စစ်ကိုင်းတိုင်းအတွင်းရှိဒေသ၊နေရာနှင့်အဆောက်အအုံစုစုပေါင်း ၃၀ကို ကြားကာလအမွေအနှစ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၊ အမွေအနှစ်ဆိုင်ရာ ကြားကာလ စီမံအုပ်ချုပ်မှု ဗဟိုအဖွဲ့က အောက်တိုဘာ ၁၃ ရက်တွင် ကြေညာသည်။

ကြားကာလစီမံအုပ်ချုပ်မှုဗဟိုအဖွဲ့နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အစည်းများ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ရှေးဟောင်းအမွေအနှစ်၊ယဥ်ကျေးမှုအမွေအနှစ် ၊သဘာဝအမွေအနှစ်၊စက်မှုအမွေအနှစ် စုစုပေါင် ၃၀ကို သတ်မှတ်ခဲ့ပြီး စစ်ရေးမပြုရန်အပါအဝင် တားမြစ်ချက် ၅ခုကိုလည်း အမွေအနှစ်ဆိုင်ရာ ကြားကာလ စီမံအုပ်ချုပ်မှု ဗဟိုအဖွဲ့က ထုတ်ပြန်လိုက်သည်။
ထိုအမွေအနှစ် နေရာများကို စစ်ရေးအပါအဝင်မပြုရမည့် တားမြစ်ချက် ၅ချက်တွင် ကုန်ကြောင်း၊ရေကြောင်း၊ လေကြောင်းတို့မှ စစ်ရေးပြုလုပ်ခြင်း၊ စစ်ရေးပြုလုပ်ရန် စစ်စခန်းနေရာချထားခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ခြင်း၊ မီးတင်ရှို့ခြင်းနှင့် ဖျက်ဆီးခြင်းစသည့်တိုပြုလုပ်ခြင်း၊ ခိုးယူခြင်း၊ ရောင်းချခြင်း၊ ကုန်သွယ်ခြင်းနှင့် ပြုပြင်ခြင်း၊ ပြင်ဆင်မွမ်းမံခြင်း၊ ပုံစံပြောင်းခြင်းစသည့် မူလအနေအထားပျက်စီးရန်ကြံဆောင်ခြင်းတို့ကို ဆောင်ရွက်ခြင်းမပြုရဟုသတ်မှတ်ထားသည်။

စစ်ကိုင်းတိုင်းအတွင်းရှိကြားကာလအမွေအနှစ်စာရင်းများတွင် ဟန်လင်းပျူမြို့ဟောင်း၊ ကလေးမြို့ဟောင်း ၊ အမြင့်မြို့ဟောင်း၊ အနိမ့်မြို့ဟောင်း၊ စစ်ကိုင်းမြို့ဟောင်း။ ရွှေဘိုမြို့ဟောင်းနှင့် နန်းတော် စသည့်တို့ပါဝင်သည်။

Public Service Announcement
ထိုအပြင် မင်းကွန်းခေါင်းလောင်းကြီး၊ ခြင်္သေ့ကြီးများ၊ မင်းကွန်းပုထိုးတော်ကြီး၊ ရာဇမဏီစူဠာကောင်းမှုတော်ဘုရား၊ ဝက်မစွပ်ကျောင်းတိုက်ကြီး၊ မင်းကျောင်း(ရွှေစကားဘုရား) ကံရုပ်စုံကျောင်း၊ စစ်ကိုင်းရုပ်စုံကျောင်း၊ ရွှေဘတောင်၊ ဖိုဝင်းတောင်၊ စစ်ကိုင်းခံတပ်၊ အစေခံတပ်၊ စသည့်တို့လည်းပါဝင်သည်။

အဆိုပါ တားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်ပါက ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးဥပဒေ၊ ရှေးဟောင်း အဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေတို့အပြင် အကြမ်းဖက်တိုက်ချက်ရေးဥပဒေတို့ဖြင့် အရေးယူသွားမည်ဟုဖော်ပြထားသည်။
“NUGအနေနဲ့ အဲ့လိုထုတ်ပြန်လိုက်တာဟာ အမွေအနှစ်များမပျက်စီးစေရန် ထိန်းသိမ်းဖို့အတွက် ကောင်းပါတယ်။ ကျွန်တော်တို့အတွက်တော့ အဲ့လိုနေရာတွေမှာ မလွဲသာမရှောင်သာ စစ်ရေးကြုံခဲ့ရင်တော့ အခက်အကြပ်ဖြစ်စေမှာပေါ့။ စကစအနေနဲ့ကတော့ ဘယ်လိုနေရာဘယ်လိုအခြေနေမျိုးမှာမဆို ဘာမှမစဉ်းစားဘဲ တိုက်ခိုက်မှာပဲဗျ။ NUGအနေနဲ့အမွေနှစ်တွေမပျက်စီးစေရန် ထိန်းသိမ်းတာကောင်းပါတယ်ဗျ။ ကျွန်တော်တို့အနေနဲ့ကတော့ NUGက ချမှတ်ထားတဲ့အတိုင်း အဲ့လိုနေရာတွေမှာ စစ်ရေးမဖော်ဆောင်ဖြစ်အောင် ရှောင်နိုင်အောင်တော့ရှောင်ရမှာပေါ့။”ဟု အမွေအနှစ်စာရင်းဝင် နေရာများစွာရှိသောရွှေဘိုခရိုင်မှ ရွှေဘိုခရိုင်အခြေစိုက် ဗိုလ်ကျားရိုင်း-ရွှေဘို LPDFအဖွဲ့ ပြန်ကြားရေးတာဝန်ခံကပြောသည်။

စစ်ကောင်စီကို အမြစ်ဖြတ်ရန်အတွက် ယခုတစ်နှစ်အတွင်းမှာပင် NUG နှင့်တော်လှန်ရေးမဟာမိတ်အဖွဲ့များကအဆုံးအဖြတ်တိုက်ခိုက်၍ အဆုံးသတ်တိုက်ပွဲတိုက်ခိုက်တော့မည်ဟု အသိပေးပြီး ၆ ရက်အကြာတွင် စစ်ကိုင်းတိုင်း၌ စစ်ရေးမဖော်ဆောင်ရမည့် ကြားကာလအမွေအနှစ်စာရင်း ၃၀ ကိုထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
