စစ်အုပ်စုထိခိုက်မှုရှိပြီး ၎င်းတို့ပစ်ခတ်မှုကြောင့် ပြည်သူနှစ်ဦးသေဆုံး
မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်အား ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်အုပ်စုထိခိုက်မှုရှိပြီး ၎င်းတို့ပစ်ခတ်မှုကြောင့် ပြည်သူနှစ်ဦးသေဆုံးခဲ့ကြောင်း Myingyan Black Tiger (MBT)အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ယမန်နေ့(ဇန်နဝါရီ ၁ ရက်) နံနက် ၁နာရီခန့်က ရေစကြိုမြို့၊အမှတ် (၁)ရက်ကွက် ကပ်ကျော်ကျောင်းတိုက်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်အား Myingyan Black Tiger (MBT)နှင့် ညီနောင်မဟာမိတ် တပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ သွားရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီဘက်က လေးဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်ကောင်စီဘက်က အထိနာနေချိန် ရေစကြိုမြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းများကလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ကူတိုက်ခိုက်ခဲ့ကြောင်း Myingyan Black Tiger (MBT) သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
မဟာမိတ်များဘက်က အားသာမှုရရှိခဲ့ပြီး စခန်းသိမ်းရန် ပြင်ဆင်ချိန်တွင် စစ်ကောင်စီ၏ လက်နက်ကြီးများက ပြည်သူများ၏ နေအိမ်များသို့ ထိမှန်မှုလာ၍ ပြည်သူထိခိုက်နိုင်သောကြောင့်အပစ်ရပ်ကာ ပြန်လည်ဆုတ်ခွာပေးခဲ့သည်ဟု သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ဒေသခံ ပြည်သူအမျိုးသမီးနှစ်ဦးသေဆုံးခဲ့ပြီး အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း Myingyan Black Tiger (MBT) သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“တိုက်ပွဲအချိန်ကတော့ ၄၅ မိနစ်လောက်ကြာတယ်။”ဟု ၎င်းတာဝန်ခံက ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုတွင် Myingyan Black Tiger (MBT)နှင့်အတူ ညီနောင်မဟာမိတ်ဖြစ်ကြသော URBAN UNDERGROUND REVOLUTION FORCE(UURF-YSO)၊ Black Wolf PDF MDY၊ ခွပ်ဒေါင်းနီတပ်ဖွဲ့၊Myingyan-35 ၊ VOMDY-Front Warrior ၊ဒေါင်းညီနောင်တပ်ဖွဲ့စသည့် မဟာမိတ်တပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။
စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုအခြေအနေကို ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။


















































