Connect with us

Hi, what are you looking for?

သတင်း

ညနေခင်းသတင်းလွှာ

ဒီနေ့ (အောက်တိုဘာ ၁၅ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎မင်္ဂလာဒုံလေတပ်စခန်းကို ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်မှု​ သေဆုံးထိခိုက်မှုများရှိ

စစ်​ကောင်စီတပ်ရဲ့ ​မင်္ဂလာဒုံလေတပ်ပြုပြင်ရေးစခန်း ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရတဲ့ ဖြစ်စဥ်မှာ စစ်ကောင်စီတပ်မှ သေဆုံးဒဏ်ရာရရှိသူများရှိတယ်လို့ ခိုင်မာတဲ့ သတင်းရင်းမြစ်တွေက အတည်ပြုပါတယ်။ မနေ့ညပိုင်းက မင်္ဂလာဒုံလေတပ်ပြုပြင်ရေးစခန်းအတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံးသုံးလုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတာပါ။ သုံးလုံးအနက် နှစ်လုံးက စခန်းထဲ ကျရောက်ခဲ့ပြီး တစ်လုံးက မအောင်မြင်ဘူးလို့ မြို့ပြတော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။ ခိုင်မာတဲ့ သတင်းရင်းမြစ်တစ်ဦးက စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးခန့်အထိရှိနိုင်တယ်လို့ ဆိုပါတယ်။ လေတပ်စခန်းဝန်းအတွင်းပေါက်ကွဲမှုဖြစ်စဥ်ကို စစ်ကောင်စီတပ်က သတင်းဖုံးအုပ်ထားပြီး အသံမိုင်းပေါက်ကွဲခြင်းလို့သာ စစ်ကောင်စီဝါဒဖြန့်သူများက ဖြန့်ဝေနေပါတယ်။

(​မင်္ဂလာဒုံလေတပ်စခန်းကိုGoogle Map မှ​တွေ့ရပုံ)
(​မင်္ဂလာဒုံလေတပ်စခန်းကိုGoogle Map မှ​တွေ့ရပုံ)

▪︎စစ်တပ်ရဲ့ နေ့စဥ်မပြတ် အပြစ်မဲ့ပြည်သူတွေအပေါ် ရက်စက်ပြုကျင့်မှုများကို ကုလညီလာခံမှာ မြန်မာသံအမတ်ကြီးပြော

စစ်တပ်အာဏာသိမ်းချိန်ကစလို့ ဒီနေ့အထိ အပြစ်မဲ့ပြည်သူတွေ ရက်စက်စွာသတ်ဖြတ်ခံရခြင်း၊ ဖမ်းဆီးချုပ်နှောင်ခံရခြင်း၊ ညှဉ်းပန်းနှိပ်စက်ခံရခြင်းနဲ့ ဥပဒေမဲ့တရား စီရင်ခံရခြင်း မခံရတဲ့နေ့ တစ်ရက်မျှမရှိဘူးလို့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂမှာ ပြောပါတယ်။ တရားမဝင်စစ်အာဏာသိမ်းမှုဖြစ်ပေါ်ခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကစလို့ စစ်တပ်ဟာ မြန်မာပြည်သူများအပေါ်မှာ လူသားမဆန် အလွန်ရက်စက် ကြမ်းကြုတ်တဲ့ ညှဉ်းပန်းနှိပ်စက်မှုများကို ကျယ်ပြန့်စွာနဲ့ စနစ်တကျဆောင်ရွက်နေပြီး ညှဉ်းပန်းနှိပ်စက်ခြင်း၊ လူသားမဆန် နှိမ့်ချသောဆက်ဆံခြင်းတို့ဟာ အပြစ်မဲ့ပြည်သူတွေက သူတို့ကို မဆန့်ကျင်နိုင်စေဖို့အတွက် စစ်တပ်က ရက်စက်စွာအသုံးပြုနေတဲ့ နည်းဗျူဟာများအနက် တစ်ခုအပါအဝင်ဖြစ်တယ်လို့ ညီလာခံသို့ အစီရင်ခံပါတယ်။

စစ်အာဏာသိမ်းချိန်မှ ယနေ့အထိ နေ့စဥ် အပြစ်မဲ့ပြည်သူများအပေါ် စစ်တပ်၏ ရက်စက်ပြုကျင့်မှုများကို ကုလညီလာခံ၌ မြန်မာသံအမတ်ကြီးပြော
စစ်အာဏာသိမ်းချိန်မှ ယနေ့အထိ နေ့စဥ် အပြစ်မဲ့ပြည်သူများအပေါ် စစ်တပ်၏ ရက်စက်ပြုကျင့်မှုများကို ကုလညီလာခံ၌ မြန်မာသံအမတ်ကြီးပြော

▪︎ချီဖွေရှိ ရှငေါ်တံတားလုံခြုံရေးဂိတ်ကို KIA တိုက်ခိုက်၊ စစ်ကောင်စီတပ် သုံးဦးသေဟု ဒေသခံပြော

ကချင်ပြည်နယ် ချီဖွေမြို့နယ်ရှိ ရှငေါ်တံတား လုံခြုံရေးဂိတ်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က ဒီနေ့မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး သေဆုံးခဲ့တယ်လို့ ကချင်ဒေသခံတစ်ဦးက ပြောပါတယ်။ ဒီနေ့မနက် ၇နာရီခန့်မှာ KIA တပ်မဟာ(၇) လက်အောက်ခံ တပ်ဖွဲ့ဝင်တွေက တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီဖြစ်စဥ်နဲ့ပတ်သက်လို့ KIA ပြောရေးဆိုခွင့်ရှိသူနဲ့ အဆက်အသွယ်မရသေးပေမယ့် စစ်ကောင်စီတပ်ဘက်က ၃ ဦးကျဆုံးတယ်ဆိုတာ သေချာတယ်လို့ ဒေသခံက ပြောပါတယ်။ ကချင်သတင်းဌာန Kachinwaves ရဲ့ ဖော်ပြချက်မှာ ရှငေါ်တံတားတိုက်ပွဲ စစ်ကောင်စီတပ်သား ၂ဦးသေ၊ တစ်ဦး ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

▪︎ဝက်လက်နယ်အရှေ့ခြမ်းမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီး၊ ဒေသခံများ ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်းမှာ စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ်ဖမ်းဆီးပြီး စစ်ကြောင်းထိုးနေလို့ ကျေးရွာအများအပြားရှိ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ လက်ရှိမှာ ကျေးရွာနှစ်ရွာကို မီးရှို့ဖျက်ဆီးထားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ အောက်တိုဘာ ၁၃ ရက်က ဝက်လက်မြို့နယ်အရှေ့ခြမ်း ထုံးကြီးရွာကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း မော်တော်နှစ်စီးနဲ့ စုန်ဆင်းလာပြီး ရှိမ်းမကားရဲစခန်းကို ဝင်ရောက်လာခဲ့ပါတယ်။ စက်တင်ဘာ ၁၄ ရက် မနက်ပိုင်းမှာတော့ အင်အား ၁၀၀ခန့်နဲ့ စစ်ကြောင်းထိုးလာရာ စစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများမှ ပြည်သူတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

ပိတောက်ချုံကျေးရွာမှ ပျက်စီးခဲ့သော နေအိမ်များ၊ဓာတ်ပုံ-Cj
ပိတောက်ချုံကျေးရွာမှ ပျက်စီးခဲ့သော နေအိမ်များ၊ဓာတ်ပုံ-Cj

ညနေပိုင်းမှာ ဆင်နင်းကျေးရွာနဲ့ ပိတောက်ချုံ ကျေးရွာကို ဝင်ရောက်လာပြီး မီးရှို့ဖျက်ဆီးခဲ့ရာ ပိတောက်ခြုံကျေးရွာရှိ နေအိမ် ငါးလုံးနဲ့ တောထဲ တဲတစ်လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေ့မနက်ပိုင်းမှာတော့ ပိတောက်ခြုံရွာမှ ထွက်ခွာသွားပြီး ရေချိုအိုင်၊ မင်းကုန်းရွာတွေဘက်ရောက်ရှိနေတယ်လို့ သိရပါတယ်။

▪︎မုံရွာမြို့ပေါ် စစ်ကားတစ်စီး လက်ပစ်ဗုံးပစ်သွင်းတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ယာဥ်တစ်စီးထဲကို လက်ပစ်ဗုံးပစ်သွင်း တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိတယ်လို့ မြန်မာ့တော်ဝင်နဂါးတပ်တော်တပ်ခွဲ(MRDA Monywa) ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ မနေ့ညနေပိုင်းက မုံရွာမြို့တောင်ဘက်အထွက် ဘိုးဘွားရိပ်သာနဲ့ စက်မှုဇုန်အနီး ​မြောက်ဘက်ကို ခေါင်းတည်ထားတဲ့ မိုးကာအုပ်စစ်ကားကြီးတစ်စီးကို လက်ပစ်ဗုံးတစ်လုံး ပစ်ထည့်ကာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးခန့်သေဆုံးနိုင်ပြီး အများအပြားဒဏ်ရာရရှိနိုင်တယ်လို့ MRDA Monywa ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

▪︎ချောင်းဦး – ပခုက္ကူလမ်းရှိ ရွာများကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ချောင်းဦး – ပခုက္ကူ လမ်းမဘေးရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့နေပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ ဒေသခံ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒီနေ့မနက်ပိုင်းက မှန်ချိုကျေးရွာမှာ စခန်းချထားတဲ့ စစ်ကောင်စီတပ်ဟာ ရွာအရှေ့ပိုင်းရှိ နေအိမ်တစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာဝန်းကျင် ထွက်ပြေးနေရတဲ့ ဒေသခံပြည်သူတွေကို လိုက်လံရှာဖွေကာ ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ ဒရုန်းနဲ့ တိုက်ခိုက်ခံရလို့ အထိနာသွားတဲ့ စစ်ကောင်စီတပ်ဟာ ကျေးရွာတွေကို မီးရှို့နေပြီး လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးရဲ‌ဘော်တွေက ပြောပါတယ်။ မှန်ချို၊ ဆင်မြေ၊ မထိသာနဲ့ ငါးလုံးတင် စတဲ့ကျေးရွာများမှ ရွာသူ၊ရွာသားများ ထွက်ပြေးတိမ်းရှောင်နေရတာကြောင့် ပျက်စီးဆုံးရှုံးမှုအခြေအနေ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

▪︎စစ်သင်္ဘောနှစ်စီးကို PDFများ ပေါင်းတိုက်ရာ တစ်စီး RPG ထိ

စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်ကြောင်းအတွင်း စုန်ဆင်းလာတဲ့ စစ်သင်္ဘောနှစ်စီးကို တိုက်ခိုက်ရာ တစ်စီး RPG ထိသွားတယ်လို့မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မ​တော်-တပ်ရင်း (၁) MPDFက မနေ့က ထုတ်ပြန်ပါတယ်။ မနေ့ နေ့ခင်းက ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာတဲ့ စစ်သင်္ဘောနှစ်စီးကို ချင်းတွင်းမြစ်ကမ်းတစ်နေရာမှာ ဒေသတွင်းအဖွဲ့များ ပူးပေါင်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တစ်စီးမှာ RPG တစ်လုံး ထိမှန်ခဲ့ကြောင်း ရုပ်သံဖိုင်နဲ့တကွထုတ်ပြန်ပါတယ်။ ပြည်သူ့ရဲဘော်များ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်မှုအခြေအနေကို စုံစမ်းနေဆဲလို့ အသိပေးထားပါတယ်။ အဲဒီစစ်ဆင်ရေးကို MPDF (မုံရွာခရိုင်ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်အမှတ် ၁ တပ်ရင်း)၊ မုံရွာမြို့နယ် (ပ.က.ဖ)နဲ့အတူ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ ဗိုလ်နှုတ်ခမ်းမွှေး၊ ဒေါင်းမျိုးဆက်အဖွဲ့၊ New Light ဒေသခံ ပကဖ အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။

▪︎ကြည့်မြင်တိုင်တရားရုံးအားမိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် မကျည်းတန်းတောင်ရပ်ကွက် ကမ်းနားလမ်းပေါ်ရှိတဲ့ မြို့နယ်တရားရုံးကိုဒီနေ့ (အောက်တိုဘာ ၁၅) နံနက် ၈ နာရီခွဲဝန်းကျင်မှာ Brave Eagles(UG) အဖွဲ့နဲ့ Dark Shadow (UG)တို့က ပူးပေါင်းပြီး​တော့ ရီမုမိုင်းနှစ်လုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲပါတယ်။တစ်လုံး​ပေါက်ကွဲပြီး​တော့ကျန်တစ်လုံးကို စစ်​ကောင်စီတပ်က ရှာ​တွေ့ပြီး​ဖောက်ခွဲဖျက်ဆီးခဲ့တာလို့ ​ဒေသံပြည်သူအချို့က ​ပြောပါတယ်။အဆိုပါတိုက်ခိုက်မှုကြောင့် ကြည့်မြင်တိုင်မြို့နယ် တရားရုံးရှိ ပြတင်းပေါက်မှန်အချို့နဲ့ အဆောက်အဦး အချို့ ထိခိုက်ပျက်ဆီးခဲ့​ပေမယ့်လူထိခိုက်မှုမရှိဘူးလို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။

ဆက်စပ်သတင်းများ