Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (ဒီဇင်ဘာ ၈ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎PDF စစ်ရုံးချုပ် ထူထောင်ထားပြီး စစ်ဆင်ရေးဌာနအပါအဝင် ဌာနကြီး ငါးခုဖွဲ့စည်းထား

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)စစ်ရုံးချုပ်ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ ရက်က စတင် ဖွဲ့စည်းထူထောင်ခဲ့ပြီး ဌာနကြီး (၅)ခုပါဝင်ဖွဲ့စည်းထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။ ဌာန(၅)ခုမှာ စစ်ဆင်ရေးဌာန၊ စစ်ထောက်လှမ်းရေးဌာန၊ စစ်ရေးဌာန၊ စစ်ထောက်ဌာန နဲ့ ပြည်သူ့လုံခြုံရေးဌာန တို့ဖြစ်ပြီး ဌာနအလိုက် ဌာနခွဲများ ပူးပေါင်းပါဝင်ကာ စစ်ဦးစီးရုံးက တိုက်ရိုက်တာဝန်ပေးဆောင်ရွက်တဲ့အထူးရုံးများလည်း ပါဝင်မယ်လို့ ကာကွယ်ရေးဝန်ကြီးက မနေ့က NUG ရေဒီယိုကတဆင့် အသိပေးပါတယ်။ တဖက်မှာလည်း ကာကွယ်ရေးဝန်ကြီးဌာနနဲ့ မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ ပူးပေါင်းဖွဲ့စည်းတဲ့ စစ်ဒေသ ( ၃ )ခုရှိပြီး စစ်ဒေသမှူးများအဖြစ် မဟာမိတ် ERO များရဲ့ စစ်ဖက် ထိပ်တန်းခေါင်းဆောင်များ တာဝန်ယူထားတယ်လို့ ပြောပါတယ်။

▪︎လူမျိုးစုလက်နက်ကိုင်များ၊ PDF များကို နည်းပညာဆိုင်ရာ အထောက်အပံ့များပေးမယ့် NDAA ဥပဒေမူကြမ်းကို ကန်အောက်လွှတ်တော် အတည်ပြု

အာဏာသိမ်းစစ်တပ်ကို ပိုမိုအရေးယူဒဏ်ခတ်ဖို့နဲ့ မြန်မာ့ဒီမိုကရေစီအရေးကို ပံ့ပိုးကူညီဖို့ အချက်တွေပါဝင်တဲ့ အမေရိကန်အမျိုးသားကာကွယ်ရေးဥပဒေ(NDAA)ကို အောက်လွှတ်တော်က အတည်ပြုလိုက်ပါပြီ။ ဒီနှစ် NDAA ဥပဒေကြမ်းမှာ မြန်မာပြည်ရဲ့ လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များ၊ ဒီမိုကရေစီရေးလှုပ်ရှားတဲ့ အဖွဲ့အစည်းများအနေနဲ့ ၎င်းတို့ကြားမှာသော်လည်းကောင်း၊ နိုင်ငံတကာအကူအညီပေးရေးလုပ်ငန်းတွေမှာသော်လည်းကောင်း ဆက်သွယ်ရေး၊ အမိန့်ပေးထိန်းချုပ်ကွပ်ကဲမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းခိုင်မာလာစေဖို့ နည်းပညာနဲ့ လက်နက်မဟုတ်တဲ့ အထောက်အပံ့များပေးဖို့ အချက်ကို ထည့်သွင်းထားတယ်လို့ ဝါရှင်တန်အခြေစိုက် Welson Center မှ နိုင်ငံရေးသုတေသီ ဦးရဲမျိုးဟိန်းက ရေးသားပါတယ်။ ဒီနှစ် NDAA ဥပဒေကြမ်းမှာ ထူးခြားချက်တွေပါဝင်ပြီး Burma Act တစ်ခုလုံးကို ထည့်သွင်းထားကာ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ပြီး အရပ်ဘက်အုပ်ချုပ်ရေးပြန်ထူထောင်ရန်အားပေးတဲ့ ဗမာစစ်တပ်မှတပ်ဖွဲ့ဝင်ဟောင်းများနဲ့ပတ်သက်တဲ့ အစီအစဉ်များ၊ လှုပ်ရှားဆောင်ရွက်မှုများကို ကူညီဖို့လည်း ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။ အဲဒီဥပဒေကြမ်းဟာ အထက်လွှတ်တော်ရဲ့ အတည်ပြုချက်ရရှိပြီး သမ္မတဘိုင်ဒန်လက်မှတ်ရေးထိုးပြီးရင် ဥပဒေအဖြစ် အသက်ဝင်လာမှာ ဖြစ်ပါတယ်။

(အ​မေရီကန်​အောက်လွှတ်​​တော်အစည်းအ​ဝေး)
(အ​မေရီကန်​အောက်လွှတ်​​တော်အစည်းအ​ဝေး)

▪︎ဂျီနီဗာဖွံ့ဖြိုးမှုဆိုင်ရာထိပ်သီးညီလာခံသို့ စစ်ကောင်စီကိုယ်စားလှယ် တက်ရောက်ခွင့်မရ

ဆွစ်ဇာလန်က လက်ခံကျင်းပမယ့် ထိရောက်သောဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးထိပ်သီးညီလာခံမှာ မြန်မာစစ်ကောင်စီကိုယ်စားလှယ်ကို တက်ရောက်ခွင့်ပေးမှာမဟုတ်ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံရုံးက မနေ့က ထုတ်ပြန်ပါတယ်။ ကုလသမဂ္ဂအထွေထွေညီလာခံ(UNGA)မှ တရားဝင်အသိအမှတ်ပြုတဲ့ အစိုးရကိုယ်စားလှယ်များကို ဂျီနီဗာထိပ်သီးညီလာခံသို့ တက်ရောက်ခွင့်ပြုမှာဖြစ်ပြီး လက်ရှိအချိန်အထိ စစ်ကောင်စီရဲ့ ကိုယ်စားလှယ်ကို UNGA က အသိအမှတ်မပြုသေးဘူးလို့ ဖော်ပြပါတယ်။ အဲဒီလို တရားမဝင်စစ်ကောင်စီကို တက်ရောက်ခွင့်ပြုမှာမဟုတ်တဲ့ ဆွစ်ဇာလန်အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုတယ်လို့ Justice For Myanmarက ဒီနေ့ ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

▪︎ဖရူဆိုမြို့တိုက်ပွဲမှာရရှိခဲ့တဲ့ ဒဏ်ရာနဲ့ ရဲဘော်ဂျေရိုမ်း ကျဆုံး

ကရင်နီပြည်နယ် ဖရူဆိုမြို့တွင်းတိုက်ပွဲမှာ ဒဏ်ရာရရှိခဲ့တဲ့ ရဲဘော်ဂျေရိုမ်းဟာ အဲဒီဒဏ်ရာနဲ့ပဲ ကျဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း(၄)က ဒီနေ့အသိပေးပါတယ်။ ဒီဇင်ဘာ ၄ ရက်က ရဲဘော်ဂျေရိုမ်းဟာ နယ်မြေရှင်း တိုက်ပွဲဖြစ်ရင်းနဲ့ မိုင်းနင်းမိတဲ့ဒဏ်ရာကြောင့် ကျဆုံးခဲ့ရတာလို့ KNDFတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ အာဏာသိမ်းစစ်ကောင်စီတပ်ကို တော်လှန်နေတဲ့ ကာလတစ်လျှောက် KNDF တပ်ရင်း (၄)ရဲ့ ပထမဆုံးကျဆုံးခဲ့ရတဲ့ ရဲဘော်ဖြစ်ပါတယ်။ စစ်အာဏာရှင်ကိုတော်လှန်ရင်း မြင့်မြတ်စွာကျဆုံးခဲ့တဲ့ ရဲဘော် ဂျေရိုမ်းကို ကရင်နီအမျိုး သားများကာကွယ်ရေးတပ် တပ်ရင်း(၄)မှ အာဇာနည်သူရဲကောင်း တစ်ဦးအဖြစ် မှတ်တမ်းတင်ဂုဏ်ပြုပါတယ်။

(ရဲဘော် ဂျေရိုမ်း၏ စျာပနအခမ်းအနားပြုလုပ်နေစဥ်၊ဓာတ်ပုံ- KNDF)
(ရဲဘော် ဂျေရိုမ်း၏ စျာပနအခမ်းအနားပြုလုပ်နေစဥ်၊ဓာတ်ပုံ- KNDF)

▪︎နမ့်ဆန်မှာ တိုက်ပွဲဆက်ဖြစ်နေပြီး စစ်ကောင်စီ လေကြောင်း၊လက်နက်ကြီးအသုံးပြု

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်မှာ မနေ့က စတင်ခဲ့တဲ့ တိုက်ပွဲမှာ ဒီနေ့ နေ့လယ်ပိုင်းအထိ ဆက်လက်ဖြစ်ပွားနေတယ်လို့ တအာင်းတပ်မတော်(TNLA) သတင်းနှင့် ပြန်ကြားရေးဌာနမှူး ဒုဗိုလ်မှူးကြီး တာအိုက်ကျော်က ပြောပါတယ်။ ဒီဇင်ဘာ ၇ ရက်မွန်းလွဲ၂ နာရီခွဲကစလို့ TNLA စစ်ဒေသ(၂) နမ့်ဆန်မြို့နယ် ဟူမန်းကျေးရွာနဲ့ ကုန်းသာကျေးရွာအနီးသို့ စစ်ကောင်စီတပ်က လေယာဉ် ငါးစီးနဲ့ စတင်တိုက်ခိုက်ခဲ့တာပါ။ တိုက်ပွဲဟာ ဒီနေ့ နေ့ခင်းအထိဆက်လက်ဖြစ်ပွားနေပြီး နမ့်ဆန်ဘက်ကရော မန်တုံဘက်ကရော လက်နက်ကြီးနဲ့ တိုက်ပွဲဖြစ်တဲ့အခြမ်းကိုလှမ်းပစ်နေတာရှိတယ်လို့ ဒုဗိုလ်မှူးကြီးတာအိုက်ကျော်က ပြောပါတယ်။ တိုက်ပွဲဖြစ်စဥ်အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

▪︎’အသက်လျော်ကြေးစစ်ဆင်ရေး’အမည်နဲ့ မြောက်ဥက္ကလာရှိ စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်

မတရားသဖြင့် သေဒဏ်ချမှတ်ခံရတဲ့ ရဟန်း ရှင်လူများနဲ့ ကျောင်းသားများအတွက် ရည်ရွယ်လက်စားချေတဲ့အနေဖြင့် ‘အသက်လျော်ကြေး စစ်ဆင်ရေး’ဟု အမည်ပေးကာ ရန်ကုန်မြို့ မြောက်ဥက္ကလာမြို့နယ် သုံးလမ်းဆုံအနီးရှိ စစ်ဆေးရေးဂိတ်ကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Yangon UG Association ပြန်ကြားရေးတာဝန်ခံ ဆရာကျောင်းက ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းတိုက်ခိုက်မှုကြောင့် ယာဉ်ထိန်းရဲတစ်ဦးသေဆုံးပြီး စစ်သား၊ ရဲ နဲ့ ယာဉ်ထိန်းရဲ စုစုပေါင်း ခုနစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ YUA ကထုတ်ပြန်ထားပါတယ်။ နောက်ပိုင်းဆက်လုပ်မယ့် မစ်ရှင်တွေကိုလည်း အသက်လျော်ကြေးစစ်ဆင်ရေးအနေနဲ့ အဓိကက ယူနီဖောင်းနဲ့ ရပ်ကျေးတွေကို တိုက်ခိုက်သွားမှာဖြစ်တယ်လို့ ဆရာကျောင်းက ဆိုပါတယ်။

▪︎မိုးကုတ်မှာ စစ်အုပ်စုအနီး ပြည်သူများရှိနေလို့ စစ်ဆင်ရေး ငါးခု ဖျက်သိမ်းခဲ့ရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာ စစ်အုပ်စုအနီး ပြည်သူတွေရှိနေလို့ တိုက်ခိုက်ဖို့ ပြင်ဆင်ထားတဲ့ စစ်ဆင်ရေးငါးခုကို ဖျက်သိမ်းခဲ့ရတယ်လို့ မိုးကုတ်ဗျူဟာတပ်ရင်း(၁)Red Wolves Of Mogok အဖွဲ့က အသိပေးပါတယ်။ ပြည်သူများ အသွားအလာဆင်ခြင်ပေးကြဖို့၊ စစ်အုပ်စုဝင် စစ်သား၊ရဲများနဲ့ ဝေးရာမှာ နေကြဖို့ မကြာခဏသတိပေးခဲ့ပေမယ့် လိုက်နာခြင်းမရှိခဲ့လို့ တပ်ရင်းက ပြုလုပ်မယ့် စစ်ဆင်ရေးငါးခုကို ဖျက်သိမ်းခဲ့ရတယ်လို့ ဒီနေ့ထုတ်ပြန်ပါတယ်။ ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ မိုးကုတ်မြို့ပြင် မြို့တွင်း မလိုအပ်ဘဲ သွားလာခြင်းမပြုဘဲ အသွားအလာဆင်ခြင်ပေးကြဖို့၊ စစ်ကောင်စီတပ်နဲ့ ပတ်သက်ဆက်နွယ်နေတဲ့ နေရာများ၊ အရာများကို လုံး၀(လုံး၀) ရှောင်ကြဉ်ပေးကြဖို့၊ စစ်ကောင်စီကို အကူအညီဖြစ်စေမယ့် အရာမှန်သမျှ ရှောင်ကြဉ်ဖို့၊ ပြည်သူတွေ ကားများကိုလည်း မြို့တွင်း/မြို့ပြင် မှန်ချမောင်းပေးကြဖို့ Wolves Of Mogok အဖွဲ့က ထပ်မံသတိပေးပါတယ်။

ဆက်စပ်သတင်းများ