ရန်ကုန်မြို့မှာ မနေ့ညက လေပြင်းကျခဲ့တဲ့ ဖြစ်စဥ်အပေါ် ကြိုတင်သတိပေးချက် မထုတ်ပြန်ခဲ့တဲ့ စစ်ကောင်စီရဲ့ မိုးလေးဝသနဲ့ဇလဗေဒညွန်ကြားမှုဦးစီးဌာနက သူတို့ကြိုတင်သတိပေးခဲ့တဲ့ပုံစံနဲ့ထုတ်ပြန်တဲ့အတွက် ဝေဖန်ခံနေရပါတယ်။
ရန်ကုန်မြို့မှာ ယမန်နေ့(နိုဝင်ဘာလ ၃၀ရက်) ည ၉ နာရီခန့်ကစပြီး မြို့နယ်အများစု လေပြင်းရုတ်တရက်ကျခဲ့ပါတယ်။နေအိမ်အချို့ သွပ်မိုးလန်တာတွေ သစ်ပင်သစ်ကိုင်းကျိုးကျခဲ့ပါတယ်။ ရုတ်တရက်လေပြင်းကျတာကြောင့်ရန်ကုန်မြို့ခံတွေအထိန့်တလန့်ဖြစ်ခဲ့ကြပါတယ်။
နာရီဝက်ခန့်လေပြင်းကျပြီး လေငြိမ်သွားတဲ့အခါ မိုးဇလဌာနက အောက်ပါအတိုင်းသတင်းထုတ်ပြန်လာပါတယ်။
” ယခုလက်ရှိဖြစ်ပေါ်နေသော လေပြင်းတိုက်ခတ်ခြင်းဖြစ်စဉ်များသည် မိုးတိမ်တောင်ကြောင့်ဖြစ်ပေါ်ခြင်းဖြစ်ပါသည်။ အဆိုပါ မိုးတိမ်တောင်ဖြစ်စဉ်များသည် အချိန်တိုလေးအတွင်း ဖြစ်ပေါ်ပြီး လေပြင်းတိုက်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်းစသော မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်တတ်ပါသည်။ များသောအားဖြင့် နွေကာလမှာ ဖြစ်တတ်သော်လည်း ရာသီဉတုပြောင်းလဲလာမှုကြောင့် အခုလိုမျိုး ဖြစ်ပွားရခြင်း ဖြစ်ပါသည်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနအနေဖြင့် (၂၈.၁၁.၂၀၂၂)ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်တွင် ကြိုတင်သတိပေးချက်ထုတ်ပြန်ပေးခဲ့ပြီးဖြစ်ပါသည်” လို့ ထုတ်ပြန်လာပါတယ်။

Public Service Announcement
ကြိုတင်သတိပေးချက် လုံလောက်အောင် မထုတ်ပြန်နိုင်ခဲ့ဘဲ လေပြင်းကျပြီးမှ ထုတ်ပြန်တဲ့သတင်းအပေါ် ဖေ့ဘွတ်ခ် သုံးစွဲသူအများစုက လှောင်ပြောင်ဝေဖန်နေကြပါတယ်။
“တော်သေးတာပေါ့ လေ ပြင်းတိုက်တဲ့ အထဲ page တခုလုံးပါသွားပြီ ဆိုပြီး စိတ်ပူလိုက်ရတာ။မိုးဇလ page ရယ် ခုမ ပဲ.သတိရ လို့ သတင်းပြန်တင်နေတာ ထင်နေတာ”လို့ပြည်သူတစ်ဦးကမှတ်ချက်ပေးပါတယ် ။
” မနက်မှ ထ တင်မယ်ထင်နေတာ။ခုလည်း ထတင်ရော လေတိုက်တာရပ်နေရော။တော်သေးတယ် လေတိုက်တာ ရပ်သွားလို့” လို့ ဖေ့ဘွတ်ခ် သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုထားပါတယ်။
” အိပ်ချင်မူးတူးနဲ့ဘာတေထပြောတာလဲ” လို့လည်း ဖေ့ဘွတ်ခ် သုံးစွဲသူ နောက်တစ်ဦးက လှောင်ပြောင်ထားပါတယ်။
အခြားပြည်သူတစ်ဦးကလည်း”ကြုံဖူးပါဖူး မိုးလေဝသကြိုတင်မခန့်မှန်းပဲ လေတွေတိုက်ပြီးမှ တောင်ပြော၊မြောက်ပြော အကုန်ထွက်တော့”ဟုရေးသားမှတ်ချက်ပြုပါတယ်။
မိုးဇလက ထုတ်ပြန်တယ်ဆိုတဲ့ နိုဝင်ဘာ၂၈ရက်နေ့က သတိပေးချက်မှာလည်းနေရာဒေသအလိုက်သတိပေးတာမဟုတ်ဘဲ တစ်နိုင်ငံလုံးကို ယေဘူယျဆန်ဆန်ထုတ်ပြန်ချက်တစ်ခုသာ ဖြစ်ပါတယ်။
“ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့မှလေနွေးများနှင့်တရုတ်ပြည်မကြီးပေါ်ရှိလေဖိအားကြီးရပ်ဝန်းဒေသမှရွေ့လျားလာသောလေအေးများတွေ့ဆုံမှုကြောင့်ရှမ်းပြည်နယ်(တောင်ပိုင်းနှင့်အရှေ့ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် နေပြည်တော်၊မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နိုဝင်ဘာ ၃၀ရက်မှ ဒီဇင်ဘာ ၄ရက်အတွင်း နေရာကွက်ကျားမှ နေရာကျဲကျဲမိုးထစ်ချုန်းရွာနိုင်ပါသည်”လို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းကလွဲပြီး ကျန်တိုင်းနဲ့ပြည်နယ်အားလုံးကို သတိပေး ထားတာဖြစ်ပြီး ရန်ကုန်မြို့မှာ မနေ့ညက လေပြင်းတိုက်နိုင်တာကို ကြိုတင်သတိပေးခဲ့သယောင် ထပ်ဆင့်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီလက်အောက်ခံ မိုးဇလဌာနရဲ့ ထုတ်ပြန်ချက်ဟာ လုံးဝအကျိုးမရှိတဲ့အပြင် မကြာခဏမှားယွင်းခဲ့တယ်လို့ ဧရာဝတီတိုင်းက လယ်သမားတစ်ဦးကပြောပါတယ်။
မိုးဇလဌာနရဲ့ ညွှန်ကြားရေးမှုးချုပ် ဟာ စစ်တပ်ကနေပြောင်းလာတဲ့ ဦးကျော်မိုးဦးဆိုသူဖြစ်ပြီးတော့ ဦးကျော်မိုးဦးဟာ သူ့တာဝန်ကို သူ နိုင်နင်းအောင်မထမ်းဆောင်နိုင်ဘူးလို့ မိုးဇလဌာန ဝန်ထမ်းအချို့ကပြောပါတယ်။
” ရုတ်တရက်ရာသီဥတုဖောက်ပြန်လာတာကို ကြောက်လန့်ပြီး မိုးဇလက မလိမ့်တပတ်ထုတ်ပြန်နေတာ။ဘာ ပညာမှ တကယ်မတတ်ဘဲ ရုံးတက်နေကြတာ” လို့ မိုးဇလဌာန ဝန်ထမ်းဟောင်းတစ်ဦးကပြောပါတယ်။
ယခုရက်ပိုင်း မိုးလေဝသခန့်မှန်းချက်နဲ့ရာသီဥတသတိပေးချက်ကိုအမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတာမှာတော့ မိုးဇလထက် ပိုမိုတိကျခဲ့တာကိုတွေ့ရပါတယ်။
ယခုတပါတ်အတွင်းထူးခြားချက်မှာဘင်္ဂလားပင်လယ်အော်အပါအဝင် ထိုင်းပင်လယ်ကွေ့၊ တောင်တရုတ် ပင်လယ်တို့တွင် လာနီညာ သက်ရောက်မှု့ရှိနေဆဲဖြစ်သဖြင့် ပင်လယ်ရေအပူချိန်သည် ပုံမှန်ဆောင်းကာလထက် ပိုနွေးနေသဖြင့် လေပွေလှိုင်းများ၊ မုန်တိုင်းငယ်များ မကြာခဏဖြစ်ပေါ်လာနေပြီး မြန်မာနိုင်ငံကို တောင်ဘက်မှ ရေငွေ့များ ပို့လွှတ်လာနိုင်သဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းအောက်ပိုင်းဒေသများ အချိန်ခါမဟုတ် လေပွေလှိုင်းမိုး ရွာသွန်းမှုကို သတိပြုရန်လိိုအပ်တယ်လို့ နိုဝင်ဘာ ၂၈ရက်မှာ သတိပေး ထားပါတယ်။
