Connect with us

Hi, what are you looking for?

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (အောက်တိုဘာ ၈ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎စစ်တပ်ကျူးလွန်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို အရေးယူဖို့ ကုလလုံခြုံရေးကောင်စီကို မြန်မာသံအမတ်ကြီး တိုက်တွန်း

ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ စစ်တပ်မှ ပြည်သူလူထုအပေါ် ကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ရပ်တန့်ပြီး တရားမျှတရေး လုပ်ငန်းစဉ်ကို စတင်ဖော်ဆောင်ရမယ်လို့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုတိုက်တွန်းပါတယ်။

ဦး​ကျော်မိုးထွန်း ​ပြောကြား​နေစဥ်။ဓါတ်ပုံ-Kyaw Moe TunFB
ဦး​ကျော်မိုးထွန်း ​ပြောကြား​နေစဥ်။ဓါတ်ပုံ-Kyaw Moe TunFB

မြန်မာ့ အခက်အခဲကို ဒေသတွင်းနဲ့ နိုင်ငံတကာအဆင့် အထူးသဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ လက်တွဲညီညီပူးပေါင်းဆောင်ရွက်ကာ ဖြေရှင်းဖို့လိုအပ်ပြီး အာဆီယံနဲ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုက်အဝန်းက မြန်မာပြည်သူတွေနဲ့အတူ ခိုင်မာစွာရပ်တည်ပေးဖို့ မြန်မာသံအမတ်ကြီးမနေ့ကကျင်းပတဲ့ ကုလအထွေထွေညီလာခံ၊ ဆဌမကော်မတီကို တောင်းဆိုပါတယ်။ တရားမဝင်စစ်တပ်ရဲ့ အာဏာရှင်စနစ်ကို အပြီးသတ် ချုပ်ငြိမ်းခြင်းနဲ့သာ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှု ပြန်လည်တည်ဆောက်နိုင်ဖို့ စတင်နိုင်မှာ ဖြစ်တယ်လို့လည်း သံအမတ်ကြီးက နိုင်ငံတကာအသိုင်းအဝန်းကို အသိပေးပါတယ်။

ဦး​ကျော်မိုးထွန်း ​ပြောကြား​နေစဥ်။ဓါတ်ပုံ-Kyaw Moe TunFB
ဦး​ကျော်မိုးထွန်း ​ပြောကြား​နေစဥ်။ဓါတ်ပုံ-Kyaw Moe TunFB

▪︎စစ်ကိုင်းတိုင်း ​မြို့နယ်လေးခုမှာ တစ်လအတွင်း CDM လုပ်လာသူ ၄၀၀ ခန့်ရှိ

စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီလက်​အောက် တာဝန်ထမ်း​နေ​​တဲ့ ဝန်ထမ်းတွေကို အလင်းဝင်ဖို့ သက်ဆိုင်ရာမြို့နယ်အလိုက် စက်တင်ဘာလဒုတိယပတ်က နောက်ဆုံးသတိပေးကြေညာချက်များ ထုတ်ပြန်ခဲ့ရာ ထီးချိုင့်၊ ပင်လယ်ဘူး၊ ဝန်းသိုနဲ့ ကသာမြို့နယ်များရှိ Non-CDM ဝန်ထမ်း ၄၀၀ ခန့် CDM ပြုလုပ်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အစိုးရဝန်ထမ်းများ CDMပြုလုပ်ရန် ဆန္ဒထုတ်​ဖော်ခဲ့စဥ်။ ဓါတ်ပုံ- AFP
အစိုးရဝန်ထမ်းများ CDMပြုလုပ်ရန် ဆန္ဒထုတ်​ဖော်ခဲ့စဥ်။ ဓါတ်ပုံ- AFP

ဝန်းသိုမြို့နယ်မှာ ပညာရေး ဝန်ထမ်း ၁၄၀ အပါအဝင် ဌာန ရှစ်ခုမှ ဝန်ထမ်း ၁၆၁ ဦး CDM ပြုလုပ်လာပြီး ကသာမြို့နယ်မှာလည်း ပညာရေး၊ ကျန်းမာရေး၊ ထွေအုပ် တို့မှ Non-CDM ဝန်ထမ်း ၄၅ဦး CDM ပြုလုပ်လာပါတယ်။ ပင်လည်ဘူးမြို့နယ်မှာ ဝန်ထမ်း ၇၄ ဦး CDM ပြုလုပ်လာခဲ့ပြီး ထီးချိုင့်မြို့နယ်မှာလည်း ၀န်ထမ်း ၁၀၀ ကျော် CDM ဝင်လာတယ်လို့ သိရပါတယ်။

အစိုးရဝန်ထမ်းများ CDMပြုလုပ်ရန် ဆန္ဒထုတ်​ဖော်ခဲ့စဥ်။ ဓါတ်ပုံ- AFP
အစိုးရဝန်ထမ်းများ CDMပြုလုပ်ရန် ဆန္ဒထုတ်​ဖော်ခဲ့စဥ်။ ဓါတ်ပုံ- AFP

▪︎CDM သူနာပြုဆရာမတစ်ဦး ထိုင်းရဲဖမ်းဆီးလို့ ထွက်​ပြေးစဥ်​ရေနစ်​သေဆုံး

ကရင်ပြည်နယ်မှ CDM သူနာပြုဆရာမတစ်ဦးဟာ ထိုင်းနိုင်ငံကို နယ်စပ်ဖြတ်ကျော်ပြီး အောက်လမ်းကနေ သွားရောက်စဉ် ထိုင်းရဲတပ်ဖွဲ့ရဲ့ လိုက်လံဖမ်းဆီးမှုကြောင့် ချောင်းအတွင်း ခုန်ချကာ​ရေကူး​ထွက်​ပြေးစဥ်​ရေနစ်​သေဆုံးခဲ့​ကြောင်းသူ့ရဲ့မိတ်​ဆွေ​အချို့က​ပြောပါတယ်။သူငယ်ချင်းတွေက အနောလို့ ချစ်စနိုးခေါ်ကြတဲ့ CDM သူနာပြုဆရာမ မသိင်္ဂီဟာ အောက်တိုဘာ ၇ ရက်က ထိုင်းနိုင်ငံမှာ အဆုံးစီရင်သွားခဲ့တာလို့ ဘားအံမြို့ခံတစ်ဦးက ပြောပါတယ်။ ဆရာမသိင်္ဂီနဲ့ သူမရဲ့ အမျိုးသားတို့ဟာ ထိုင်းရဲတပ်ဖွဲ့က လိုက်ဖမ်းလို့ နှစ်ဦးစလုံးထွက်ပြေးစဥ် ဆရာမသိင်္ဂီက ချောင်းအတွင်းခုန်ချခဲ့ပြီး ​ရေးကူးတိမ်း​ရှောင်ဖို့ကြိုးစားရင် ​ရေနစ်ကွယ်လွန်ခဲ့တာလို့ သူ့မိတ်​ဆွေတစ်ဦးက​ပြောပါတယ်။ CDM သူနာပြုဆရာမ မသိင်္ဂီဟာ ကွယ်လွန်ချိန်မှာ အသက် ၂၅ နှစ်ခန့်သာရှိသေးပြီး ဇာတိမြေမှာ ကလေးငယ်တစ်ဦးလည်း ကျန်ရစ်ခဲ့ပါတယ်။

ထိုင်းရဲလိုက်ဖမ်း၍​ချောင်းအတွင်းခုန်ချရင်း​ရေကူးစဥ်ရေနစ်ကွယ်လွန်ခဲ့​သောသူနာပြုဆရာမ​။
ထိုင်းရဲလိုက်ဖမ်း၍​ချောင်းအတွင်းခုန်ချရင်း​ရေကူးစဥ်ရေနစ်ကွယ်လွန်ခဲ့​သောသူနာပြုဆရာမ​။

▪︎လေကြောင်းရန်ကာကွယ်ရေးပစ္စည်းပိုင်ဆိုင်ထားပြီး ပစ်ချမယ်လို့ NUG ဝန်ကြီးပြော

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ကာကွယ်ဖို့ နေရာတိုင်းမှာ ပစ္စည်းမရှိပေမယ့် အချို့နေရာတွေမှာ ပစ္စည်းရှိပြီး ရှိတဲ့နေရာနဲ့တိုးပါက ပစ်ချမယ်လို့ NUG ဝန်ကြီး ဦးထင်လင်းအောင်က မနေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ NUG မှာ လေကြောင်းရန်ကာကွယ်ရေးပစ္စည်းပိုင်ဆိုင်ထားတာကို ပထမဆုံးအကြိမ် လူသိရှင်ကြားကြေညာခဲ့ တာလည်းဖြစ်ပါတယ်။ ပြည်သူလူထုကို လေကြောင်းကနေ ဒုက္ခပေး၊ သတ်ဖြတ်နေသူတွေရဲ့ မှတ်တမ်းများကို ရယူစုဆောင်းနေပြီး အဲဒီကျူးလွန်သူတွေဟာ နောင်တချိန်မှာ အရေးယူအပြစ်ပေးခံရမယ်လို့ ဝန်ကြီးဦးထင်လင်းအောင်က သတိပေးပါတယ်။

▪︎မြန်မာသတင်းသမားများအတွက် စိုးရိမ်ပူပန်ကြောင်း ကုလပြော

မြန်မာသတင်းသမားများအတွက် စိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက မနေ့က ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က ယူနက်စကိုရဲ့ စာရင်းပြုစုချက်အရ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ အနည်းဆုံး သတင်းသမား ၁၇၀ ဖမ်းဆီးခံခဲ့ရပြီး အမျိုးသမီး ၁၂ ဦးအပါအဝင် ၇၀ နီးပါးမှာ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်တယ်လို့ ကုလပြောခွင့်ရပုဂ္ဂိုလ် Stephane Dujarric က ဆိုပါတယ်။ တရားမဝင်စစ်အာဏာသိမ်းမှုအပြီး မီဒီယာများကိုဖိနှိပ်မှု၊ သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း၊ ထိန်းသိမ်းခြင်း၊ ရာဇဝတ်မှုတပ်ခြင်း၊ အကျဥ်းချခြင်း နဲ့ သတင်းဌာနရုံးခန်းများကို စီးနင်းခြင်း စတဲ့ ဖြစ်ရပ်ပေါင်း ၂၀၀ ကျော်ကို ယူနက်စကိုက မှတ်တမ်းတင်ထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အမျိုးသမီး ၇ ဦးအပါအ၀င် သတင်းသမား ၄၄ ဦးဟာ ဒေသဆိုင်ရာ တရားရုံးတွေရဲ့ ရာဇ၀တ်မှုတွေနဲ့ တရားစွဲဆို ထောင်ချခံထားရတယ်လို့ ကုလပြောခွင့်ပုဂ္ဂိုလ်က ပြောပါတယ်။

ဆန္ဒပြပြည်သူများနှင့် သတင်းသမားများကိုစစ်​ကောင်စီတပ်ကအကြမ်းဖက်ဖြိုခွဲ၍ ထွက်​ပြေးရင်းဓါတ်ပုံရိုက်​နေ​သောသတင်း​ထောက်တစ်ဦး ။ဓါတ်ပုံ-ရိုက်တာ
ဆန္ဒပြပြည်သူများနှင့် သတင်းသမားများကိုစစ်​ကောင်စီတပ်ကအကြမ်းဖက်ဖြိုခွဲ၍ ထွက်​ပြေးရင်းဓါတ်ပုံရိုက်​နေ​သောသတင်း​ထောက်တစ်ဦး ။ဓါတ်ပုံ-ရိုက်တာ

▪︎နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေး (၆)လအတွင်း မစ်ရှင် ၂၀၀ကျော် ဆောင်ရွက်ထား

နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေးအဖြစ် (၆)လ အတွင်း မစ်ရှင်ပေါင်း ၂၀၀ကျော် ဆောင်ရွက်ထားရာ ရန်သူ့တပ်သားနဲ့ သူတို့ရဲ့ထောက်တိုင် ၂၂၇ဦး သေဆုံးပြီး ၂၀၀ကျော် ဒဏ်ရာရထားတယ်လို့ တောင်ပိုင်းတိုင်း စစ်ဒေသခွဲ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

နန်းထိုက်​အောင်စစ်ဆင်​ရေးအဖြစ်ရန်ကုန်မြို့ သမိုင်းလမ်းဆုံရှိစစ်​ကောင်စီဘန်ကာကိုတိုက်ခိုက်​ပြီး​နောက်​တွေ့ရစဥ်။ ဓါတ်ပုံ-Khit Thit Media
နန်းထိုက်​အောင်စစ်ဆင်​ရေးအဖြစ်ရန်ကုန်မြို့ သမိုင်းလမ်းဆုံရှိစစ်​ကောင်စီဘန်ကာကိုတိုက်ခိုက်​ပြီး​နောက်​တွေ့ရစဥ်။ ဓါတ်ပုံ-Khit Thit Media

စစ်ဆင်ရေးကာလ ၆လအတွင်း စစ်ရေးပစ်မှတ် (၁၇၃) ကြိမ်၊ အုပ်ချုပ်ရေးပစ်မှတ် (၃၆) ကြိမ်၊ စီးပွားရေးပစ် မှတ် ၈ ကြိမ် ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ စစ်ဆင်ရေးတွေကို NUG ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းတိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့၊ စစ်ဆင်ရေးဌာနရဲ့ ကြီးကြပ်စီမံမှုနဲ့ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်း စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့တွေက ဦးဆောင်ကာ PDF၊ ပကဖ၊ STF ၊ SOF ၊ မြို့ပြပြောက်ကျားအဖွဲ့များနဲ့ UG အဖွဲ့များက တော်လှန်တိုက်ခိုက်ခဲ့ကြတာပါ။

နန်းထိုက်​အောင်စစ်ဆင်​ရေးအဖြစ်ရန်ကုန်တွင်စစ်​ကောင်စီပစ်မှတ်ကိုတိုက်ခိုက်​နေစဥ်။
နန်းထိုက်​အောင်စစ်ဆင်​ရေးအဖြစ်ရန်ကုန်တွင်စစ်​ကောင်စီပစ်မှတ်ကိုတိုက်ခိုက်​နေစဥ်။

▪︎စစ်‌တပ်ရဲ့ ခိုးရာပါ ပစ္စည်းတွေကို ကော်ဘရာစစ်ကြောင်းတွေ့ရှိ

ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၆)နယ်မြေအတွင်း စစ်ကောင်စီတပ်က ဒေသခံတွေရဲ့ ဥစ္စာပစ္စည်းတွေကို ဖောက်ထွင်းခိုးယူ လုယက်ထားကြောင်း စိစစ်တွေ့ရှိရတယ်လို့ ကော်ဘရာစစ်ကြောင်းက မနေ့က ထုတ်ပြန်ပါတယ်။

ပြည်သူများ၏လက်ဝတ်ရတနာများလုယက်လာ​သောစစ်သား၏ဖုန်းအတွင်းမှ ၎င်း၏ပုံ။ ဓါတ်ပုံ-Cobra Column
ပြည်သူများ၏လက်ဝတ်ရတနာများလုယက်လာ​သောစစ်သား၏ဖုန်းအတွင်းမှ ၎င်း၏ပုံ။ ဓါတ်ပုံ-Cobra Column

မနေ့ကတိုက်ပွဲမှာ စစ်ကောင်စီတပ်တွေဘက်က သုံးဦးသေဆုံးခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ နှစ်ဘက်ထိတွေ့ တိုက်ပွဲအပြီး စစ်ကောင်စီတပ်ဖွဲ့တွေ ဆုတ်ခွာထွက်ပြေးခဲ့ကြရာ ခြင်းကျားတစ်လုံးနဲ့ အသုံးအဆောင်ပစ္စည်းများ ကျန်ရှိခဲ့ပါတယ်။

စစ်​ကောင်စီတပ်က ပြည်သူများ၏လက်ဝတ်ရတနာများ လုယက်လာသည်ကို ထွက်​ပြေးရင်းကျန်ခဲ့​သောခြင်းကျားတစ်လုံးအတွင်းမှ သက်​သေများနှင့်တစ်ကွ​တွေ့ရစဥ်။ဓါတ်ပုံ-Cobra Column
စစ်​ကောင်စီတပ်က ပြည်သူများ၏လက်ဝတ်ရတနာများ လုယက်လာသည်ကို ထွက်​ပြေးရင်းကျန်ခဲ့​သောခြင်းကျားတစ်လုံးအတွင်းမှ သက်​သေများနှင့်တစ်ကွ​တွေ့ရစဥ်။ဓါတ်ပုံ-Cobra Column

အဲဒီခြင်းကျာကို စစ်ဆေးကြည့်ရာ RPG ကျည်တစ်တောင့်နဲ့ ယမ်းတောင့် တစ်တောင့်၊ စားအိုးစားခွက်များ၊ ဖုန်းတစ်လုံး၊ အချိုရည်များ၊ အသုံးအဆောင်ပစ္စည်းများ၊ ကျေးရွာအတွင်းရှိ ပြည်သူလူထုထံမှ ခိုးယူ၊ လုယက်ထားတဲ့ ခိုးရာပါပစ္စည်းများကို တွေ့ရှိခဲ့တာပါ။ သိမ်းဆည်းရမိတဲ့ စစ်ကောင်စီတပ်သားဖုန်းထံမှ သူ့ရဲ့ဓါတ်ပုံကို တွေ့ရှိရလို့ ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

စစ်​ကောင်စီတပ်က ပြည်သူများ၏လက်ဝတ်ရတနာများ လုယက်လာသည်ကို စစ်သားထွက်​ပြေးရင်းကျန်ခဲ့​သောခြင်းကျားအတွင်းမှ သက်​သေများနှင့်တစ်ကွ​တွေ့ရစဥ်။ဓါတ်ပုံ-Cobra Column
စစ်​ကောင်စီတပ်က ပြည်သူများ၏လက်ဝတ်ရတနာများ လုယက်လာသည်ကို စစ်သားထွက်​ပြေးရင်းကျန်ခဲ့​သောခြင်းကျားအတွင်းမှ သက်​သေများနှင့်တစ်ကွ​တွေ့ရစဥ်။ဓါတ်ပုံ-Cobra Column

▪︎ရခိုင်နဲ့ ပလက်၀မှာ အခုလ ပထမပတ်အတွင်း တိုက်ပွဲ ၂၀ကျော်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ် ၄၀ ဦးသေဟု AA ထုတ်ပြန်၊ AA ရဲဘော်အချို့လည်း ထိခိုက်ကျဆုံးမှုရှိ

ရက္ခိုင့်တပ်တော်(AA)နဲ့ စစ်ကောင်စီတပ်တို့ အောက်တိုဘာ ပထမပတ်အတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများရှိခဲ့တယ်လို့ AAက မနေ့က ထုတ်ပြန်ပါတယ်။ အောက်တိုဘာ ပထမပတ်အတွင်း တိုက်ပွဲကြီး ၁၀ကြိမ်အထက်နဲ့ တိုက်ပွဲငယ် ၁၀ကြိမ်အထက် ရှိခဲ့ပြီး ရန်သူ့ဘက်မှ ၄၀ဦး သေဆုံးကာ ၂၅ဦး ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြပါတယ်။ AA ရဲဘော်အချို့လည်း ကျဆုံးဒဏ်ရာရခဲ့တယ်လို့ အသိပေးပါတယ်။ စစ်ကောင်စီတပ်ဟာ ရက္ခိုင်ပြည်မြို့နယ်တွေနဲ့ ပလက်ဝစစ်မျက်နှာမှာ အထိနာခဲ့ပြီး AA ဟာ စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ဟာ ဒေသခံပြည်သူတွေ ကိုပစ်မှတ်ထားပြီး လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူများ သေဆုံးထိခိုက်မှုရှိခဲ့ပါတယ်။

​အောက်တိုဘာ ၃ ရက်တိုက်ပွဲတွင်စစ်​ကောင်စီတပ်ထံမှ AAသိမ်းဆည်းရရှိခဲ့​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-AA
​အောက်တိုဘာ ၃ ရက်တိုက်ပွဲတွင်စစ်​ကောင်စီတပ်ထံမှ AAသိမ်းဆည်းရရှိခဲ့​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-AA

▪︎ကန့်ဘလူနယ် ဇော်ချောင်းရွာ လေးကြိမ်မြောက် မီးရှို့ဖျက်ဆီးခံရ၊ တစ်ရွာလုံး အိမ်ခြေအနည်းငယ်သာကျန်တော့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ဇော်ချောင်းကျေးရွာကို စစ်ကောင်စီတပ်က လေးကြိမ်မြောက် မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၄၂လုံး မီးလောင်ပျက်ဆီးဆုံးရှုံးခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။ အောက်တိုဘာ ၆ ရက်က ကန့်ဘလူမြို့နယ် မြောက်ခြမ်းရှိ ဇော်ချောင်းရွာကို စစ်ကောင်စီရဲ့ ခမရ(၃၆၃)က ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ပြီး နေအိမ် ၄၂လုံး မီးလောင်ခဲ့ပြီး အရင်အကြိမ်တွေအပါအဝင် စုစုပေါင်း ၁၃၉ လုံး ပျက်စီးဆုံးရှုံးခဲ့တာပါ။ မီးရထားဘူတာနဲ့ အနီးတဝိုက်ရှိ နေအိမ်အနည်းငယ်ကျန်ရှိပြီး ကျန်လူနေအိမ်အားလုံးနီး ပါး မီးရှို့ခံရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဇော်ချောင်းရွာအပါအဝင် ကန့်ဘလူမြို့နယ် မြောက်ခြမ်းရှိရွာတွေဟာ စစ်ကြောင်းဆက်တိုက်ဝင်ရောက် ဖျက်ဆီးခံရတာကြောင့် ထွက်ပြေးနေရတဲ့ ပြည်သူအရေအတွက် တစ်နေ့တခြားပိုမိုများပြားလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

▪︎စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေလို့ မြောင်ဒေသခံများ ထွက်​​ပြေးတိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း မြောင်မြို့နယ် ညောင်ကားရားကျေးရွာကို စစ်ကောင်စီတပ်က ဝိုင်းထားပြီး စစ်ကြောင်းထိုးနေတာကြောင့် ​ဒေသခံများ ထွက်​​ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ ရွာကို အရှေ့၊ မြောက်၊ တောင် အရပ် ၃ မျက်နှာကနေ ဝိုင်းလိုက်ပြီး ပြည်သူတွေအတွက် စိတ်ပူစရာဖြစ်တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ညောင်ကားရားရွာကို ဧရာဝတီမြစ်ကြောင်းမှ တစ်ဆင့် ဒီနေ့မနက်ပိုင်းမှာ ဝင်ရောက်လာ​ခြင်းဖြစ်ပြီး ဒေသခံလူဦးရေ တစ်ထောင်ကျော်ဟာ အနီးပတ်ဝန်းကျင်ကျေးရွာတွေဆီ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ