▪︎နယူးယောက်မြို့ နွေဦးတော်လှန်ရေး ရန်ပုံငွေဈေးရောင်းပွဲကနေ ဒေါ်လာ သုံးသောင်းကျော်ရှာဖွေ
အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ပြည်ပရောက်မြန်မာများ(NYCBC)အဖွဲ့က ဦးဆောင်ပြီး နွေဦးတော်လှန်ရေး ရန်ပုံငွေဈေးရောင်းပွဲ မနေ့က ပြုလုပ်ခဲ့ပါတယ်။ ဈေးရောင်းပွဲမှာ မြန်မာအစားအသောက်မျိုးစုံ ၊မြန်မာအဝတ်အထည်မျိုးစုံနဲ့ မြန်မာ့လက်မှုအနုပညာအမျိုးမျိုးတို့ ရောင်းချခဲ့ကြပြီး ရန်ပုံငွေရှာဖွေခဲ့ကြတာပါ။ ဈေးရောင်းပွဲသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း အပါအဝင် နယူးယောက်ရှိ မြန်မာပြည်ဖွားတိုင်းရင်းသားများ လာရောက်ကာ ဆင်နွှဲခဲ့ကြတယ်လို့ NYCBC က ဖော်ပြပါတယ်။ အဲဒီ ရန်ပုံငွေရှာဖွေရေး ဈေးရောင်းပွဲကနေ အမေရိကန်ဒေါ်လာ သုံးသောင်းကျော် ရှာဖွေရရှိခဲ့တယ်လို့ NYCBCက ထုတ်ပြန်သည်။


▪︎KNU နယ်မြေ စစ်တင်ဘာအတွင်း တိုက်ပွဲ ၃၀၀ ကျော်ဖြစ်ပြီး စစ်ကောင်စီတပ် ၃၆၀ ဦးသေဟု ထုတ်ပြန်
ကရင်အမျိုးသားအစည်းအရုံး(KNU) ကော်သူးလေအုပ်ချုပ်နယ်မြေမှာ စက်တင်ဘာလအတွင်းက တိုက်ပွဲ ၃၃၃ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၃၆၀ ဦး သေဆုံးကာ ၂၆၄ ဦး ဒဏ်ရာရခဲ့တယ်လို့ KNU ဗဟိုက မနေ့က ထုတ်ပြန်ပါတယ်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO)နဲ့ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ်(BGF)တို့ အကြား တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေခဲ့တာပါ။ စက်တင်ဘာလ တိုက်ပွဲတွေမှာ KNLA/KNDO တပ်ဖွဲ့မှ ၇ ဦးကျဆုံးခဲ့ပြီး ဒဏ်ရာရသူ ၃၇ဦး ရှိတယ်လို့ အသိပေးထားပါတယ်။ စစ်ကောင်စီတပ်မှ လေယာဉ်နဲ့ ဗုံးကြဲခြင်း၊ ပြည်သူလူထုတွေ နေထိုင်ရာကို လက်နက်ကြီးတွေနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ခြင်း တို့ကြောင့် ဒေသခံပြည်သူ ၆ ဦးအသက်ဆုံးရှုံးကာ ၁၁ဦး ဒဏ်ရာရခဲ့တယ်လို့လည်း ထုတ်ပြန်ပါတယ်။

▪︎ရေးမြို့တံတားကြီးဂိတ်ကို ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားသုံးဦးထိခိုက်ဟုဆို
မွန်ပြည်နယ် ရေးမြို့တံတားကြီးစစ်ဆေးရေးဂိတ်ကို (၄၀) မမနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မွန်အခြေပြု တော်လှန်ရေးအဖွဲ့အစည်း(MSRO) က ပြောပါတယ်။

Public Service Announcement
ဒီနေ့ မနက်ပိုင်းက ရေးမြို့အဝင် တံတားကြီးစစ်ဆေးရေးဂိတ်ကို (၄၀)မမဗုံးသီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်မှ သုံးဦးထိခိုက်ကာ နှစ်ဦးမှာဒဏ်ရာပြင်းထန်တယ်လို့ MSRO က ဆိုပါတယ်။ တော်လှန်သီတင်းကျွတ်အနေနဲ့ စစ်ကောင်စီတံတားကြီးဂိတ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ MSRO မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
▪︎’နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် တနသ်ာရီမှာ စစ်ယာဥ်တန်းကို တော်လှန်ရေးအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်
‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် ပြည်ကြီးမဏ္ဍိုင်ဘက်ကနေ ဘုတ်ပြင်းမြို့ကိုလာတဲ့ စစ်ယာဥ်တန်းကို တော်လှန်ရေးအဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကော့သောင်းခရိုင်တပ်ရင်း (၁)က ထုတ်ပြန်ပါတယ်။ မနေ့ နေ့လယ်က ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ဝါးချောင်းကျေးရွာအနီး တပ်ရင်း (၁) စစ်ကြောင်းနဲ့ ဘုတ်ပြင်းမြို့နယ် ပကဖအဖွဲ့တို့ ပူးပေါင်းပြီး ပြည်ကြီးမဏ္ဍိုင်မြို့ဘက်ကနေ ဘုတ်ပြင်းမြို့ဘက် ထွက်လာတဲ့ စစ်တပ်ထောက်ပို့ ကားခုနစ်စီးကို ကြားဖြတ်တိုက်ခိုက်ခဲဲ့တာလို့ ဆိုပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ စစ်ယာဥ်တန်း နောက်ဆုံးမှ လိုက်ပါလာတဲ့ ယာဉ်တစ်စီးမှာ နောက်လှည့်ပြန်ပြေးသွားပြီး ကျန်ခြောက်စီးမှာ ယာဉ်ပေါ်မှ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ကာ ဘုတ်ပြင်းမြို့ရှိ စကခ (၁၃)ဘက် မောင်းပြေးသွားခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
▪︎ယင်းမာပင်မှာ စစ်ကောင်စီတပ်ကို တစ်ရက်တည်း ခြောက်ကြိမ်ထက်မနည်းတိုက်ခိုက်
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ ဘန့်ဘွေးရွာမနဲ့ အောင်ဇေယျကုန်းကို ကူးနေတဲ့ စစ်ကောင်စီတပ်ကို တစ်ရက်တည်း ခြောက်ကြိမ်ထက်မနည်းတိုက်ခိုက်ရာ အများအပြားထိခိုက်ပြီး စစ်ကားတစ်စီးလည်း ချောက်ထဲထိုးကျသွားတယ်လို့ ဒေသတွင်းကာကွယ်ရေးအဖွဲ့တွေက ထုတ်ပြန်ပါတယ်။ အောက်တိုဘာလ ၇ ရက် မနက်ပိုင်းက ဘန့်ဘွေးရွာမမှ ထွက်လာတဲ့ စစ်ကောင်စီတပ်၊ ရဲနဲ့ ပျူစောထီးတွေကို ပဒေသာမိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အထိအခိုက်များနိုင်တယ်လို့ Yinmarbin Local People’s Defence Force က ဆိုပါတယ်။ မိုင်းထိစစ်ကောင်စီတပ်ဟာ အဲဒီနေရာကနေ ကျေးရွာတွေဘက်သို့ (၄၀)မမ၊(၆၀)မမ တွေနဲ့ အကြိမ်ရေ ၅၀ ခန့်ထုပြီး ရမ်းသမ်းပစ်ခက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
▪︎စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားတဲ့ ဂန့်ဂေါပြည်သူတွေရဲ့ နေအိမ်တွေကို ပြည်သူ့ကာကွယ်ရေးရဲဘော်များ ပြန်ဆောက်ပေးနေ
မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားတဲ့ ဒေသခံတွေရဲ့ နေအိမ်တွေကို ဒေသတွင်းပြည်သူ့ကာကွယ်ရေးရဲဘော်တွေက ပြန်လည်ဆောက်လုပ်ပေးနေပါတယ်။ ရဲဘော်တွေ အားလုံး ဝိုင်းကူကာ နေစရာမရှိတော့တဲ့ ပြည်သူတွေကို နေလို့ရရုံ အိမ်လေးတွေ ဆောက်ပေးနေတယ်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊တပ်မဟာ(၇)မှ ရဲဘော်တစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ် ဖျက်ဆီးခဲ့တဲ့ ဂန့်ဂေါမြို့နယ်ရှိ ကျေးရွာအချို့မှ နေအိမ်တွေကို ပြည်သူ့ကာကွယ်ရေးရဲဘော်များက ဒီ သီတင်းကျွတ်ကာလအတွင်း လိုက်လံပြင်ဆင်တည်ဆောက်ပေးနေတာ ဖြစ်ပါတယ်။

▪︎မုံရွာ- မန္တလေးလမ်းပိုင်း မုံရွာခရိုင် PDF စစ်ဆင်ရေးပြင်ဆင်နေစဥ် ပျူအဖွဲ့နဲ့ တိုးပြီး တိုက်ပွဲဖြစ်
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ စစ်ဆင်ရေးပြင်ဆင်နေစဥ် ပျူစောထီးအဖွဲ့နဲ့တိုးပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(Chindwin Attack Force)ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

မနေ့ညပိုင်းက မန္တလေး-မုံရွာလမ်းပိုင်းပေါ် မိုင်းသွားတပ်ဆင်နေချိန် တောပုရွာမှ ပျူစောထီးတွေနဲ့ ထိတွေ့မှုဖြစ်ပြီး အပြန်အလှန် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲချိန်အတွင်း ပျူတွေကို မိုင်းဆွဲတိုက်ခိုက်မှု၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပျူအဖွဲ့ဘက်က ထိခိုက်သေဆုံးမှုရှိနိုင်ပေမယ့် အတိအကျမသိရသေးဘူးလို့ Chindwin Attack Force ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ PDF တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ ဘေးကင်းရာသို့ရောက်ရှိပြီလို့ အသိပေးပါတယ်။

▪︎နိုင်ငံတဝန်းဆန္ဒပြပွဲတွေ
ရန်ကုန်မြို့ ရွှေတိဂုံဘုရားရင်ပြင်တော်ပေါ်တွင် တော်လှန်လူငယ်များက “အရေးတော်ပုံ အောင်ရမည်“ စာသားပါ ဘန်နာကိုင်ဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင့်ရေး လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။ အဲဒီလူထုလှုပ်ရှားမှုကို Yangon Revolution Force – YRF ရဲ့ Soft Strike Community မှ လူငယ်ရဲဘော်များ လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ပြီး ရွှေတိဂုံဘုရားရင်ပြင် ၊ မုခ်ဦးနဲ့ ဂိတ်ဝတွေမှာ စစ်ကောင်စီဝင်များ အင်အားတိုးချဲ့နေတဲ့ ကြားမှ အရဲစွန့် ကြိုးပမ်းခဲ့တာလို့ YRF အဖွဲ့က ပြောပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်နဲ့ ဆားလင်းကြီးရွာပေါင်းစုံသပိတ်ကော်မတီနဲ့ ဒေသခံ ပြည်သူတွေက “ဓမ္မကိုပူဇော် အဓမ္မကို လောင်ကျွမ်း”၊ “ပြည်သူသာအမိ ပြည်သူသာအဖ ပြည်သူကိုသာ အလေးမြတ်ပြုကြ” စာသားကိုင်ဆွဲကာ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။
နောက်ပြီး ယင်းမာပင် မြောက်ခြမ်းရှိ ရွှေနွယ်သွေး ဆန္ဒပြ ပြည်သူတွေကလည်း “Accept NUG and Our Ambassador, Reject Dictator”၊ “UN , Prove your existence for justice” စာသားတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။


















































