Connect with us

Hi, what are you looking for?

သတင်း

တိုင်းပြည်၏နိုင်ငံရေးကံကြမ္မာအလှည့်အပြောင်းအတွက် နှစ်သစ်တော်လှန်ရေးကို အင်တိုက်အားတိုက် ဆင်နွှဲရန် ယာယီသမ္မတ တိုက်တွန်း

ယာယီသမ္မက နှစ်သစ်ကူးနိုင်ငံတော်အခြေပြမိန်ခွန်းကို ယနေ့ (ဇန်နဝါရီ ၁ရက်)နံနက်တွင် ပြောကြားခဲ့ရာတွင် အထက်ပါအတိုင်းတိုက်တွန်းခဲ့ခြင်းဖြစ်သည်။

ယာယီသမ္မတ ဒူဝါလရှီးလ
ယာယီသမ္မတ ဒူဝါလရှီးလ

▪️စစ်အုပ်စု၏ရက်စက်ကြမ်းကြုတ်မှုများကိုခုခံရာ၌ ကြံ့ကြံ့ခံနိုင်ရန်အရေးကြီးပြီး အရှိန်မြှင့် တော်လှန်ကြရန် ပြောကြား

၂၀၂၃ ခုနှစ်သည် တိုင်းပြည်၏ နိုင်ငံရေးကံကြမ္မာအလှည့်အပြောင်းအတွက် အင်မတန်အရေးကြီးသည့် နှစ် တစ်နှစ်ဖြစ်သည်ကို လုံး၀ ယုံကြည်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားပြီး နှစ်သစ်တော်လှန်ရေးကို ဆက်လက်ဆင်နွှဲသွားကြရန် တိုက်တွန်းခဲ့သည်။

ယာယီသမ္မက နှစ်သစ်ကူးနိုင်ငံတော်အခြေပြမိန်ခွန်းကို ယနေ့ (ဇန်နဝါရီ ၁ရက်)နံနက်တွင် ပြောကြားခဲ့ရာတွင် အထက်ပါအတိုင်းတိုက်တွန်းခဲ့ခြင်းဖြစ်သည်။

“၂၀၂၃ ခုနှစ်ဟာတော်လှန်ရေးအတွက်အရေးကြီးတဲ့နှစ်ဖြစ်ပါတယ်။ ဒီအကြမ်းဖက်စစ်အုပ်စုကို ဖယ်ရှားနိုင်ဖို့နဲ့ တိုင်းရင်းသားပြည်သူ အားလုံးလိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ထူထောင်ဖို့ဆိုရင် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးဆက်လက် အားစိုက်တော်လှန်ကြဖို့လိုပါတယ်။ တပြိုင်တည်းမှာ တော်လှန်ရေးကို ဦးဆောင်နေကြတဲ့ အစုအဖွဲ့တွေအနေနဲ့ ညီညီညွတ်ညွတ် စည်းစည်းလုံးလုံး မဟာဗျူဟာ ကျကျ လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်ဖို့လိုပါတယ်။ အကြမ်းဖက်စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ခုခံတော်လှန်ရာမှာ ကြံ့ကြံ့ခံနိုင်ဖို့ က အင်မတန်အရေးကြီးပါတယ်” ဟု ယာယီသမ္မတက ပြောသည်။

အကြမ်းဖက်စစ်အုပ်စုသည် ပြည်သူလူထုနှင့် တော်လှန်ရေးအင်အားစုများ ခြေကုန်လက်ပန်းကျလာမည့် အချိန်ကိုစောင့်နေ၍ တော်လှန်ရေးကို အရှိန်မြှင့်တင်ပြီး ဆက်လက်ကြိုးစားရမည် ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်အုပ်စုအနေဖြင့် မမှန်မကန်သတင်းများ ဝါဒဖြန့်ပြီး တော်လှန်ရေးအင်အားစု အချင်းချင်းအကြား၊ သွေးခွဲနေသည်ကို သတိပြုရမည်ဖြစ်သကဲ့သို့ တော်လှန်ရေးအင်အားစုအချင်းချင်းအကြား အပြုသဘောဆောင်သည့် ဝေဖန်ထောက်ပြမှုအစား ကွဲပြားစေမည့်သတင်းစကားများကို သတိထားရှောင်ကြဉ်ရမည်ဖြစ်ကြောင်းလည်း ယာယီသမ္မတက သတိပေးသည်။

“ဘာလို့လဲဆိုရင် တော်လှန်ရေး အောင်မြင်မှု သော့ချက်ဟာ တော်လှန်ရေးအင်အားစုနဲ့ ပြည်သူလူထု အားလုံးရဲ့ စည်းလုံးညီညွတ်မှုအပေါ်မှာ ရာနှုန်းပြည့်တည်မီနေတဲ့အတွက်ဖြစ်ပါတယ်။ ဒီတော်လှန်ရေးဟာ တိုင်းရင်းသား ပြည်သူအားလုံးနဲ့ တော်လှန်ရေးအင်အားစု အားလုံးညီညီညွတ်ညွတ် ဆင်နွှဲနေကြတဲ့ တိုက်ပွဲမို့လို့ အောင်ကို အောင်ရမယ်လို့ ကျနော့်အနေဖြင့် လုံး၀ ယုံကြည်ပါတယ်။ ပြီးတော့ ၂၀၂၃ ခုနှစ်ဟာလည်း တိုင်းပြည်ရဲ့ နိုင်ငံရေးကံကြမ္မာအလှည့်အပြောင်းအတွက် အင်မတန်မှ အရေးကြီးတဲ့ နှစ်တစ်နှစ်ဆိုတာကိုလုံး၀ ယုံကြည်ပါတယ်။ ဒါကြောင့် ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့အတူ တိုင်းရင်းသားလက်နက်ကိုင်များ တော်လှန်ရေးအင်အားစုများနဲ့ ပြည်သူတစ်ရပ်လုံး အင်တိုက်အားတိုက် နှစ်သစ်တော်လှန်ရေးကို ဆက်လက်ဆင်နွှဲသွားကြပါစို့”ဟု ယာယီသမ္မတက တိုက်တွန်းခဲ့သည်။

၂၀၂၂ တစ်နှစ်တာအတွင်းအစိုးရ အနေဖြင့်တိုင်းရင်းသားတော်လှန်ရေး အဖွဲ့များနှင့် ယုံကြည်မှုကိုပိုမိုတည်ဆောက်နိုင်သကဲ့သို့ လက်တွေ့ကျကျပူးပေါင်းဆောင်ရွက်မှုများကိုလည်းလုပ်ဆောင်နိုင်ခဲ့ကြောင်း ယာယီသမ္မတက ပြောကြားသည်။

လက်ရှိအချိန်ထိ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း အားလုံးနှင့်ချိတ်ဆက်ဆောင်ရွက်နိုင်သကဲ့သို့ အရေးကြီးသည့် အဖွဲ့အစည်းများနှင့်လည်း စစ်ရေးနိုင်ငံရေးပူးပေါင်းမှုများကို ဆောင်ရွက် လာနိုင်ပြီဖြစ်သည်ဟု ၎င်းက ဆိုသည်။

ထို့ပြင် ပြည်တွင်း၊ ပြည်ပရှိအရပ်ဘက်အဖွဲ့အစည်းများနှင့် လည်း ပိုမိုအားကောင်း ချိတ်ဆက်နိုင်ခဲ့ပြီး စစ်ကောင်စီကို အဘက်ဘက်ကနေ ချိနဲ့သွားအောင်ဆောင်ရွက်လာနိုင်ပြီဖြစ်ကြောင်း ပြောကြားသည်။

“ယခုဆိုရင် စစ်ကောင်စီဟာ စစ်ရေး၊နိုင်ငံရေး၊ စီးပွားရေး လူမှုရေးနဲ့ သံတမန်ရေးစတဲ့ ကဏ္ဍတွေမှာ ထိုးနှက်မှုဒဏ်ကို ခံနေရပြီး အင်အားချိနဲ့နေပြီဖြစ်ပါတယ်။ နိုင်ငံတကာ မျက်နှာစာကို ကြည့်မယ်ဆိုရင်လည်း စစ်အုပ်စုဟာ အရှုံးကြီးရှုံးနေပါပြီ။ စစ်အုပ်စုအနေနဲ့နိုင်ငံတကာရဲ့ဖယ် ကျဉ်မှုကို ခံနေရတဲ့အချိန်မှာ အမျိုးသားညီညွတ် ရေးအစိုးရ ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုတွေကတော့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ လက်တွေ့ကျတဲ့ အားပေးထောက်ခံမှုနဲ့ ဝန်းရံအားပေးမှုတို့ကို ရရှိနေပြီဖြစ်တယ်ဆိုတာ ပြီးခဲ့တဲ့ သုံးလေးလက အနေအထားကိုကြည့်ရင်လယ်ပြင်မှာ ဆင်သွားသလို ထင်ထင်ရှားရှားမြင်နေရပြီဖြစ်ပါတယ်”ဟု ယာယီသမ္မတက ပြောကြားသည်။

ထို့အပြင် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းအနေဖြင့် စစ်ကောင်စီကတင်သွင်းသည့် ကိုယ်စားလှယ်ကို ပယ်ချပြီး အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပြည်သူလူထုကို ကိုယ်စားပြုတဲ့သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုကုလ သမဂ္ဂမှာ မြန်မာ့ကိုယ်စားပြုရန် ဆက်လက်ထားရှိမှု၊ မြန်မာနိုင်ငံ ကုလသမဂ္ဂအဖွဲ့ဝင်ဖြစ်လာပြီးနောက် သမိုင်းတလျှောက် ပထမဦးဆုံး မြန်မာ့အရေးနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်ကိုကုလသမဂ္ဂ လုံခြုံရေးကောင်စီက ချမှတ်နိုင်ခဲ့မှု၊ အာဆီယံထိပ်သီးအစည်းအဝေး၌ အကြမ်းဖက် စစ်အုပ်စုခေါင်းဆောင်များနှင့် ၎င်း၏ နိုင်ငံခြားရေးဝန်ကြီးတို့ကို ဖယ်ကျဉ်ထားမှု၊ အာဆီယံ ကာကွယ်ရေးဝန်ကြီး အစည်းအဝေး၌လည်း စစ်ကောင်စီ၏ ကာကွယ်ရေးဝန်ကြီးကိုချန်လှပ်ထားမှု၊ အမေရိကန် ပြည်ထောင်စုက ပြဌာန်းလိုက်သည့် NDAA ဥပဒေ၌ ဘားမားအက်ကိုထည့်သွင်းပြီး အကြမ်းဖက်စစ်ကောင်စီကို တော်လှန်တိုက်ပွဲဝင်နေကြသည့် NUG၊ NUCC၊ CRPH၊ ERO၊ CDM၊ PDF တို့ကို အကူအညီပေးဖို့ အတည်ပြုခဲ့မှု အခြေအနေများကို ယာယီသမ္မတက မီးမောင်းထိုး ပြောကြားခဲ့သည်။

“ဒါဟာ လွတ်လပ်မှု ၊ တရားမျှတမှုနဲ့ ဒီမိုကရေစီရေးအတွက်တိုက်ပွဲ ဝင်နေကြတဲ့ ပြည်သူလူထုရဲ့ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြု ကူညီလိုက်တာပဲဖြစ်ပါတယ်။ ဒါကြောင့် စစ်အုပ်စုဟာ နိုင်ငံတကာ စာမျက်နှာမှာ နေရာမရတော့ဘူးဆိုတာ အထင်းသား မြင်နေရပြီဖြစ်ပါတယ်” ဟု ယာယီသမ္မတက ပြောကြားသည်။

ယခုကဲ့သို့ တော်လှန်ရေးအဖွဲ့အစည်းများ အဘက်ဘက်က အသာစီးရယူနေချိန်တွင် စစ်ကောင်စီက ထွက်ပေါက်မရှိတော့၍ အတုအယောင်ရွေးကောက်ပွဲကို ဖန်တီးပြီး ထွက်ပေါက်ရှာနေပြီဖြစ်သည်ဟုဆိုသည်။

“အကြမ်းဖက်စစ်အုပ်စုရဲ့ ရွေးကောက်ပွဲဆိုတာ ၎င်းတို့ရဲ့ အာဏာသက်ဆိုးရှည်ရေး သူတို့ရင်ဆိုင်နေရတဲ့ စစ်ရေး နိုင်ငံရေး အကြပ်အတည်းတွေကို လျော့ချနိုင်ရေးအတွက် ရည်ရွယ်ချက် လုပ်ကြံတဲ့ ဆင်သေကို ဆိတ်သရေနဲ့ ဖုံးချင်တဲ့ နိုင်ငံရေးလှည့်ကွက် နိုင်ငံရေးထောင်ချောက်သပ်သပ်ပဲဖြစ်ပါတယ်။ ဒါကြောင့် စစ်အုပ်စုက ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်တော်လှန်ရမှာဖြစ်ပါတယ်”ဟု ယာယီသမ္မတက ပြောကြားသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

အမေရိကန်နိုင်ငံရေးအခင်းအကျင်းမှာ ၂၀၂၆ ခုနှစ်အလယ်သက်တမ်းရွေးကောက်ပွဲကို မျက်စိကျလာနေချိန်မှာ သမ္မတဒေါ်နယ်ထရမ့်အတွက် စိုးရိမ်စရာအချက်တစ်ခု ထင်ထင်ရှားရှားပေါ်လာနေပါတယ်။ အဲဒါကတော့ နှစ်ပေါင်းများစွာ သူ့ရဲ့ နိုင်ငံရေးအင်အား အခြေခံအဖြစ် ရပ်တည်ခဲ့တဲ့ အလုပ်သမားတန်းစား လူဖြူ မဲဆန္ဒရှင်တွေကြားမှာ စီးပွားရေးအပေါ် ယုံကြည်မှု လျော့နည်းလာခြင်းပါ။

ဆောင်းပါး

နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့ စစ်မျက်နှာတွေအနက် ချင်းပြည်နဲ့ မကွေးတိုင်းတို့ရဲ့ စစ်ရေးမျက်နှာစာ ချိတ်ဆက် ဆက်စပ်နေမှုဟာ စိတ်ဝင်စားဖွယ် မဟာဗျူဟာ အလှည့်အပြောင်းကို ဖော်ဆောင်နေပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)-MDY-PDFအထူးလှုပ်ရှားတပ်မက တော်လှန်ရေးကာလအတွင်းကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရတဲ့ ရဲဘော်၁၂၄ ဦးကို ဂုဏ်ပြုတဲ့ အခမ်းအနား ကျင်းပခဲ့ပါတယ်။

ဆောင်းပါး

စစ်တပ်က​တော်လှန်​ရေးတပ်ဖွဲ့​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့​ဒေသ​တွေကို အင်အားအများအပြားနဲ့တန်ပြန်ထိုးစစ်ဆင်လာတာမှာ ​တော်လှန်​ရေးတပ်​တွေရဲ့ခုခံတိုက်ခိုက်မှု​ကြောင့် ​ဒေသအနှံအပြားမှာတိုက်ပွဲ​တွေပြင်းထန်​နေပါတယ်။