ့ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ Online Learning Platform ကနေ သင်တန်း အမျိုးအစား ၃ ခုအနက်မှ ကြိုက်နှစ်သက်ရာကို ရွေးချယ်သင်ယူနိုင်မှာဖြစ်ပါတယ်။ ဘွဲ့ကြို ၊ ဘွဲ့လွန် ပုံမှန်နေ့သင်တန်း နဲ့ အဝေးသင်သင်တန်းများမှ သင်ခန်းစာတွေပါရှိတဲ့ Formal Courses၊ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးထားသော/ အခြေခံပညာ ပြီးမြောက်ထားတဲ့ ကျောင်းသား၊ ကျောင်းသူများအတွက် ဘာသာရပ်မိတ်ဆက် သင်ခန်းစာတွေပါရှိတဲ့ Core Curriculum Courses နဲ့ လက်တွေ့အသုံးချ အသိပညာ၊ အတတ်ပညာရပ်ဆိုင်ရာ သင်တန်းများနှင့် တတ်ကျွမ်းနားလည်မှုများ ပိုမိုရရှိစေနိုင်တဲ့ စွမ်းရည်မြှင့်သင်တန်းတွေပါရှိတဲ့ Short Courses တို့ ၃ မျိုးထဲကနေ ရွေးချယ်သင်ယူ နိုင်မှာပါ။

မြန်မာ့နွေဦးတက္ကသိုလ်(MNOU)ကို ယနေ့ စတင်ဖွင့်လှစ်ကြောင်း NUG ကြေညာ
မြန်မာ့နွေဦးတက္ကသိုလ်(MNOU)ကို ယနေ့ စတင်ဖွင့်လှစ်ကြောင်း NUG ကြေညာ

▪︎စစ်တပ်ရဲ့ လက်နက်ပွဲစားသုံးဦး၊ ကုမ္ပဏီတစ်ခုနဲ့ ရဲချုပ်ဟောင်း သန်းလှိုင်တို့ကို အမေရိကန် အရေးယူပိတ်ဆို့

မြန်မာစစ်တပ်ရဲ့ လက်နက် ပွဲစားတွေဖြစ်တဲ့ အောင်မျိုးမြင့်၊ လှိုင်မိုးမြင့်၊ မျိုးသစ္စာ နဲ့ Dynasty International ကုမ္မဏီတို့ကို အရေးယူပိတ်ဆို့ကြောင်း အမေရိကန်က မနေ့က ထုတ်ပြန် ကြေညာပါတယ်။ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ နိုင်ငံရပ်ခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံးဟာ အဲဒီလူပုဂ္ဂိုလ် သုံးဦးနဲ့အတူ ကုမ္ပဏီတစ်ခုတို့ကို မြန်မာစစ်အာဏာရှင်အဖွဲ့အစည်းအတွက် ရုရှထုတ်စစ်လက်နက်များကို ဘီလာရုစ်မှတဆင့် ဝယ်ယူပေးရာမှာ ပါဝင်တဲ့အတွက် အရေးယူဆောင်ရွက်တာလို့ ဆိုပါတယ်။ အလားတူ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနဟာ ရဲချုပ်ဟောင်းနဲ့ ဒုတိယပြည်ထဲရေးဝန်ကြီးဟောင်း သန်းလှိုင်ကို ၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှုနောက်ပိုင်း ငြိမ်ချမ်းစွာဆန္ဒပြသူတွေကို ဥပဒေမဲ့သတ်ဖြတ်ခြင်းကဲ့သို့ ကြီးမားသော လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ပါဝင်ခဲ့တဲ့အတွက် အရေးယူသွားမယ်လို့ ကြေညာပါတယ်။

စစ်တပ်၏ လက်နက်ပွဲစားသုံးဦး၊ ကုမ္ပဏီတစ်ခုနှင့် ရဲချုပ်ဟောင်း သန်းလှိုင်တို့ကို အမေရိကန် အရေးယူပိတ်ဆို့
စစ်တပ်၏ လက်နက်ပွဲစားသုံးဦး၊ ကုမ္ပဏီတစ်ခုနှင့် ရဲချုပ်ဟောင်း သန်းလှိုင်တို့ကို အမေရိကန် အရေးယူပိတ်ဆို့

▪︎စစ်ကောင်စီနဲ့ ပြန်ပူးပေါင်းသွားတဲ့ ဗိုလ်မှူးမျိုးမင်းထွန်းကို ပြည်သူ့သစ္စာဖောက်အဖြစ် သတ်မှတ်

တော်လှန်ရေး ခံယူချက်၊ ယုံကြည်ချက်မရှိသူတွေ CDM မှာ မပါဝင်လာနိုင်ရေး စနစ်တကျ စိစစ်ဆောင်ရွက်မှာဖြစ်ပြီး တော်လှန်ရေး အောင်မြင်နိုင်မှုအတွက် CDM တပ်မတော်သား စစ်စစ်တွေ အနေနဲ့ ပိုမိုကြိုးစားဆောင်ရွက်သွားမယ်လို့ CDM တပ်မတော်သား အစုအဖွဲ့များက ပြည်သူလူထုကို အသိပေးထုတ်ပြန်လိုက်ပါတယ်။ ပြည်သူ့ရင်ခွင်၊ ပြည်သူ့ပန်းတိုင်၊ ပြည်သူ့သားကောင်းအဖွဲ့၊ People’s Soldiers Defense Force နဲ့ Breaking Brain Washed တို့က ပူးပေါင်းထုတ်ပြန်ခဲ့တာပါ။ ပြည်သူ့ဘက်ရပ်တည်လာခဲ့ပြီး စစ်ကောင်စီဘက်ကို ပြန်လည်ပူးပေါင်းသွားတဲ့ ဗိုလ်မှူးမျိုးမင်းထွန်းကို ပြည်သူ့သစ္စာဖောက်အဖြစ် သတ်မှတ်ကြောင်းလည်း ဖော်ပြပါတယ်။ နောက်ပြီး NUG နဲ့ ပူးပေါင်းကာ CDM ကြိုဆိုလက်ခံရေးနဲ့ ထောက်ပံ့ရေးကို ပြည်သူ့ ပံ့ပိုးမှုနဲ့ ပိုမိုလုပ်ဆောင်မယ်လို့ ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

▪︎ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားများ အလုပ်သမားအခွင့်အရေးအတွက် ဘန်ကောက်မြို့ UN ရုံးရှေ့ ချီတက်တောင်းဆို

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများအပါအဝင် ရာနဲ့ချီတဲ့ ထိုင်း၊ လာအိုနဲ့ ကမ္ဘောဒီးယားလုပ်သားများ စုပေါင်းကာ ဒီနေ့ မနက်ပိုင်းက ဘန်ကောက်မြို့ရှိ UN ရုံးရှေ့ကို ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီရွှေ့ပြောင်းလုပ်သားတွေဟာ ဒီနေ့ကျရောက်တဲ့ Decent Work Day နေ့မှာ သူတို့ရဲ့ အလုပ်သမားအခွင့်အရေးများအတွက် အချက်(၅)ချက်ကို စုပေါင်းတောင်းဆိုခဲ့ကြပါတယ်။ ထိုင်းအစိုးရအနေနဲ့ နိုင်ငံတကာအလုပ်သမားအဖွဲ့အစည်း(ILO)သဘောတူညီချက် ၈၇ နဲ့ ၉၈ အရ လွတ်လပ်စွာ အသင်းအဖွဲ့ထူထောင်ခွင့်နဲ့ အလုပ်သမားတွေရဲ့ စေ့စပ်ညှိနှိုင်းခွင့်ကို အကာအကွယ်ပေးရေး၊ တစ်နိုင်ငံလုံး အနည်းဆုံးအခကြေးငွေကို တစ်ရက်ကို အနည်းဆုံး ၇၂၃ ဘတ်အထိ အညီအမျှ တိုးပေးဖို့နဲ့ နေထိုင်ခွင့် အာမခံချက်ပေးရေး၊ အလုပ်သမားအားလုံး တန်းတူအကာအကွယ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

▪︎စက်တင်ဘာအတွင်း သထုံခရိုင်မှာ ထိတွေ့ပစ်ခတ် မှု ၄၀နီးပါးဖြစ်၊ စစ်ကောင်စီတပ် ၄၈ဦးသေဟု KNU ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် တပ်မဟာ(၁)နယ်မြေမှာ စက်တင်ဘာလအတွင်း ထိတွေ့ပစ်ခတ်မှု ၃၉ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က ၄၈ဦး သေဆုံးကာ ၄၁ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက မနေ့ညပိုင်းက သတင်းထုတ်ပြန်ပါတယ်။ နောက်ပြီး စစ်ကောင်စီတပ်မှ MA (၂) လက်၊ ကျည်ဘောက် (၈) ခု၊ ကျည်ဆံ (၃၉၀)တောင့်နဲ့ ခြောက်လုံးပြူးအတို (၁) လက်တို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) နဲ့ ပူးပေါင်းတပ်တွေက သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲများအတွင်း KNLA၊ KNDOနဲ့ မိတ်ဖက် တော်လှန်ရေးတပ်များဘက်မှ ၅ဦး ဒဏ်ရာရခဲ့ပြီး ကျဆုံးမှုမရှိဟု ဖော်ပြပါတယ်။ စက်တင်ဘာလအတွင်း ထိတွေ့ပစ်ခတ်မှုတွေမှာ စစ်ကောင်စီ စစ်ကား (၁၀) စီးပျက်စီးခဲ့ပြီး လက်နက်နဲ့ အလင်းဝင်ပူးပေါင်းလာသူ စစ်ကောင်စီ တပ်သား နှစ်ဦးရှိတယ်လို့ အသိပေးပါတယ်။

▪︎ကနီမှာ စစ်သင်္ဘောကို ပစ်ခတ်တိုက်ခိုက်ရာ ငါးဦးသေဟုဆို

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ စစ်ကောင်စီရဲ့ စစ်သင်္ဘောနဲ့ ရေယာဥ်တွေကို ဒေသတွင်း(ပကဖ)များ ပူးပေါင်းတိုက်ခိုက်ရာ သင်္ဘောပေါ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦး စနိုက်ပါကျည်ထိမှန်ပြီး ရေထဲထိုးကျသွားတယ်လို့ KLG PDF(ကျောက်လုံးကြီး) ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းက ချင်းတွင်းမြစ်ကြောင်းအတိုင်း အထက်ကို ဆန်တက်လာတဲ့ စစ်ကောင်စီရဲ့ စစ်သင်္ဘောအပါအဝင် ၁၃ စီးကို ကြောင်မျှော်တောင်အရောက်မှာ ဒေသခံပကဖတွေနဲ့ ပူးပေါင်းကာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီ၏ ရေယာဥ်တန်းအား တွေ့ရစဥ်၊ ဓာတ်ပုံ-KLG
စစ်ကောင်စီ၏ ရေယာဥ်တန်းအား တွေ့ရစဥ်၊ ဓာတ်ပုံ-KLG

▪︎ကင်းပတ်ထွက်လာတဲ့ ပျူအုပ်စုတိုက်ခိုက်ခံရပြီး နှစ်ဦးသေဆုံး

မကွေးတိုင်း၊မြိုင်မြို့နယ်ရှိ ပျူစောထီးအားကောင်းရာ ကန်နီကျေးရွာကနေ ကင်းပတ်ထွက်လာတဲ့ ပျူအုပ်စုကို မိုင်းဆွဲတိုက်ခိုက်ရာ နှစ်ဦးသေဆုံးခဲ့တယ်လို့ မြိုင်မြို့နယ်ကျေးရွာများ တော်လှန်ရေးတပ်ဦး MVRFအဖွဲ့ အတွင်းရေးမှူးက ပြောပါတယ်။ အောက်တိုဘာ ၃ ရက်က ပျူစောထီးအားကောင်းရာ ကန်နီရွာကနေ ကင်းပတ်ထွက်လာတဲ့ ပျူ ၁၀ဦးခန့်ကို ကန်နီရွာနဲ့မကျည်းလေးပင်ရွာအစပ်မှာ Myaing Villages Revolution Front( MVRF ) ရဲဘော်တွေက ရှေ့ထွက်မိုင်းတွေနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးပြီး ဒဏ်ရာရသူများလည်းရှိတယ်လို့ ဆိုပါတယ်။ ကန်နီရွာမှပျူတွေဟာ အိုးဘို၊ ကန်နက်၊ ကုန်းဘလူ အစရှိတဲ့ ကျေးရွာများအပါအဝင် မြိုင်နယ် အတွင်းရှိ ကျေးရွာများသို့ ဝင်ရောက်ကာ ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်မှုများ မကြာခဏ ပြုလုပ်လေ့ရှိပြီး ရေနံတင်ကားတွေကိုလည်း ​ငွေတောင်းလေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

▪︎စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေလို့ ကန့်ဘလူနယ်မှာ ဒေသခံပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇော်ချောင်းကျေးရွာကို မီးရှို့ခဲ့တဲ့ စစ်ကောင်စီတပ်ဟာ စစ်ကြောင်း ဆက်ထိုးနေတာကြောင့် ပြည်သူအများအပြား ထပ်မံတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေ့မနက်ပိုင်းက သင်တောကျေးရွာမှ စစ်ကောင်စီတပ်တွေဟာ အရှေ့မြောက်ဘက်ရှိ အောက်တဲရွာဘက်ကို ဦးတည်ထွက်ခွာလာခဲ့ပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ ၊ဓာတ်ပုံ-ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့
ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ ၊ဓာတ်ပုံ-ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာ​တာကြောင့် တိမ်းရှောင်နေကြတဲ့ သင်တောနဲ့ ဇော်ချောင်းရွာမှ စစ်ဘေးရှောင်ပြည်သူအချို့ဟာ ဘေးလွတ်ရာကို ထပ်မံထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။ လက်ရှိမှာ စစ်ကောင်စီတပ်ရန်ကြောင့် ထွက်ပြေးတိမ်းရှောင်ပြည်သူ ၇,၅၀၀ ခန့်ရှိပြီး ကန့်ဘလူခရိုင်တစ်ခုလုံး စစ်ရှောင် ၃သောင်းနီးပါးခန့်ရှိတယ်လို့ သိရပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ ၊ဓာတ်ပုံ-ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့
ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ ၊ဓာတ်ပုံ-ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့

▪︎ပြည်သူအများအပြား လိုက်ပါပို့ဆောင်ခဲ့တဲ့ အရာတော်(ပကဖ)ရဲဘော်နှစ်ဦးရဲ့ စျာပန

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ စစ်ကောင်စီတ​ပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်းခံခဲ့ရတဲ့ အရာတော် (ပကဖ)တပ်ဖွဲ့ဝင် ရဲဘော်နှစ်ဦးရဲ့ စျာပနာကို ဒေသခံပြည်သူအများအပြားက လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။ မနေ့က အရာဝောာ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲ့ တပ်ဖွဲ့မှူးတစ်ဦးဖြစ်တဲ့ ဗိုလ်လောင်ချာနဲ့ တပ်ဖွဲ့ဝင် ရဲဘော်ဝင်းဇော်တို့ရဲ့ စျာပနကို ပြုလုပ်ခဲ့ပြီး ပကဖအဖွဲ့ဝင်ရဲဘော်များအပြင် ပြည်သူများကလည်း လိုက်ပါပို့ဆောင်ခဲ့ကြတာပါ။ ကျဆုံးခဲ့တဲ့ ဗိုလ်လောင်ချာနဲ့ ရဲဘော်ဝင်းဇော်တို့ဟာ နယ်မြေခံမဟာမိတ်တပ်ဖွဲ့များ ထိုးစစ်ဆင်ခံရတဲ့ နေ့က အကူအညီပေးဖို့ စစ်ရေးကင်းထောက်လမ်းကြောင်းတစ်ခုသွားရင်း စစ်ကောင်စီကင်းပုန်းတွေရဲ့ ပိတ်ဆို့ဖမ်းဆီးခြင်းခံခဲ့ရပြီး စစ်ကောင်စီတပ်ဖွဲ့တွေက နှိပ်စက်သတ်ဖြတ်သွားခဲ့တာ ဖြစ်တယ်လို့ အရာတော်ပကဖအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဆက်စပ်သတင်းများ