တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင် ၊လောင်းလုံးမြို့ပေါ်မှာ ဆိုင်ကယ်စီး လူငယ်အချို့ကိုစစ်ကောင်စီတပ်မနေ့က ပစ်ခတ်ရာ နှစ်ဦးသေဆုံးပြီး တစ်ဦး ဖမ်းဆီးခံထားရတယ်လို့သိရပါတယ်။
မနေ့က နေ့လယ် ၂ နာရီခန့်က ဆိုင်ကယ်ကိုယ်စီ စီးလာတဲ့ လူငယ်နှစ်ဦးကို လောင်းလုံးမြို့ ဆေးရုံအနီးမှာ စစ်ဆေးရေးလုပ်နေတဲ့ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ပါတယ်။
ပစ်ခတ်မှုကြောင့်လူငယ် တစ်ဦး ကျည်ထိမှန်သေဆုံးသွားပြီး ကျန်တစ်ဦးကိုလည်း စစ်ကောင်စီတပ်သားတွေ ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်ခရိုင်) ဆီကသိရပါတယ်။

စစ်ကောင်စီတပ်ဟာ လူငယ် ၂ ဦးကို “အကြောင်းမဲ့ပစ်ခတ်တာ” လို့ သပိတ်ကော်မတီက ဆိုထားပါတယ်။

Public Service Announcement
အဲဒီလူငယ် ၂ ဦးဟာ ဘယ်သူဘယ်ဝါဖြစ်မှန်း အတည်မပြုနိုင်သေးပါဘူး။
အဲဒီဖြစ်စဉ်ဖြစ်ပြီး သိပ်မကြာခင်မှာပဲ လောင်းလုံးမြို့ထဲကို ဆိုင်ကယ်အတူစီးလာတဲ့ မောင်နှမ နှစ်ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်ရာမှာ အသက် ၁၄ နှစ်အရွယ် အကိုဖြစ်သူ မောင်အောင်ဝေယံ သေဆုံးသွားပြီး အသက် ၁၂ နှစ်အရွယ် ညီမ ဖြစ်သူကတော့ ပေါင်ကို ကျည်ထိမှန်ခဲ့တယ်လို့သိရပါတယ်။
စစ်ကောင်စီဘက်က ဒီပစ်ခတ်မှုတွေနဲ့ပတ်သက်ပြီးတစုံတရာထုတ်ပြန်လာတာမရှိသေးပါဘူး။
