တမူးမှာ အမျိုးသမီးတစ်ဦး သတ်ဖြတ်ခံရတဲ့ဖြစ်စဉ် NUG စုံစမ်းစစ်ဆေးမယ်
လူမှုကွန်ရက်မှာ ပျံနှံ့နေတဲ့ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ထဲက အမျိုးသမီးတစ်ဦး လမ်းပေါ်မှာ နှိပ်စက်ခံရပြီး ပစ်သတ်ခံရတဲ့ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်သွားမယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။ အဲဒီဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရုံနဲ့ ပြီးသွားမှာမဟုတ်ဘဲ ထိုက်သင့်တဲ့ လုပ်ဆောင်မှုတွေကိုမဖြစ်မနေ လုပ်ဆောင်ရမှာဖြစ်တယ်လို့လည်း ဝန်ကြီးဦးအောင်မျိုးမင်းက ပြောပါတယ်။ တမူးမြို့နယ်က လမ်းပိုင်းတစ်နေရာမှာ အမျိုးသမီးတစ်ဦးကို ပြောက်ကျားဝတ်လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့က ရိုက်နှက်နှိပ်စက်ပြီး ပစ်သတ်ခဲ့တဲ့ ရုပ်သံဖိုင်တစ်ခု ပြီးခဲ့တဲ့ ရက်ပိုင်းက လူမှုကွန်ရက်မှာ ပျံ့နှံ့လာခဲ့ပါတယ်။ အဲဒီရုပ်သံဖိုင်ထဲမှာ လက်ထိပ်ခတ်ထားတဲ့အမျိုးသမီးကို ပြောက်ကျားဝတ် အမျိုးသမီးတစ်ဦးနဲ့အမျိုးသားအချို့က ရိုက်နှက်တာတွေ တွေ့ရပါတယ်။ ရိုက်နှက်အပြီးမှာတော့ မျက်လုံးကို စည်းလိုက်ကာ ဒူးထောက်ထိုင်ခိုင်းပြီး နောက်ကနေ မောင်းပြန်သေနတ်နဲ့ ခေါင်းကို ပစ်ကာ ပစ်သတ်လိုက်ပါတယ်။ ဒီလုပ်ရပ်ကိုကျုးလွန်တဲ့ အဖွဲ့အစည်းကိုတော့မသိရသေးပါဘူး။ NUG လူ့အခွင့်အရေးဝန်ကြီးကတော့ သွေးဆာနေတဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရာမှာ ကျင့်ဝတ်တွေ၊ လုပ်ထုံးလုပ်နည်းတွေမှန်ကန်ဖို့ လိုတယ်လို့ ထောက်ပြထားပါတယ်။

အင်းစိန်ထောင်မှာ အရာရာကူညီခဲ့ဖူးတဲ့ ကွယ်လွန်သူ ကိုခင်မောင်ရွှေအကြောင်း ရှောင်တာနဲလ်မျှဝေ
မြန်မာနိုင်ငံမှာ အကျဉ်းကျခံနေရချိန် အတောအတွင်း သူ့ကို အနီးကပ် ကူညီစောင့်ရှောက်ပေးခဲ့သူ ကိုခင်မောင်ရွှေရဲ့အကြောင်းကို မကြာခင်ကလွတ်မြောက်လာတဲ့ စီးပွားရေးပညာရှင် ရှောင်တာနဲလ်က သူ့ရဲ့Facebookမှာ အမှတ်တရ ပြန်လည် ဝေမျှခဲ့ပါတယ်။ ချစ်ခင်ရတဲ့ မိတ်ဆွေဖြစ်သူ ကိုခင်မောင်ရွှေဟာ သူ့အတွက် အမြဲတမ်း ရပ်တည်ပေးခဲ့သူ တစ်ဦးဖြစ်တယ်လို့ဩစတြေးလျ စီးပွားရေး ပညာရှင်တာနဲလ်က ဆိုပါတယ်။ အစ္စလာမ်ဘာသာဝင် ကိုခင်မောင်ရွှေဟာ သူ့ကို ကျန်းမာအောင်၊ အဆင်ပြေအောင် အရာရာ ကူညီပေးပြီး သူ့အသက်ကို ကယ်ခဲ့သူလို့ ရှောင်တာနဲလ်က ရည်ညွှန်းထားပါတယ်။ ဒါပေမဲ့ ကိုခင်မောင်ရွှေဟာ အင်းစိန်ထောင်ထဲမှာ ထောင်စောင့်ဝန်ထမ်းတွေက သေတဲ့အထိ ရိုက်နှက် ကန်ကျောက်မှုတွေ ခံခဲ့ရတယ်လို့ တာနဲလ်က ဆိုပါတယ်။ ရှောင်တာနဲလ်ကို အင်းစိန်ထောင်ကနေ နေပြည်တော်ထောင်ကို ပြောင်းရွှေ့လိုက်ပြီး တစ်လလောက် အကြာမှာ ကိုခင်မောင်ရွှေ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ ကိုခင်မောင်ရွှေဟာ သူရဲကောင်း တစ်ဦးဖြစ်ပြီး သူအသက်ရှင်နေသမျှ ကာလပတ်လုံး အမှတ်ရ ဂုဏ်ပြုနေမိမယ်လို့လည်း ရှောင်ကရေးသားထားပါတယ်။

ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီရဲ့ လေယာဥ်ဆီတင်ရေယာဉ်တွေ တိုက်ခိုက်ခံရ
စစ်ကိုင်းတိုင်း၊ ချောင်းဦးနဲ့ ဆားလင်းကြီးမြို့နယ််ကြား ချင်းတွင်းမြစ်အတွင်း ဆန်တက်လာတဲ့ စစ်ကောင်စီရဲ့ လေယာဥ်ဆီတင် မော်တော်ရေယာဉ်တွေကို မဟာမိတ်အဖွဲ့များက တိုက်ခိုက်ခဲ့ရာ တစ်စီးပျက်စီးပြီး အများအပြားထိခိုက်သေဆုံးတယ်လို့ ချင်းတွင်းတိုက်ဂါးအဖွဲ့က ထုတ်ပြန်ပါတယ်။ ဧရာဝတီမြစ်မှ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီရဲ့ လေယာဥ်ဆီပါ ဖလပ်ခွံမော်တော်တွေကို နိုဝင်ဘာ၂၇ ရက် မနက်ပိုင်းက ချောင်းဦးမြို့နယ် နဲ့ ဆားလင်းကြီးမြို့နယ်ကြားမှာ စတင်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ တိုက်ပွဲကြာချိန် ၁ နာရီခွဲခန့်အတွင်း စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်းသေဆုံးပြီး လေယာဥ်ဆီပါ ဖလပ်ခွံတစ်စီးလည်း လက်နက်ကြီးထိမှန်ပျက်စီးခဲ့တယ်လို့ ချင်းတွင်းတိုက်ဂါးအဖွဲ့က အသိပေးပါတယ်။ စစ်အုပ်စုဘက်က အထိနာလို့ မုံရွာမြို့မှ တပ်ကူလာတဲ့ စစ်ကောင်စီရဲ့ မော်တော်နှစ်စီးကို ညနေပိုင်းမှာ ထပ်မံတိုက်ခိုက်ခဲ့ရာ မော်တော်များပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးထက်မနည်း သေဆုံးသွားတယ်လို့ ချင်းတွင်းတိုက်ဂါးအဖွဲ့က ထုတ်ပြန်ပါတယ်။

Public Service Announcement
ရွှေဘို – မြစ်ကြီးနားလမ်း၌ စစ်ကားသုံးစီးမိုင်းထိ
စစ်ကိုင်းတိုင်း၊ ရွှေဘို-မြစ်ကြီးနားလမ်းမကြီးပေါ်မှာ စစ်ကောင်စီယာဥ်တန်း သုံးစီးကို မိုင်းဆွဲတိုက်ခိုက်ရာ တစ်စီးမီးလောင်ပျက်စီးပြီး ထိခိုက်သေဆုံးမှုအများအပြားရှိတယ်လို့ Northern Tigers Group (NTG)အဖွဲ့ တာဝန်ခံက ပြောပါတယ်။ နိုဝင်ဘာ၂၉ ရက်က ရွှေဘို-မြစ်ကြီးနားလမ်းမကြီး၊ လမ်းပိုင်းတစ်နေရာမှာ စစ်ကောင်စီ ယာဉ်သုံးစီးကို မိုင်းဆွဲခဲ့တာဖြစ်ပြီး တစ်စီးမီးလောင်ပျက်စီးကာ နှစ်စီးမှာလည်း ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။ စစ်ကောင်စီသတင်းပေးရဲ့ပြောကြားချက်အရ အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၁၂ ဦးသေတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်ပေမယ့် မဟာမိတ်အဖွဲ့များ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ဆင်ရေးကို Northern Tigers Group (NTG)နဲ့အတူ နဂါးညီနောင် Twin Dragons၊ မော်ကွန်းညီနောင် အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့လို့ ပြောပါတယ်။
စစ်အုပ်စု မီးရှိူ့သွားတဲ့ မိုင်းထိစစ်ကားပေါ်မှ ကျည်ထောင်ချီ သိမ်းဆည်းနိုင်ခဲ့
မကွေးတိုင်း၊ မြိုင်နဲ့ ပေါက်မြို့နယ်အစပ်မှာ စစ်ကောင်စီတပ်ရဲ့ ရိက္ခာတင်ယာဉ် မိုင်းထိပြီးနောက် အဲဒီကားပေါ်မှ ကျည်ဆန်ထောင်ချီ သိမ်းဆည်းနိုင်ခဲ့တယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ကိုလက်ျာက ပြောပါတယ်။ ဒီဇင်ဘာ၂ ရက် မနက်ပိုင်းက မြိုင်နယ်နဲ့ ပေါက်မြို့နယ်အစပ် တဲကြီးရွာနဲ့ နယ်သတ်ရွာကြားမှာ စစ်ကောင်စီယာဥ် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် မီးရှို့ထားခဲ့တဲ့ စစ်ကြောင်းထံမှ အေကေ ကျည် ၂၆၂တောင့်၊ ၇.၆၂ ကျည် ၃၀၆၉တောင့်၊ (၉)မမကျည် ၅၀တောင့် ၊ရဲဝတ်စုံ ၅ စုံတို့ကို မနေ့က မနေ့က သိမ်းဆည်းရရှိခဲ့တာလို့ ဆိုပါတယ်။ အဲဒီစစ်ကောင်စီယာဉ်မှာ နိုဝင်ဘာ ၃၀ ရက်က ပခုက္ကူ၊ ကမ္မဘက်မှ ကျောက်ခွက်စခန်း၊ ဖလန်ကိုင်းစခန်းများသို့ ရိက္ခာပို့ဖို့ ထွက်လာခဲ့ခြင်းဖြစ်ပြီး တဲကြီးရွာနဲ့ နယ်သတ်ရွာကြားမှာ မိုင်းထိခဲ့တာပါ။ ကားမှာမိုင်းထိပြီးနောက် နယ်သတ်ရွာအနီးမှာ ရပ်တန့်ခဲ့ရကာ ဒရုန်းတွေနဲ့ ထပ်မံတိုက်ခိုက်ခံခဲ့ရသေးတယ်။


ဒီပဲယင်းမှ ကျေးရွာများကို စစ်ကောင်စီတပ် ဆက်တိုက်မီးရှို့ဖျက်ဆီး
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးမှုများ ဆက်တိုက် လုပ်ဆောင်နေရာက် မနေ့ကနဲ့ ဒီနေ့မနက်အတွင်း ညောင်လှ၊ နများနဲ့ ယဉ်ကျေးရွာမှ ပြည်သူလူထုနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ်ညီနောင်များက အသိပေးထုတ်ပြန်ထားပါတယ်။ မင်းအောင်လှိုင်ကျွန် အကြမ်းဖက်တွေက ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းညောင်လှကျေးရွာ ဘုန်းကြီးကျောင်းသီလရှင်ကျောင်းဆောင်များအပါအဝင် နေအိမ် (၆၅)လုံးမီးရှို့ဖျက်ဆီးခံရတယ်လို့ သိရပြီး မူးရိုးကုန်းကျေးရွာဘက်ကို ဆက်လက် ဦးတည်နေပြီမို့ ပြည်သူအားလုံး ဘေးကင်းကြပါစေလို့ ဒီပဲယင်းမြို့နယ်ညီနောင်များက ပြောပါတယ်။ စစ်ကောင်စီတပ်များ ဦးတည်စစ်ကြောင်းထိုးလာတဲ့ ကျေးရွာများမှ ပြည်သူများ ဘေးလွတ်ရာသို့ တိမ်းရှောင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။ ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းကျေးရွားများကို စစ်ကောင်စီတပ်က အကြိမ်ကြိမ်စစ်ကြောင်းထိုးနေခြင်းကြောင့် ပြည်သူများ အကြိမ်ကြိမ်စစ်ရှောင်နေကြရပါတယ်။



တစ်ရက်တည်း ၄ ကြိမ်အထိ လေကြောင်းတိုက်ခံရပြီးနောက် ဒေသခံများထွက်ပြေးတိမ်းရှောင်
ကော်သူးလေအုပ်ချုပ်နယ်မြေ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင် တပ်မဟာ(၃)အတွင်းရှိ ကျေးရွာ(၃)ရွာကို စစ်တပ်က တစ်ရက်တည်း လေကြောင်းကနေ (၄)ကြိမ်အထိ တိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေကြရတယ်လို့ KNU က သတင်းထုတ်ပြန်ပါတယ်။ ဒီဇင်ဘာလ ၂ ရက် ညနေ စော်သဲခီးကျေးရွာအုပ်စု၊ ကဟီးဒေးကျေးရွာအတွင်းသို့ လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်၊ လယ်ဝါးကျေးရွာအုပ်စု လယ်ဝါးကျေးရွာအတွင်းသို့ လေကြောင်းတိုက်ခိုက်မှု တစ်ကြိမ်၊ လယ်ဒို(ကျောက်ကြီး)မြို့နယ် ကွီးလာကျေးရွာအတွင်းသို့ လေကြောင်းတိုက်ခိုက်မှု တစ်ကြိမ် စုစုပေါင်းလေးကြိမ် ပြုလုပ်ခဲ့တာပါ။ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူလူထုများ ထိခိုက်ဒဏ်ရာရရှိမှု မရှိပေမယ့် ထိတ်လန့်ကြောက်ရွံ့ပြီး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။



















































